နေပြည်တော် ဖေဖော်ဝါရီ ၂၅
Coronavirus 2019 (COVID-19) ကြောင့် ဖြစ်ပွားသော လတ်တလောအသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ ဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်း ဆက်သွယ်ရေးကော်မတီ (ပဉ္စမအကြိမ်) ညှိနှိုင်းအစည်းအဝေးကို နံနက် ၁၁ နာရီက နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးတွင် ဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်း ဆက်သွယ်ရေးကော်မတီ ဥက္ကဋ္ဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း က COVID-19 လတ်တလောအသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အထူးသဖြင့် ဝူဟန်မြို့တွင် အဓိက ကူးစက်ပျံ့နှံ့ခဲ့သော်လည်း ယခုအခါ အခြား နိုင်ငံများအနေဖြင့် ကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် အီရန်နိုင်ငံ စသည့်နိုင်ငံများ အပါအဝင် ကူးစက်ပျံ့နှံ့မှုများပြားလာ လျက်ရှိကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံ၌ ရောဂါကူးစက်ပြန့်ပွားမှု သည် ပြည်သူလူထုအတွင်း၌ စတင် ဖြစ်ပွားခဲ့ကာ ရောဂါကူးစက်မှုနှုန်းမြင့်မားနေသည့်ကာလ Ascending phase ဖြစ်နေသည့်အတွက် ယခုကာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသည်များအား သေချာစွာ ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လက်ရှိအခြေအနေ တွင် မြန်မာနိုင်ငံအတွင်း၌ Coronavirus 2019 (COVID-19) ကြောင့် ဖြစ်ပွားသော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အတည်ပြုရောဂါလူနာ မတွေ့ရှိသေးသော်လည်း ကူးစက်ရောဂါဖြစ်ပွားမှုများသည် အချိန်၊ နေရာ မရွေး၊ လူအများ၌ ကူးစက်ဖြစ်ပွားနိုင်သဖြင့် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးတို့ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ “ပထမဦးစားပေးအရေးပေါ်” ကိစ္စရပ် (top priority emergency issue) အနေဖြင့် အထူးဂရုပြု၍ ဆက်လက်အားထုတ် ဆောင်ရွက်လျက်ရှိပါကြောင်း။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ အား အပြည်ပြည်ဆိုင်ရာဝင်ပေါက်၊ ထွက်ပေါက်များအနေဖြင့်လည်းကောင်း၊ ဆေးရုံအခြေပြုနှင့် ပြည်သူလူထု အခြေပြုအနေဖြင့်လည်းကောင်း ဆောင်ရွက်လျက်ရှိရာတွင် ပြည်သူလူထု အခြေပြု ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများသည်လည်း အရေးကြီးသော အနေအထား တွင်ပါဝင်ပြီး သက်ဆိုင်ရာနှီးနွယ် ဌာနများမှ ဆက်လက်ပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်စေရန် အတွက် COVID-19 ရောဂါအား ကူးစက်မြန်ရောဂါ (သို့) သတင်းပေးပို့တိုင်ကြားရမည့် ရောဂါအဖြစ် သတ်မှတ်နိုင်ရေး စီစဉ်လျက်ရှိပါကြောင်း၊ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း များ ဆောင်ရွက်ရာတွင် လူစုလူဝေးများ ပြုလုပ်ခြင်းအား ရှောင်ကြဉ်ခြင်းအတွက် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှလည်း တိုက်တွန်းထားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် လည်း နှိုးဆော်ချက်များ ထုတ်ပြန်ပြီးဖြစ်ကာ အကယ်၍မဖြစ် သာသဖြင့် လူအများစုဝေးသော ပွဲလမ်းသဘင်များ ဆောင်ရွက်သည့်အခါ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကျန်းမာရေး အသိပညာပေးချက်များအား လိုက်နာ ဆောင်ရွက်ရန်ဖြစ်ပါကြောင်း။
နေပြည်တော်တွင် ကျင်းပမည့် ဆရာတော်ကြီးများအား ဘွဲ့တံဆိပ်ကပ်လှူပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရန် နှီးနွယ်ဌာနများဖြင့် အစည်းအဝေးကျင်းပခဲ့ပြီး သေချာစွာ စိစစ် လုပ်ဆောင် ရန်ပြင်ဆင်ထားရှိပါကြောင်း၊ Visa ကို ကန့်သတ်ခြင်း၊ ပိတ်ပင်ခြင်းများ ဆောင်ရွက် ခြင်းသည် အရေးကြီးပြီး လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံခြားရေးဌာနများဖြင့် အဓိကပူးပေါင်း လုပ်ဆောင်သွားရန် ဖြစ်ပါကြောင်း၊ မိမိတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် မကြာမီကျင်းပရန်ရှိသည့် အာဆီယံ အဆင့် Health Cluster Meeting အား ရက် ရွှေ့ဆိုင်း ခဲ့ပါကြောင်း၊ ရောဂါဖြစ်ပွားမှုများသော နိုင်ငံများတွင် သွားရောက်တက်ရောက် နေသည့် ဝန်ကြီးဌာနအသီးသီးမှ ပညာသင်ကျောင်းသားများ အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်လာနိုင်သည့် အနေအထားများကိုလည်း ကြိုတင်ပြင်ဆင်နိုင်ရန်ဖြစ်ကြောင်း။
အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် ဆိပ်ကမ်းများ၊ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်များတွင် လုပ်ငန်းလမ်းညွှန်များအားလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသော လုပ်ငန်း လမ်းညွှန်များ နှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း၊ ရောဂါစောင့်ကြပ်ကြည့် ရှုခြင်းလုပ်ငန်းများ အား သက်ဆိုင်ရာ နှီးနွှယ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းမှုဖြင့် သေချာစွာ ဆောင်ရွက်လာနိုင်သည့် အခြေအနေသို့ ရောက်ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းမှလည်း ပြည်သူများ၏ လူမှုစီးပွားရေးတည်ငြိမ်စေရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေး၊ ကုန်သွယ်ရေးစသည့် ကဏ္ဍတို့တွင် ထိခိုက်မှုနည်းပါးစေရန် တိုက်တွန်းလျက် ရှိပါကြောင်း၊ အသစ်ဖြစ်ပွားလာသော ရောဂါများနှင့် ပြန်လည်ဖြစ်ပွား လာသောရောဂါများ ဖြစ်ပွားမှုများတွင် SARS-CoV, MERS-CoV နှင့် Avian Influenza စသည့်ရောဂါများသည် ယခု ဆယ်စုနှစ်များအတွင်း ပုံမှန်ဖြစ်ပွားလျက်ရှိကြောင်း တွေ့ရှိရသဖြင့် လူအများ၏ ကျန်းမာရေး အပြင် ဟိုတယ်နှင့်ခရီးသွားလာရေး၊ ကုန်သွယ်ရေးနှင့် လူမှုစီးပွားရေးများပါ ထိခိုက်နိုင်သည့် အတွက် ထိခိုက်နစ်နာမှုများ နည်းနိုင်သမျှ နည်းပါးစေရန်အတွက် သက်ဆိုင်ရာ နှီးနွှယ် တာဝန်ရှိသူများ အားလုံးအတူတကွ လက်တွဲဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းနှင့် ယခု ပေါင်းစပ်ညှိနှိုင်းဆက်သွယ်ရေး ကော်မတီအစည်းအဝေးကို (၁) ပတ်လျှင်တစ်ကြိမ် ပြုလုပ် သွားမည် ဖြစ်ပါကြောင်းနှင့် ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများအား အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် ယခုအစည်းအဝေး ဆုံးဖြတ်ချက်များကို စုစည်း၍ ဗဟိုကော်မတီသို့ ဆက်လက် တင်ပြသွား မည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ယင်းနောက် ဌာနဆိုင်ရာအသီးသီးမှ မိမိတို့ဝန်ကြီးဌာနနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လိုအပ်ချက်များ၊ ဆက်လက်လုပ်ဆောင်ရမည့် အရာများနှင့် ပေါင်းစပ်ညှိနှိုင်းရ မည့်အချက်များအား ဗဟိုကော်မတီသို့ တင်ပြနိုင်ရေးအတွက် အသေးစိတ်ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)