ရန်ကုန် ဖေဖော်ဝါရီ ၂၅
ကူဝိတ်နိုင်ငံ၏ (၅၉) နှစ်မြောက်အမျိုးသားနေ့နှင့် (၂၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ ည ၇ နာရီတွင် ရန်ကုန်မြို့ Melia Hotel ၌ ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ဇနီးတို့ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းနှင့် ကူဝိတ်နိုင်ငံ နိုင်ငံတော်သီချင်း တို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ မြန်မာနိုင်ငံဆိုင်ရာ ကူဝိတ်နိုင်ငံ သံရုံးယာယီ တာဝန်ခံ Mr. Adel M F A Al Adghan တို့က ကူဝိတ်နိုင်ငံ၏ (၅၉) နှစ်မြောက် အမျိုးသားနေ့နှင့် (၂၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ ကူဝိတ်နိုင်ငံ သံရုံး ယာယီ တာဝန်ခံတို့က တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ဧည့်ခံပွဲသို့ တက်ရောက်လာကြသူများအား မြန်မာနိုင်ငံဆိုင်ရာ ကူဝိတ်နိုင်ငံ သံရုံး ယာယီတာဝန်ခံက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဇနီး၊ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်မြို့ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)