Skip to main content

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအထောက်အကူပြု သမိုင်းဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမယ့် ကျောင်းသား ကျောင်းသူများအတွက် ဦးစွာမြန်မာ့သမိုင်း သင်ခန်းစာများမှ သိကောင်းစရာတွေကို တင်ပြပါမယ်။ မြန်မာ့သမိုင်းမှာ နှစ်ပိုင်းပါဝင်တယ်။ ကိုလိုနီခေတ်နဲ့ လွတ်လပ်ပြီးခေတ်တို့ ဖြစ်တယ်။


ကိုလိုနီခေတ်ကိုလေ့လာမယ်ဆိုရင် နယ်ချဲ့အင်္ဂလိပ်ကို တော်လှန်ခဲ့ကြပုံ၊ အမျိုးသားစိတ်ဓာတ် ပြန်လည်နိုးကြားလာတဲ့အပိုင်းဖြစ်တဲ့ ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေဦးဆောင်တဲ့ အမျိုးသားလှုပ်ရှားမှုဆိုပြီး လေ့လာသင့်တယ်။ ၁၉၀၆ မှ ၁၉၂၀ ကာလအတွင်း အမျိုးသားစိတ်ဓာတ်နိုးကြားလာခြင်းဆိုပြီးမေးရင်လည်း ဝိုင်အမ်ဘီအေဦးဆောင်တဲ့ အမျိုးသားလှုပ်ရှားမှုကို ဆိုလိုခြင်းဖြစ် ကြောင်း သိဖို့လိုအပ်တယ်။

၁၉၂၀ မှ ၁၉၃၀ ကာလအတွင်း မြန်မာ့အမျိုးသားလှုပ်ရှားမှုကို ဦးဆောင် ခဲ့တဲ့အဖွဲ့အစည်းက ဂျီစီဘီအေ(ခေါ်)မြန်မာ့အသင်းချုပ်ကြီးဖြစ်တယ်။ ဂျီစီဘီအေအသင်းကြီးဟာ ၁၉၃၀ မှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားခဲ့တယ်။ အဲဒီကာလနယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲမှာ မြန်မာအမျိုးသမီးတွေရဲ့ ကုမ္မာရီ အသင်းတွေကလည်း တစ်တပ်တစ်အားပါဝင်ခဲ့ကြတယ်။


ဂျီစီဘီအေ အစိတ်စိတ်အမြွှာမြွှာပြိုကွဲသွားလို့ နယ်ချဲ့ဆန့်ကျင်ရေး အတွက် ခိုင်မာတောင့်တင်းတဲ့ အသင်းကြီးတစ်သင်းပေါ်ပေါက်ဖို့ ပြည်သူတို့ မျှော်လင့်နေချိန်မှာ ပေါ်ပေါက်လာတဲ့အသင်းကတော့ တို့ဗမာအစည်းအရုံး ဖြစ်တယ်။ တို့ဗမာအစည်းအရုံးရဲ့ကာလအပိုင်းအခြားဟာ ၁၉၃၀ မှ ၁၉၄၁ အထိဖြစ်တယ်ဆိုတာကိုလည်း သိထားသင့်တယ်။

၁၉၃၀ ပြည့်နှစ်မှာတော့ မြန်မာနိုင်ငံမှာ ဆရာစံဦးဆောင်တဲ့ တောင်သူ လယ်သမားအရေးတော်ပုံ ပေါ်ပေါက်ခဲ့တယ်။ လယ်သမားတို့အခြေအနေ၊ လယ်သမားအရေးတော်ပုံ ပေါ်ပေါက်လာရခြင်းအကြောင်းရင်းတို့ကို သီးခြား လေ့လာလို့ရတယ်။ တို့ဗမာအစည်းအရုံးကာလအတွင်းမှာပဲ ခွဲရေးတွဲရေး ပြဿနာ ပေါ်ပေါက်လာပြန်တယ်။

မြန်မာသက္ကရာဇ် ၁၃၀၀ ပြည့်(ခရစ်နှစ် ၁၉၃၈ ခုနှစ်)အတွင်း ပေါ်ပေါက် လာတဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံ ဂယက်ကြောင့် မြန်မာတိုင်းရင်းသားတွေရဲ့ နယ်ချဲ့ဆန့်ကျင်မှုနဲ့ လွတ်လပ်ရေးကြိုးပမ်းမှုဟာ ပိုမိုပြင်းထန်လာခဲ့တယ်။ ဒီကာလမှာ ဥရောပမှာ ဒုတိယကမ္ဘာစစ်ကြီးစတင်ဖို့ နီးကပ်လာတဲ့အချိန်လည်း ဖြစ်တယ်။ အာရှမှာလည်း ဖက်ဆစ်ဂျပန်တို့ရဲ့ခြိမ်းခြောက်မှုဟာ ပိုမိုများပြား နေတဲ့အတွက် မြန်မာတို့က အင်္ဂလိပ်အခက်-ဗမာအချက်မူနဲ့ လွတ်လပ်ရေးရဖို့ ပိုမိုဆောင်ရွက်လာရာက ဗမာ့ထွက်ရပ်ဂိုဏ်း ပေါ်ပေါက်လာတယ်ဆိုတာ သိထားရမှာ ဖြစ်တယ်။

မြန်မာ့သမိုင်းမှာ ၁၉၄၀ မှ ၁၉၄၅ အထိ ကာလအပိုင်းအခြားဟာ အမျိုးသားလွတ်မြောက်မှုတော်လှန်ရေးဆင်နွှဲတဲ့အပိုင်းဖြစ်တယ်။ ဒီအပိုင်းကို အဆင့်နှစ်ဆင့်ခွဲခြားပြီး လေ့လာသင့်တယ်။ ပထမအဆင့်မှာ ၁၉၄၀-၁၉၄၂ ကာလအတွင်း အင်္ဂလိပ်တို့ကိုတော်လှန်တိုက်ခိုက်ခြင်းဖြစ်တယ်။ အင်္ဂလိပ် တို့ကို တော်လှန်တိုက်ခိုက်ခြင်းကိုလည်း ထပ်မံပိုင်းခြားလေ့လာလို့ရတယ်။ ဥပမာ- ရဲဘော်သုံးကျိပ်၊ ဘီအိုင်အေ၊ ဘီဒီအေဆိုပြီး ခွဲခြားလေ့လာနိုင်ပါတယ်။
အမျိုးသားလွတ်မြောက်မှုတော်လှန်ရေးဆင်နွှဲတဲ့ ဒုတိယအဆင့်ကတော့ ဖက်ဆစ်ဂျပန်တော်လှန်ရေး(၁၉၄၂-၁၉၄၅)ဖြစ်တယ်။ ဒီအပိုင်းမှာ ဖက်ဆစ် ဂျပန်တော်လှန်ရေးဆင်နွှဲဖို့ ဖန်တီးပေးလာတဲ့ အခြေအနေများ၊ အခြေခံ သဘောထားနှင့် အစီအမံများ၊ အောင်မြင်မှုများဆိုပြီး အပိုင်းလိုက်လေ့လာဖို့ လိုပါတယ်။


လွတ်လပ်ရေးအရယူခြင်းအပိုင်းကို လေ့လာရာမှာ စက္ကူဖြူစာတမ်း၊ နေသူရိန်လူထုအစည်းအဝေး၊ ကန္ဒီကွန်ဖရင့်၊ အလယ်ပစ္စယံလူထုအစည်းအဝေး၊ အောင်ဆန်း-အက်တလီစာချုပ်၊ ပင်လုံညီလာခံ၊ နု-အက်တလီစာချုပ်ဆိုပြီး လေ့လာဖို့လိုတယ်။

ကိုလိုနီခေတ်ရဲ့ယေဘုယျအခြေအနေကို လေ့လာရာမှာ ဒိုင်အာခီမတိုင်မီ အုပ်ချုပ်ရေး၊ ဒိုင်အာခီအုပ်ချုပ်ရေးနဲ့ ၉၁ ဌာနအုပ်ချုပ်ရေးဆိုပြီးရှိတယ်။ ဒိုင်အာခီအုပ်ချုပ်ရေးဟာ ၁၉၂၃ မှ ၁၉၃၇ အတွင်း အုပ်ချုပ်ခဲ့တဲ့ အင်္ဂလိပ်တို့ရဲ့ အုပ်ချုပ်ရေးဖြစ်တယ်ဆိုတာကို သိထားရမယ်။ ဒီအုပ်ချုပ်ရေးဟာ သွေးခွဲ အုပ်ချုပ်ရေးဖြစ်လို့ ပြည်သူတို့ကမကျေနပ်တဲ့အတွက် အုပ်ချုပ်ရေးအသစ် ဖန်တီးပေးဖို့ အင်္ဂလိပ်တို့က စီစဉ်လာပြန်တယ်။ အဲဒါကြောင့် ၉၁ ဌာန အုပ်ချုပ်ရေး ပေါ်လာတယ်။ ဒီ ၉၁ ဌာနအုပ်ချုပ်ရေးကို ၁၉၃၇ မှ ၁၉၄၁ အတွင်း ကျင့်သုံးခဲ့တယ်။ ၉၁ ဌာနအုပ်ချုပ်ရေးကာလအတွင်းမှာပဲ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့တယ်။ စစ်အပြီးမှာ အင်္ဂလိပ်တို့ရဲ့အုပ်ချုပ်ရေး ပြန်စလာတဲ့အခါ စစ်အုပ်ချုပ်ရေး၊ မြို့ပြအုပ်ချုပ်ရေးနဲ့၊ အမျိုးသားယာယီအစိုးရဆိုပြီး တွေ့ရ မယ်။ အဲဒါတွေဟာ ဒုတိယကမ္ဘာစစ်ပြီးခေတ် အင်္ဂလိပ်တို့ရဲ့ အုပ်ချုပ်ရေး ဖြစ်တယ်။ ကိုလိုနီခေတ် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုကိုလည်း ဆက်လက်လေ့လာရမှာဖြစ်တယ်။

ဂျပန်ခေတ်ရဲ့ ယေဘုယျအခြေအနေကိုလေ့လာရာမှာ ဂျပန်ခေတ် အုပ်ချုပ်ရေး၊ ဂျပန်ခေတ်စီးပွားရေးဆိုပြီး လေ့လာသင့်သလို လူမှုရေး၊ ယဉ်ကျေးမှုကဏ္ဍကိုလည်း လေ့လာသင့်တယ်။

လွတ်လပ်ပြီးခေတ် မြန်မာနိုင်ငံအခြေအနေကို လေ့လာရာမှာ ၁၉၄၈-၁၉၅၈ ခုနှစ်ကာလအပိုင်းအခြားဟာ ဖဆပလအစိုးရအုပ်ချုပ်တဲ့ကာလဖြစ်တယ်။ ဒီကာလအတွင်း ပြည်တွင်းရောင်စုံသောင်းကျန်းမှုများ ပေါ်ပေါက်လာပုံ၊ ဖဆပလပြိုကွဲပုံနဲ့ တရုတ်ဖြူကိုမင်တန်ကျူးကျော်မှုတွေအကြောင်းကို လေ့လာရမှာ ဖြစ်တယ်။ မြန်မာ့သမိုင်းမှာ ၁၉၅၈-၁၉၆၀ ကာလဟာ အိမ်စောင့်အစိုးရ တာဝန်ယူတဲ့ကာလ ဖြစ်တယ်။ ဒီအပိုင်းမှာ အိမ်စောင့်အစိုးရ ပေါ်ပေါက်လာပုံ၊ အိမ်စောင့်အစိုးရရဲ့ လုပ်ငန်းစဉ်ကြီးလေးရပ်၊ အိမ်စောင့်အစိုးရရဲ့ဆောင်ရွက်ချက်တွေကို လေ့လာသင့်တယ်။

၁၉၆၀ မှ ၁၉၆၂ အထိကာလဟာ ပြည်ထောင်စု(ပထစ)အစိုးရတာဝန်ယူခဲ့ တဲ့ ကာလဖြစ်ပြီး အဲ့ဒီအစိုးရ လက်ထက်အခြေအနေတွေက တော်လှန်ရေး ကောင်စီကို ပေါ်ပေါက်လာစေတယ်။

လွတ်လပ်ပြီးခေတ်မြန်မာ့သမိုင်းမှာ ၁၉၆၂-၁၉၇၄ အထိကာလကို တော်လှန်ရေးကောင်စီအစိုးရက တာဝန်ယူအုပ်ချုပ်ခဲ့ပြီး ၁၉၇၄-၁၉၈၈ အထိ ကာလကတော့ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်ခေတ် ဖြစ်တယ်။ ဒီကာလတွေရဲ့ ယေဘုယျအခြေအနေတွေဖြစ်တဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုတို့ကိုလည်း လေ့လာသိရှိဖို့ လိုအပ်တယ်။


ဒါ့အပြင် ၁၉၈၈ နောက်ပိုင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့အစိုးရနဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရများလက်ထက် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုအခြေအနေတွေကို လည်း လေ့လာရမှာဖြစ်တယ်။

ဆက်လက်ပြီး ကမ္ဘာ့သမိုင်းနဲ့ပတ်သက်တဲ့ သိကောင်းစရာတွေကို တင်ပြ သွားပါမယ်။ ရှေးဦးစွာ ပထမကမ္ဘာစစ်အကြောင်းကို လေ့လာမယ်ဆိုရင် စစ်ဖြစ်ပွားရတဲ့ အခြေခံအကြောင်းရင်းနဲ့ လတ်တလောအကြောင်းရင်းကို လေ့လာရမှာဖြစ်တယ်။ ဒီအခြေအနေကတစ်ဆင့် ပထမကမ္ဘာစစ်ကြီး ဖြစ်ပွား လာရတယ်။


ပထမကမ္ဘာစစ်ရဲ့ အကျိုးသက်ရောက်မှုတွေအနေနဲ့ ပါရီငြိမ်းချမ်းရေး ညီလာခံ၊ ဗာဆိုင်းစာချုပ်တို့ကို လေ့လာဖို့လိုပါမယ်။ ဂျာမနီ အင်အားပြန်ကောင်း လာတဲ့အခါ ဗာဆိုင်းစာချုပ်ပါအချက်တွေကို ချိုးဖောက်လာရာက ဥရောပနိုင်ငံရေး မှာ ပြဿနာတွေပေါ်ပေါက်လာပြီး ဒုတိယကမ္ဘာစစ်ဖြစ်ရတဲ့ အခြေအနေကို ရောက်ခဲ့ရတယ်ဆိုတာကို သိရှိဖို့လိုအပ်တယ်။

ပထမကမ္ဘာစစ်အပြီးမှာ ပေါ်ပေါက်လာတဲ့ နိုင်ငံပေါင်းချုပ်အသင်းကြီး အကြောင်းကို လေ့လာမယ်ဆိုရင် ရည်ရွယ်ချက်၊ ဖွဲ့စည်းပုံနဲ့ နိုင်ငံပေါင်းချုပ် အသင်းကြီးရဲ့ လူမှုရေးလုပ်ငန်းများနဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းရေးလုပ်ငန်း များကို လေ့လာရမှာဖြစ်တယ်။

ကမ္ဘာ့သမိုင်းမှာ ပထမကမ္ဘာစစ်အပြီး ထူးခြားတဲ့ဖြစ်စဉ်ကတော့ ဆိုရှယ်လစ် ရုရှားနိုင်ငံပေါ်ပေါက်လာခြင်း ဖြစ်တယ်။ ရုရှားနိုင်ငံအကြောင်း လေ့လာရာမှာ ၂၀ ရာစုဦး ရုရှားနိုင်ငံအခြေအနေ၊ ၁၉၀၅ တော်လှန်ရေး၊ ၁၉၁၇ ဖေဖော်ဝါရီ တော်လှန်ရေး၊ ၁၉၁၇ အောက်တိုဘာတော်လှန်ရေးဆိုပြီး သီးခြားလေ့လာရမှာ ဖြစ်တယ်။ ဖေဖော်ဝါရီတော်လှန်ရေးဟာ ဘူဇွာတော်လှန်ရေးဖြစ်ပြီး အောက်တိုဘာတော်လှန်ရေးဟာ ဆိုရှယ်လစ်တော်လှန်ရေး ဖြစ်တယ်ဆိုတာကို လည်း သိထားသင့်တယ်။

ပထမကမ္ဘာစစ်အပြီးမှာ အမျိုးသားလှုပ်ရှားမှုတွေ ပိုမိုအားကောင်းလာ တယ်။ အမျိုးသားလှုပ်ရှားမှုအပိုင်းကို လေ့လာမယ်ဆိုရင် အိန္ဒိယ၊ အရှေ့တောင် အာရှ၊ တရုတ်ဆိုပြီး ဒေသအလိုက်လေ့လာသင့်တယ်။

အိန္ဒိယအကြောင်းလေ့လာရာမှာလည်း စစ်ပါရီအရေးတော်ပုံ၊ အိန္ဒိယ အမျိုးသားကွန်ဂရက်၊ တိလတ်ရဲ့ဆွာရဂ်ျ ခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေးလှုပ်ရှား မှုနဲ့ ဂန္ဒီရဲ့အမျိုးသားလှုပ်ရှားမှုတွေကို အပိုင်းလိုက်လေ့လာရမှာ ဖြစ်တယ်။ အရှေ့တောင်အာရှအမျိုးသားလှုပ်ရှားမှုတွေကိုလည်း နိုင်ငံအလိုက် သီးခြားခွဲပြီး လေ့လာကျက်မှတ်ရမယ်။ အရှေ့တောင်အာရှနိုင်ငံတွေ့ရဲ့ အမျိုးသားလှုပ်ရှားမှုမှာ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ အင်ဒိုချိုင်းနား၊ ဖိလစ်ပိုင်တို့ ပါရှိတယ်။


တရုတ်အမျိုးသားလှုပ်ရှားမှုအပိုင်းမှာ ရှေးဦးအမျိုးသားလှုပ်ရှားမှု၊ ၁၉၁၁ ဘူဇွာတော်လှန်ရေး၊ မေ ၄ အရေးတော်ပုံဆိုပြီး ပါရှိတယ်။

ပထမကမ္ဘာစစ်အပြီး ဥရောပနိုင်ငံတွေမှာ ကြီးမားတဲ့နိုင်ငံရေး၊ စီးပွားရေး ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ နိုင်ငံအချို့မှာ အမျိုးသားဝါဒနဲ့ စစ်ဝါဒကို အခြေခံတဲ့ အရင်းရှင်စနစ်ရဲ့ အကြမ်းတမ်းဆုံးနဲ့ အဆိုးရွားဆုံးဖြစ်တဲ့ ဖက်ဆစ် အာဏာရှင်စနစ် ပေါ်ပေါက်လာခဲ့တယ်။ ဖက်ဆစ်စနစ်ဟာ အီတလီမှာ ဦးစွာ ပေါ်ပေါက်လာပြီး ဂျာမနီ၊ ဂျပန်နိုင်ငံတွေမှာ ဆက်လက်ပေါ်ပေါက်ခဲ့တယ်။

ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားရတဲ့ အကြောင်းရင်းတွေကိုလေ့လာရင် အခြေခံအကြောင်းရင်းနဲ့ လတ်တလောအကြောင်းရင်းဆိုပြီး နှစ်ပိုင်းလေ့လာဖို့ လိုတယ်။


စစ်ဖြစ်ရတဲ့ အခြေခံအကြောင်းရင်းတွေကို သီးခြားခေါင်းစဉ်ခွဲတွေနဲ့ လေ့လာဖို့လိုတယ်။

ဖက်ဆစ်နယ်ချဲ့ကျူးကျော်မှုတွေမှာ မန်ချူးရီးယားအရေး၊ အီသီယိုးပီးယား အရေး၊ စပိန်ပြည်တွင်းစစ်၊ ဩစတြီးယားကိုသိမ်းပိုက်ခြင်းနဲ့ ချက်ကိုစလိုဗား ကီးယားကို သိမ်းပိုက်ခြင်းတို့ကို တစ်ခုချင်းလေ့လာရမှာ ဖြစ်တယ်။ အဲဒီ ကျူးကျော်မှုတွေဟာ စစ်ဖြစ်ဖို့ဦးတည်လာတဲ့ အခြေခံအကြောင်းရင်းတွေ ဖြစ်တယ်။ အဲဒီအခြေအနေမှာ ပိုလန်ကို ဂျာမန်တို့ ကျူးကျော်လိုက်ရာကတစ်ဆင့် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားရတယ်။
ဒုတိယကမ္ဘာစစ်ရဲ့ အကျိုးသက်ရောက်မှုတွေကတော့ အမေရိကန် ပြည်ထောင်စု ထိပ်သီးအင်အားကြီးနိုင်ငံဖြစ်လာခြင်း၊ ဆိုဗီယက်နိုင်ငံ ထိပ်သီး အင်အားကြီးနိုင်ငံဖြစ်လာခြင်းနဲ့ ကိုလိုနီလက်အောက်ခံနိုင်ငံများ လွတ်လပ်ရေး ရရှိလာခြင်းတို့ဖြစ်တယ်။

ဒုတိယကမ္ဘာစစ်ပြီးကာလ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်ကြီးကို ဖွဲ့စည်းနိုင်ခဲ့ ခြင်းဟာလည်း ကမ္ဘာ့သမိုင်းမှာ ထူးခြားတဲ့ဖြစ်ရပ်တစ်ခုဖြစ်တယ်။ အသင်းကြီး ပေါ်ပေါက်လာပုံ၊ ဖွဲ့စည်းပုံနဲ့ ဆောင်ရွက်ချက်များကို သီးခြားလေ့လာသိရှိဖို့ လိုအပ်တယ်။


ဒုတိယကမ္ဘာစစ်ပြီးကာလတွင် အရှေ့ဥရောပနိုင်ငံတွေဟာ ဆိုဗီယက် အကူအညီနဲ့ ဆိုရှယ်လစ်အစိုးရများကို ထူထောင်ခဲ့ကြတယ်။ ဒုတိယ ကမ္ဘာစစ်ပြီးကာလမှာ ပေါ်ပေါက်လာခဲ့တဲ့စစ်အေးဟာလည်း ထူးခြားတဲ့ သမိုင်းဖြစ်စဉ်တစ်ခု ဖြစ်တယ်။ စစ်အေးအကြောင်းလေ့လာတဲ့အခါ စစ်အေး ရဲ့သဘောနဲ့ ပေါ်ပေါက်လာပုံတို့ကို လေ့လာသင့်တယ်။

ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးတဲ့အခါ အမေရိကန်နိုင်ငံဟာ စစ်ဒဏ်မှ ကင်းလွတ်ပြီး ထိပ်သီးအင်အားကြီးနိုင်ငံအဖြစ် ရပ်တည်လာနိုင်ခဲ့တယ်။ အမေရိကန်ဦးဆောင်တဲ့အုပ်စုကို အနောက်အုပ်စု(သို့) အရင်းရှင်အုပ်စု(သို့) လက်ယာအုပ်စုလို့ ခေါ်တယ်။ ဆိုဗီယက်နိုင်ငံဟာ စစ်ဒဏ်ခံခဲ့ရတဲ့ ပိုလန်၊ ချက်ကိုစလိုဗားကီးယား၊ ရူမေးနီးယား၊ ဘူလ်ဂေးရီးယား၊ ဟန်ဂေရီ စတဲ့ အရှေ့ဥရောပနိုင်ငံများကို ဦးဆောင်လာပြီး သူဦးဆောင်တဲ့အုပ်စုကို အရှေ့ အုပ်စု(သို့) ကွန်မြူနစ်အုပ်စု(သို့) လက်ဝဲအုပ်စုလို့ ခေါ်တယ်။

အမေရိကန်နဲ့ ဥရောပနိုင်ငံတွေဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့၊ စစ်ရေးအရပူးပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းလာကြတယ်။ ဒီကြိုးပမ်းချက်တွေရဲ့ ရလဒ်အဖြစ်နဲ့ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့၊ အန်ဇတ်၊ အရှေ့တောင်အာရှ စာချုပ်အဖွဲ့၊ ဗဟိုစာချုပ်အဖွဲ့များ ဖွဲ့စည်းပေါ်ပေါက်လာကြတယ်။


ဆိုဗီယက်နိုင်ငံကလည်း အရှေ့ဥရောပနိုင်ငံတွေမှာ ကွန်မြူနစ်စနစ် အခြေခံတဲ့ စီးပွားရေးစီမံကိန်းတွေချမှတ်ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။ စစ်အေးကာလမှာ နိုင်ငံတကာအရေးအခင်းတွေလည်း ပေါ်ပေါက်လာတယ်။

နိုင်ငံတကာအရေးအခင်းတွေ ဘယ်လိုပေါ်ပေါက်လာပြီး ကမ္ဘာ့ငြိမ်းချမ်း ရေးကို ဘယ်လိုခြိမ်းခြောက်ခဲ့သလဲဆိုတာကို လေ့လာသင့်တယ်။


ဆိုရှယ်လစ်ရုရှားနိုင်ငံ အပြောင်းအလဲဖြစ်ခြင်း၊ ဆိုရှယ်လစ်အုပ်စုပြိုကွဲခြင်း နှင့် စစ်အေးကာလပြီးဆုံးခြင်းခေါင်းစဉ်တွေကလည်း နိုင်ငံတကာရေးရာမှာ ထူးခြားတဲ့ခေါင်းစဉ်တွေဖြစ်တဲ့အတွက် လေ့လာသင့်တယ်။


ကမ္ဘာ့သမိုင်းသင်ရိုးမှာ အာရှနိုင်ငံများဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ ဖွံ့ဖြိုးတိုးတက်လာပုံကိုလည်း လေ့လာသင့်တယ်။


ကမ္ဘာ့သမိုင်းကိုလေ့လာရာမှာ ဒုတိယကမ္ဘာစစ်အပြီး အရှေ့တောင်အာရှ နိုင်ငံသစ်များ ပေါ်ပေါက်လာခြင်းနဲ့ နိုင်ငံတော်တည်ဆောက်ရေး ကြိုးပမ်းမှု တွေကို လေ့လာသိရှိရမှာဖြစ်တယ်။

အာဆီယံ(အရှေ့တောင်အာရှနိုင်ငံများအသင်း)၊ မြန်မာနိုင်ငံနဲ့ ဘက်မလိုက်လှုပ်ရှားမှု၊ မြန်မာနိုင်ငံနဲ့ ဘင်းမ်စတက်အဖွဲ့၊ မြန်မာနိုင်ငံနဲ့ မဟာမဲခေါင်ဒေသခွဲဖွံ့ဖြိုးတိုးတက်ရေးတို့ကိုလည်း လေ့လာသိရှိဖို့လိုအပ်တယ်။

ကျောင်းသူ ကျောင်းသားများကို မှာချင်တာကတော့

၁။ သမိုင်းကိုလေ့လာရာမှာ သမိုင်းစဉ်ဆက်စပ်မှုကို သိထားပြီး လေ့လာရန်
၂။ သမိုင်းဘာသာရပ်မှာ ခုနှစ်သက္ကရာဇ်တိုင်း သိရှိဖို့မလိုအပ်ပေမယ့် အရေးပါတဲ့ ခုနှစ်သက္ကရာဇ်တွေကို သိရမှာဖြစ်တယ်။
၃။ ခေါင်းစဉ်ရွေး၍ မလေ့လာရန်
၄။ ပြဋ္ဌာန်းစာအုပ်ကို အလေးပေးလေ့လာရန်နဲ့
၅။ မေးခွန်းကိုသေချာဖတ်ပြီး မေးတဲ့အပိုင်းကိုသာ ဖြေဆိုရန်ဖြစ် ကြောင်း မှာကြားလိုပါတယ်။

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်ရဲ့မေးခွန်းဟာ အပိုင်း(က)၊ အပိုင်း(ခ)၊ အပိုင်း(ဂ)၊ အပိုင်း(ဃ)ဟူ၍ အပိုင်းလေးပိုင်း ပါဝင်မှာ ဖြစ်တယ်။ မေးခွန်းအပိုင်း လေးပိုင်းလုံးကို ဖြေဆိုရမှာဖြစ်တယ်။
မေးခွန်းအပိုင်း(က)မှာ နံပါတ် ၁။(က)၊ ၁။(ခ)ဆိုပြီး ပါရှိမှာဖြစ်တယ်။ နံပါတ် ၁။(က)မေးခွန်းက “အောက်ပါ ကွက်လပ်များ၌ ဖြည့်စွက်ရမည့် အဖြေများကို အဖြေစာအုပ်တွင်ရေးပါ။”ဟူ၍ ဖြစ်တယ်။ မြန်မာ့သမိုင်းမှ (၅)ပုဒ်၊ ကမ္ဘာ့သမိုင်းမှ (၅)ပုဒ်၊ စုစုပေါင်း (၁၀)ပုဒ် ပါရှိမှာဖြစ်တယ်။ တစ်ပုဒ်ရဲ့ ရမှတ်ဟာ (၁)မှတ်ဖြစ်ပြီး စုစုပေါင်းရမှတ်မှာ (၁၀)မှတ်ဖြစ်တယ်။

မေးခွန်း ၁။(ခ)တွင် “အောက်ဖော်ပြပါ မေးခွန်းတစ်ခုစီအတွက် ပေးထား သောအဖြေ (က)၊ (ခ)၊ (ဂ)တို့ အနက်မှ အဖြေမှန်တစ်ခုကို အဖြေစာအုပ်တွင် ရေးပါ။”ဖြစ်တယ်။ မြန်မာ့သမိုင်းမှ (၅)ပုဒ်၊ ကမ္ဘာ့သမိုင်းမှ (၅)ပုဒ်၊ စုစုပေါင်း (၁၀)ပုဒ် ပါရှိမှာဖြစ်တယ်။ တစ်ပုဒ်ရဲ့ရမှတ်ဟာ(၁)မှတ်ဖြစ်ပြီး စုစုပေါင်းရမှတ် မှာ (၁၀)မှတ်ဖြစ်တယ်။


မေးခွန်းအပိုင်း(ခ)ဟာ “အောက်ပါတို့အနက်မှလေးပုဒ်ကို မှတ်စုတို ရေးပါ။”ဖြစ်တယ်။ မြန်မာ့သမိုင်း (၄)ပုဒ်နှင့် ကမ္ဘာ့သမိုင်း (၄)ပုဒ်တို့ ပါဝင်တယ်။ နှစ်သက်ရာ(၄)ပုဒ်ကို ဖြေဆိုရန်ဖြစ်ပါတယ်။ တစ်ပုဒ်ရမှတ်မှာ (၅)မှတ်ဖြစ်ပြီး (၂၀)မှတ်ဖိုး ဖြေဆိုရမှာဖြစ်တယ်။

မေးခွန်းအပိုင်း(ဂ)မှာ “အောက်ပါတို့အနက်မှ နှစ်ပုဒ်ကိုဖြေဆိုပါ။” ဖြစ်တယ်။ မြန်မာ့သမိုင်းမေးခွန်းရှည်များဖြစ်ပြီး စုစုပေါင်း (၄)ပုဒ်ပါရှိမှာ ဖြစ်တယ်။ ယင်း(၄)ပုဒ်အနက်မှ ကြိုက်နှစ်သက်ရာ (၂)ပုဒ်ကို ဖြေဆိုရမှာ ဖြစ်တယ်။
မေးခွန်းအပိုင်း(ဃ)မှာ “အောက်ပါတို့အနက်မှ နှစ်ပုဒ်ကိုဖြေဆိုပါ။” ဖြစ်တယ်။ ကမ္ဘာ့သမိုင်းမေးခွန်းရှည်များဖြစ်ပြီး စုစုပေါင်း (၄)ပုဒ်ပါရှိမှာ ဖြစ်တယ်။ ယင်း(၄)ပုဒ်အနက်မှ ကြိုက်နှစ်သက်ရာ(၂)ပုဒ်ကို ဖြေဆိုရမှာ ဖြစ်တယ်။ တစ်ပုဒ်ရဲ့ရမှတ်မှာ (၁၅) မှတ်ဖြစ်ပြီး (၂) ပုဒ်အတွက် စုစုပေါင်းရမှတ် မှာ (၃၀)မှတ် ဖြစ်တယ်။

ကျောင်းသူ ကျောင်းသားများကို အကြံပြုချင်တာကတော့ သမိုင်း ဘာသာရပ်ကိုလေ့လာရာမှာ ပြဋ္ဌာန်းစာအုပ်ကို ကြေညက်စွာ အလေးပေး လေ့လာဖို့ လိုအပ်ပါတယ်။ အဲဒီလိုလေ့လာမယ်ဆိုရင် ကျောင်းသူ ကျောင်းသား များအတွက် အခက်အခဲမရှိဘဲ ဖြေဆိုနိုင်မှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

ဒေါက်တာမိုမိုသန့် ပါမောက္ခ(ဌာနမှူး) သမိုင်းဌာန၊ ရန်ကုန်တက္ကသိုလ်