Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပြင်ဦးလွင်မြို့ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများ ဆွေးနွေးမှာကြား

နေပြည်တော် ဒီဇင်ဘာ ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ် အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ပြင်ဦးလွင်မြို့၊ တပ်မတော်ဧည့်ဂေဟာရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ပြင်ဦးလွင်မြို့ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအားဆွေးနွေးမှာကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာ မျိုးသိန်းကျော်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး၊ မြို့တော်ဝန် ဦးကျော်ဆန်း၊ ပြင်ဦးလွင်ခရိုင်မှ ဌာနဆိုင်ရာ ဝန်ထမ်းများ တက်ရောက်ကြသည်။

ရှင်းလင်းတင်ပြ

ဦးစွာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြင်ဦးလွင် ဒေသအတွင်း ကျေးလက်နေပြည်သူများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကော်ဖီစိုက်တောင်သူများ လုပ်ငန်းများဆောင်ရွက်ရာတွင် ခေတ်မီနည်း စနစ်များဖြင့်ဆောင်ရွက်နိုင်ရေး၊ စိုက်ခင်းများအတွင်းရေ ရရှိရေးတို့အတွက် ဝန်ကြီးဌာနမှ ‌ကူညီဆောင်ရွက် ပေးနေမှုအခြေအနေနှင့် ဆက်လက် ကူညီဆောင်ရွက် ပေးမည့်အခြေအနေများကို လည်းကောင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြင်ဦးလွင်မြို့နယ်အတွင်း သစ်တောဧရိယာ များ၌ ကော်ဖီစိုက်ပျိုးမှုများနှင့်ပတ်သက်၍ ကွင်းဆင်းစိစစ်ဆောင်ရွက်ပြီး စိုက်ပျိုးမြေ များ ဖော်ထုတ်ပေးလျက်ရှိမှုနှင့် စိုက်ပျိုးမြေများအားစနစ်တကျရှိစေရေး ဥပဒေနှင့်အညီ ထိန်းသိမ်း ကြပ်မတ် ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို လည်းကောင်း၊ ပြင်ဦးလွင်မြို့နယ် မြေလွတ်မြေရိုင်း ဧရိယာအတွင်း ကော်ဖီစိုက်ပျိုးမှုနှင့် ပတ်သက်၍ ကွင်းဆင်းစိစစ်ရေး ကော်မတီဥက္ကဋ္ဌ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး၊ ညွှန်ကြားရေးမှူး ဦးဇော်နိုင်ဦးကလည်းကောင်း၊ ပြင်ဦးလွင်ခရိုင် ဒေသဆိုင်ရာ အချက်အလက်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်မှု၊ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ပြင်ဦးလွင်မြို့သန့်ရှင်း သာယာလှပရေး ဆောင်ရွက်ထားရှိမှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ပြင်ဦးလွင် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက လည်းကောင်း၊ ပြင်ဦးလွင်မြို့ မြု့ပြဖွံ့ဖြိုးရေး စီမံကိန်းအား မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်အေးက လည်းကောင်း၊ ပြင်ဦးလွင်မြို့ သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ထားရှိမှု နှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်းက လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ခရီးသွားများစိတ်ဝင်စားသည့်မြို့

ရှင်းလင်း တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြင်ဦးလွင်မြို့သည် ပြည်တွင်းခရီးသွားများနှင့် ကမ္ဘာလှည့် ခရီးသွားများ စိတ်ဝင်စားမှုရှိသည့် ခရီးသွားမြို့တစ်မြို့ဖြစ်ကြောင်း၊ ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်ပေ ၃၅၃၈ ပေတွင်ရှိပြီး မြန်မာသက္ကရာဇ် ၁၂၁၂ ခုနှစ်၊ ခရစ်နှစ် ၁၈၅၀ ပြည့်နှစ်၊ ပုဂံမင်းလက်ထက်တွင် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်ဟု ကျောက်စာများအရ သိရှိရကြောင်း၊ ပြင်ဦးလွင်မြို့သည် ရာသီဥတု သာယာကောင်းမွန်ပြီး ရေမြေသဘာဝကောင်းမွန်သည့် မြို့တစ်မြို့ဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူချိန် ကာလအတွင်း ပြင်ဦးလွင်မြို့အား မူလတောင်ပေါ်အပန်းဖြေမြို့အဖြစ် ပြန်လည် ရောက်ရှိရေး ကြိုးပမ်းတည်ဆောက် လျက်ရှိကြောင်း၊ တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနေထိုင်သည့် ထူးခြားသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတကာက ပြင်ဦးလွင်မြို့နှင့်ပတ်သက်၍ စိတ်ဝင်စားမှုများရှိကြ ကြောင်း၊ ထိုအခွင့်အရေးအား အသုံးချနိုင်ပါက ခရီးသွားလုပ်ငန်းအတွက် များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်သဖြင့် ပြင်ဦးလွင်မြို့အား နိုင်ငံတကာ အဆင့်မီသာယာ လှပစေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။

ကြပ်မတ်ဆောင်ရွက်ရန်လို

ပြင်ဦးလွင်မြို့အား Clean City၊ Green City ဖြစ်အောင် ဦးစွာ တည်ဆောက်၍ သာယာလှပသည့် မြို့ကြီးတစ်မြို့ ဖြစ်စေရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့အတွင်း ဖြတ်သန်းစီးဆင်းသွား သည့် ကန်တော်ကြီး၊ ကန်တော်လေးမှ စီးလာသည့်ချောင်းနှင့် ဂဲလောင်ချောင်း ရေစီးဆင်းမှု ကောင်းမွန်စေရန်အတွက် အမှိုက်များပိတ်ဆို့မှုမရှိစေရေး အမြဲမပြတ်ထိန်းသိမ်း ဆောင်ရွက်သွားရန် လိုကြောင်း၊ မြို့သန့်ရှင်းသပ်ရပ်လှပအောင်ဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွား များကို ဆွဲဆောင်နိုင်မည်ဖြစ်သဖြင့် မြို့သာယာလှပရေး အတွက် စည်းကမ်းတကျ ဆောင်ရွက်ရန်လိုကြောင်း၊ လူနေအိမ်များနှင့် အဆောက် အဦများ ဆောက်လုပ်မှုနှင့် ပတ်သက်၍လည်း စည်းကမ်းဥပဒေများ အတိုင်း လေးစား လိုက်နာ ဆောင်ရွက်ရေး သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းအများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ရန်လို ကြောင်း။

ဈေးကွက်ရရှိရေး ဆောင်ရွက်

ကော်ဖီစိုက်ပျိုးရေးနှင့်ပတ်သက်၍ စိုက်ပျိုးမြေများအား စည်းကမ်းသတ်မှတ် ချက်များအတိုင်း လိုက်နာပြီး သတ်မှတ်နှစ်များအတွင် စိုက်ပျိုးပြီးစီး အောင်ဆောင်ရွက် ကြရန်လိုကြောင်း၊ ပြင်ဦးလွင် ဒေသတွင် ကော်ဖီစိုက်ပျိုးရေးအတွက် စိုက်ပျိုးမြေများ သတ်မှတ်၍ ကော်ဖီစိုက်ပျိုးရေးဇုန်အဖြစ် နိုင်ငံ တော်မှ သတ်မှတ်ပေးထားကြောင်း၊ ယခင်ကသစ်သီးပန်းမန်များစိုက်ပျိုးခြင်းကို ဆောင်ရွက်ခဲ့ကြ သော်လည်း စိုက်ပျိုးမြေ များအား အခြားကိစ္စရပ်များတွင် အသုံးပြုမှုများနှင့် အားပေးမှုများနည်းပါး လာခြင်း များကြောင့် ယခုအခါစိုက်ပျိုးမှုများ များစွာ လျော့နည်းလာခဲ့ပြီး စိုက်ပျိုးရေးထွက်ကုန် များ နည်းပါးလာကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများမှ သုတေသနပြု ဆောင်ရွက်ပေးရန်နှင့် စိုက်ပျိုးရေးထွက်ကုန် များ ဈေးကွက်ရရှိရေး ဆောင်ရွက် ပေးရန်လိုကြောင်း။

အကျိုးရှိစွာ အသုံးချရန်လို

ပြင်ဦးလွင်ဒေသတွင် မလိုင်ထုတ်လုပ်မှုများရှိပြီး အရည်အသွေးကောင်းမွန်သည့် မလိုင်ထုတ်ကုန်များ ထုတ်လုပ်လျက်ရှိကြောင်း၊ မိမိတို့ဒေသမှထွက်ရှိသည့် ထုတ်ကုန် များအားပြည်တွင်းဖြန့်ဖြူးမှုသာမက နိုင်ငံတကာသို့ပါ တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းနည်းပါး မှုများကြောင့် ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင် နေရသူများ များစွာ ရှိကြောင်း၊ ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသူများကိုလည်း နိုင်ငံတော်နှင့် တပ်မတော်မှ မိမိတို့နိုင်ငံသို့ပြန်လည်ခေါ်ယူနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ပြည်သူများ အလုပ်အကိုင်ရရှိရေးအတွက် ဒေသအလိုက်စီးပွားရေးကောင်းမွန်အောင် ဆောင်ရွက် ကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ရှိပြီးသားကောင်းမွန်သည့် ရေခံ မြေခံများကို အကျိုးရှိစွာ အသုံးချရန်လိုကြောင်း။

သစ်တောသစ်ပင်များအား ထိန်းသိမ်း

စိုက်ပျိုးရေးနှင့်ပတ်သက်၍ စိုက်ပျိုးမြေများအား အကျိုးရှိရှိအသုံးချ၍ စိုက်ပျိုး ရေးသီးနှံများ အထွက်နှုန်းကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ သစ်တောများ ပြုန်းတီးမှုမရှိစေရေး အတွက်လည်း သစ်တောသစ်ပင်များအား ထိန်းသိမ်းကြရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေနှင့် နည်းစနစ်တို့ကို စနစ်တကျဖြင့် ပေါင်းစပ်ဆောင်ရွက်၍ စိုက်ပျိုးရေးသီးနှံများ အထွက်နှုန်းကောင်းစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အတွက်လိုအပ်သည့် သဘာဝဓာတ်မြေဩဇာများရရှိရေးအတွက် မွေးမြူရေးလုပ်ငန်း များအား စနစ်တကျမွေးမြူ ဆောင်ရွက် ရန်လိုကြောင်း၊ ရှိပြီးသားစိုက်ပျိုးမြေ ဧရိယာ များပေါ်တွင်သာ စိုက်ပျိုးရေးသီးနှံများ အထွက်တိုးအောင်ဆောင်ရွက်ခြင်းဖြင့် သစ်တောခုတ်ထွင် မှုများကိုလျှော့ချနိုင်ပြီး သစ်တောများ ပြုန်းတီးမှုကိုတတ်နိုင်သမျှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့ပတ်ဝန်းကျင်ရှိ သစ်တောများပြုန်းတီးမှု မရှိစေရေးအတွက် မဖြစ်မနေထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မှသာ ရေဝေရေလဲ ဧရိယာများတွင် သစ်ပင်သစ်တောများ များပြားလာပြီး ရာသီဥတုများ ပြန်လည် ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ကန်တော်ကြီးရေလှောင်ကန်အတွင်းရေ ဝင်ရောက်မှု နည်းပါးခဲ့ခြင်း ကြောင့် မိမိ၏စက်တင်ဘာလ ခရီးစဉ်အတွင်း ကန်တော် ကြီးရေလှောင်ကန်အတွင်းရေများ ပြန်လည် ဝင်ရောက်နိုင်ရေးအတွက် လိုအပ်ချက်များအား ညှိနှိုင်းဖြေရှင်း၍ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယခုအခါ ရေများ အတိုင်းအတာ တစ်ခုအထိ ပြန်လည်ဝင်ရောက်လျက်ရှိကြောင်း၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု ကြောင့် ရာသီဥတုများဖောက်ပြန်လာပြီး မိုးရွာသွန်းမှုများနည်းပါးလာကာ ဆည်များ နှင့် ကန်များအတွင်းသို့ ရေဝင်ရောက်မှုများနည်းပါးလာကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် သစ်တော သစ်ပင်များအားထိန်းသိမ်းကြရန်လိုကြောင်း။

မိုးရေတိုက်စားခြင်းကြောင့် လမ်းများပျက်စီးမှု ဖြစ်ပေါ်စေနိုင်၍ ကားလမ်းများ အပေါ်တွင် ကျရောက်လျက်ရှိသည့် သစ်ပင်များ၏သစ်ကိုင်းများအား ရှင်းလင်းရန်လို ကြောင်း၊ ခရီးသွားများ ဝင်ရောက်မှုများပြားစေရေးအတွက် မိမိတို့မြို့ သာယာလှပစေရေး တာဝန်ရှိသူများအနေဖြင့် ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ကြရန် လိုကြောင်း၊ မြို့သာယာလှပရေးသည် အခြားကဏ္ဍများနှင့် ဆက်စပ်လျက်ရှိသဖြင့် ဘက်ပေါင်းစုံမှ ကြည့်၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ အိမ်သာမှ ဧည့်လာမည် ဖြစ်ကြောင်း။

ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်

မြို့ပြတိုးချဲ့ရေးနှင့်ပတ်သက်၍ မိမိ၏ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများအရ အကြံပြုတိုက်တွန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူသွားပလက်ဖောင်းများ စနစ်တကျရှိစေရေး၊ အရိပ်ရလေကာပင်များ စိုက်ပျိုးရာတွင်လည်း လမ်းနှင့်လွတ်ကင်းမှု ရှိစေရေးအတွက် စနစ်တကျကြိုတင်တွက်ချက် ဆောင်ရွက် ကြရန်လိုကြောင်း၊ လမ်းများတည်ဆောက်ခြင်း၊ မြို့ပြများတိုးချဲ့ခြင်းများ ဆောင်ရွက် ရာတွင် အနာဂတ် စီမံကိန်းများအတွက်ပါ ထည့်သွင်းတွက်ချက် ဆောင်ရွက်ရန်လိုကြောင်း၊ မြို့ပြတည် ဆောက်ရေးနှင့်ပတ်သက်၍ အဘက်ဘက်မှ စဉ်းစားဆောင်ရွက် ကြရန်လိုကြောင်း၊ အဆောက်အဦများဆောက်လုပ်ရာတွင် သက်ဆိုင်ရာဥပဒေ စည်းကမ်း သတ်မှတ်ချက် များနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ပြင်ဦးလွင်ဘူတာသည် သမိုင်းဝင်ဘူတာဖြစ်ပြီး ဂုတ်ထိပ်တံတားသည်လည်း သမိုင်းဝင်နေရာ တစ်ခုဖြစ် ကြောင်း၊ ခရီးသွားများ စိတ်ဝင်စားမှုရှိသည့် ကျောက်မီးသွေးသုံး ရထားစက်ခေါင်းများ အသုံးပြု၍ ပြင်ဦးလွင်မြို့ကို ဗဟိုပြုပြီး ရထားခရီးစဉ်များ ပြေးဆွဲနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း၊ ပြင်ဦးလွင်မြို့တွင် သဘာဝအလှများ များစွာရှိကြောင်း၊ ထို့ကြောင့် ပြင်ဦးလွင်မြို့ သာယာလှပရေး၊ ကုန်ထုတ်လုပ်မှုများ၊ စိုက်ပျိုးမွေးမြူရေးနှင့် ခရီးသွားလုပ်ငန်းများ တိုးတက်စေရေးအတွက် ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက် ကြရန်လိုကြောင်း။

ပြင်ဦးလွင်မြို့ကိုပညာရေးနှင့်ပတ်သက်၍လည်း ပညာရေးမြို့အဖြစ် ဖော်ဆောင် ရန်လိုကြောင်း၊ အလားတူ ကျန်းမာရေးနှင့်ပတ်သက်၍လည်း ပြင်ဦးလွင်မြို့ကို ဗဟိုပြု၍ မြှင့်တင်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့အား Clean City၊ Green City ဖြစ်အောင်ဆောင်ရွက်၍ ရှိပြီးသား အခြေခံဖြစ်သည့် ရတနာပုံ ဆိုက်ဘာစီးတီး၊ အနီးစခန်းလေယာဉ်ကွင်းများကို အသုံးချ၍  Smart City ဖြစ်အောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူများအားလုံး လူမှုစီးပွား ဘဝတိုးတက်ရေးအတွက် ပြည်သူအားလုံးစုပေါင်းဆောင်ရွက်၍ရသည့် သမဝါယမ စနစ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများအား စုပေါင်းလုပ် ဆောင်သည့်စနစ်ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ အစိုးရသည် ပြည်သူများ၏ အကျိုးကိုဖြည့်ဆည်း ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ မိမိတို့ဆောင်ရွက်နေရသည့် လုပ်ငန်းတာဝန်များမှာ ကျယ်ပြောသဖြင့် ဝန်ကြီးဌာန အချင်းချင်းပူးပေါင်း ဆောင်ရွက် ခြင်းများဖြင့် လုပ်ငန်းများအဆင်ပြေ အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်ကြရန်လိုကြောင်း။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင်ယခုအခါ အတိုင်း အတာတစ်ခုအထိ ကျဆင်းလာပြီဖြစ်သော်လည်း အခြားနိုင်ငံများတွင် အိုမီခရွန် ကိုဗစ် ဗီဇပြောင်းရောဂါပိုးများ ကူးစက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် ကိုဗစ် - ၁၉ ကူးစက်မှုအား ထိန်းချုပ်နိုင်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် ကိုဗစ်စည်းကမ်းများနှင့်အညီ စနစ်တကျပညာပေးခြင်း၊ ထိန်းသိမ်း ကြပ်မတ်ခြင်းများ ဆောင်ရွက်ရန် လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်