Skip to main content

သမိုင်းဝင် ဆံတော်ရှင်ကျိုက်ဒေးဝိ စေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံ၍ ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အင်းတိုင်ဒေသ၊ သီရိမင်္ဂလာကုန်းမြေ၌ တည်ထားပူဇော်သည့် သမိုင်းဝင်ဆံတော်ရှင်ကျိုက်ဒေးဝိစေတီတော်မြတ်ကြီးအား ဘက်စုံ ပြုပြင်မွမ်းမံ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို သာသနာတော်နှစ် ၂၅၆၅ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ နတ်တော်လပြည့်နေ့ဖြစ်သည့် ယနေ့နံနက် ပိုင်းတွင် ကျင်းပပြုလုပ်ရာ တိပိဋကရွေးခြယ်ရေးအဖွဲ့ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟို သံဃဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ နာဒါဘိဝံသ (သ.စ.အ ဓမ္မာစရိယဝဋံသကာ) ပါဋိပါရဂူ၊ ဗဟန်းညောင်တုန်းကျောင်းတိုက်နာယကဆရာတော်နှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ မဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒ (ဓမ္မဒူတ ဆရာတော်)တို့ အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့် မိသားစုဝင်များ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဇနီး၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီ တွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင် စုဝန်ကြီးများ၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ ရန်ကုန် မြို့တော်ဝန်၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စေတနာရှင်အလှူရှင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဝတ်အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့်အခမ်းအနား တက်ရောက်လာကြသူများက ဗဟန်းညောင်တုန်းကျောင်းတိုက် နာယက ဆရာတော်ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို သံဃာတော်များထံ ဆက်ကပ်သည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ယင်းနောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို ယူဆောင်၍ စေတီတော်ပရိဝုဏ်တွင် ပက်ဖျန်းကြဲဖြန့်ချည်နှောင် တားဆီးကာရံ ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၊ ဇနီးနှင့် မိသားစုဝင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် လှူဖွယ်ပစ္စည်းများအား ဗဟန်း ညောင်တုန်းကျောင်းတိုက်နာယက ဆရာတော်ထံ ဆက်ကပ်လှူဒါန်း ကြသည်။ ဆက်လက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် အခမ်းအနား တက်ရောက်လာကြသူများက လှူဖွယ်ပစ္စည်းများအား သံဃာတော် အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ဓမ္မဒူတ ဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစု အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီး၊ မိသားစုဝင်များနှင့် အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နား တော်တို့အား ပင့်ဆောင်၍ စေတီတော်ကြီးအား လက်ယာရစ် လှည့်လည်ပင့်ဆောင် ပူဇော်ကြသည်။ ထို့နောက် မင်္ဂလာအချိန်တွင် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား မင်္ဂလာ ရထားပျံဖြင့် စေတီတော်အထွတ်သို့ ပင့်ဆောင်၍ ပရိတ်နံ့သာရည်များ ပက်ဖျန်းကြကာ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်အောင်မြင်ခြင်း အထိမ်းအမှတ် ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။

ဆက်လက်ပြီး သံဃာတော်အရှင်သူမြတ်များက သမိုင်းဝင် ဆံတော်ရှင်ကျိုက်ဒေးဝိ စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိတ် သွန်းတော်မူကြပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ မဟာမင်္ဂလာ အခမ်း အနားကို ရုတ်သိမ်းခဲ့သည်။ ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး တို့က မင်္ဂလာမော်ကွန်းကျောက်စာတော်အား ပရိတ်နံ့သာရည်များ ဖြင့် ပက်ဖျန်းဖွင့်လှစ်ပြီး ခေါင်းလောင်းတော်အား ကိုးချက်ထိုးခတ်ပူဇော်၍ မေတ္တာ ပြုသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် သမိုင်းဝင်ဆံတော်ရှင်ကျိုက်ဒေးဝိစေတီတော်မြတ်ကြီး၏ ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုး ပူဇော်သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ဆရာတော်၊ သံဃာ တော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကာ တက်ရောက်လာကြသည့် ဧည့်သည် တော်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။

အဆိုပါ  သမိုင်းဝင်ဆံတော်ရှင်ကျိုက်ဒေးဝိစေတီတော်မြတ်ကြီးသည် ကရဝိက မင်းကြီး ဟံသာဝတီထီးနန်းစိုးစံတော်မူစဉ် တည်ထားကိုးကွယ်တော်မူသည့် စေတီတော် (၇)ဆူအနက် စတုတ္ထမြောက်တည်ထားသည့် စေတီတော်ဖြစ်ပြီး သာသနာသက္ကရာဇ် ၁၄၈၉ ခုနှစ်၊ မြန်မာသက္ကရာဇ် ၃၀၇ ခုနှစ်တွင် ဘုရားတည်ပြီးစီးခဲ့ကြောင်း၊ ကျိုက် သည် ဘုရား၊ ဒေး သည် ကုန်း၊ ဝိ သည် သဖန်း ဖြစ်သဖြင့် သဖန်းကုန်းဘုရားဟု အဓိပ္ပါယ် ရကြောင်း၊ သာသနာတော်သက္ကရာဇ် ၁၉၇၀ ပြည့်နှစ်၊ မြန်မာသက္ကရာဇ် ၇၈၈ ခုနှစ် ဗညား ဓမ္မရာဇာမင်းလက်ထက်တွင် ပထမအကြိမ် ဉာဏ်တော် ၅ တောင်ငုံ၍ ၇၅ တောင်အဖြစ် ပြုပြင်မွမ်းမံပူဇော်ခဲ့ကြောင်း၊ သာသနာတော် သက္ကရာဇ် ၂၁၆၀ ပြည့်နှစ်၊ မြန်မာသက္ကရာဇ် ၉၇၈  ခုနှစ်တွင် အနောက်ဘက်လွန်မင်းတရားကြီးက ပျက်စီးနေသည့် ဆံတော်ရှင်ကျိုက်ဒေးဝိ စေတီတော်မြတ်ကြီးအား ဒုတိယအကြိမ် ဉာဏ်တော် ၅ တောင်ငုံ၍ ဉာဏ်တော်အတောင် ၈၀ ရှိ စေတီတော်ကြီးအဖြစ် ပြုပြင်မွမ်းမံ၍ ရွှေထီးတော်တင်လှူ ပူဇော်ခဲ့ကြကြောင်း၊ ယင်းနောက် ငလျင်ဒဏ်နှင့် ဒုတိယကမ္ဘာစစ် တို့အတွင်းအကြောင်းအမျိုးမျိုးကြောင့် ပျက်စီးယိုယွင်းခဲ့မှုများ ဖြစ်ပေါ်ခဲ့သဖြင့် နိုင်ငံတော် အစိုးရ၊ တပ်မတော်၊ ဒေသခံပြည်သူများ၊ စေတနာရှင် အလှူရှင်များက ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံခဲ့ကြကြောင်း၊ ယခုအခါတွင်လည်း စေတီတော်မြတ်ကြီးသည် ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်လာခဲ့သဖြင့် စေတီတော်ဂေါပက အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၏ မေတ္တာရပ်ခံချက်အရ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများထံ တင်ပြလျှောက်ထား၍ ခုနှစ်ရက်သားသမီး စေတနာရှင်အလှူရှင်များ စုပေါင်းပြီး ဘက်စုံပြုပြင်မွမ်းမံခဲ့ကြခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

 

(သတင်းစဉ်)