Skip to main content

ပြည်ပသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားအလုပ်သမားများအနေဖြင့် မိသားစုများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး မိသားစုလွှဲပို့ငွေများကို ပုံမှန်လွှဲပို့ရန်၊ ရောက်ရှိရာနိုင်ငံ၏ တည်ဆဲဥပဒေများကို လေးစားလိုက်နာရန် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး မှာကြား 

ရန်ကုန် ဇူလိုင် ၂၆

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မြောက်ဒဂုံ) ၌ လုပ်ငန်းခွင်အခြေပြု အခြေခံမော်တာစက်ချုပ်သင်တန်းကိုလည်းကောင်း၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံတို့သို့ အလုပ်သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအတွက် ပြည်ပအလုပ်အကိုင်ဆိုင်ရာ လမ်းညွှန်သင်တန်းများကိုလည်းကောင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ 

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းဖွင့်လှစ်နေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး ပြည်သူက ရွေးကောက်တင်မြှောက်ထားသော အစိုးရသစ်လက်ထက်တွင် ပြည်တွင်း၊ ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ကျွမ်းကျင်သင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်သွားရန်၊ လုပ်ငန်းခွင်နှင့်အပ်စပ်သော သင်တန်းများဖြစ်စေရန်၊ သင်တန်းပြီးဆုံးပြီးနောက် အလုပ်အကိုင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန် မှာကြားသည်။

ထို့ပြင် ပြည်ပသို့သွားရောက်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားအလုပ်သမားများအနေဖြင့် နိုင်ငံအပေါ် သစ္စာရှိရန်၊ မိသားစုများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး မိသားစုလွှဲပို့ငွေများကို ပုံမှန်လွှဲပို့ရန်၊ ရောက်ရှိရာနိုင်ငံ၏ တည်ဆဲဥပဒေများကို လေးစားလိုက်နာရန်၊ ပြည်ပသို့ သွားရောက်လုပ်ကိုင်ရာတွင် နိုင်ငံ၏ဂုဏ်သိက္ခာကို အစဉ်စောင့်ထိန်းကာ မိမိဘဝတိုးတက်စေရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်း မှာကြားသည်။

ထို့နောက် ပြည်ပသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအတွက် ဆောင်ရွက်ပေးနေသော ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်ပြား (OWIC) ပြုလုပ်ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းစဉ်များ ကြန့်ကြာမှုမရှိစေရေး တွန်းအားပေးဆောင်ရွက်ရန်၊ ခွင့်ပြန်အလုပ်သမားများ ခွင့်ပြန်ပြီးနောက် လုပ်ငန်းခွင်သို့ အချိန်မီပြန်လည်ဝင်ရောက်နိုင်ရေး အလုပ်အကိုင်အခွင့်အလမ်းများ မပျောက်စေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်