Skip to main content

နိုင်ငံတိုးတက်ရေး ပညာတတ်ပေါများရေးကြိုးပမ်း

 

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များ ပေါများရန်လိုအပ်သဖြင့် ပညာတတ်များ ပေါများစေရေး ပညာရေးကဏ္ဍမှ တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်ပေး ရန်လိုကြောင်း ဇန်နဝါရီ ၁၇ ရက်ကပြုလုပ်သည့် အဆင့်မြင့်ပညာကဏ္ဍလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ပညာရေးသမိုင်းကြောင်းကိုကြည့်မည်ဆိုလျှင် အဆင့်မြင့်ပညာကဏ္ဍတွင် ရန်ကုန်တက္ကသိုလ်သည် သမိုင်းဂုဏ်ရောင်ထွန်းပြောင် သည့်ပညာအရည်အသွေးမြင့်မားသော ပညာတတ်များ မွေးထုတ်ပေးရာနေရာဖြစ်သည်။ မြန်မာနိုင်ငံတွင်သာမက အာရှဒေသတွင်ပါ ထင်ရှား ကျော်ကြားသည့်အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွန်းရာပညာရပ်ဝန်းဖြစ်သည်။ အစိုးရအဆက်ဆက်ပြောင်းလဲပြီး ပညာရေးစနစ်ကို ပြောင်းလဲကျင့်သုံးသောအခါ ပညာရည်နိမ့်ကျလာသည်ကိုတွေ့ရသည်။ အဓိကအားဖြင့် အင်္ဂလိပ်ဘာသာ တတ်မြောက်မှုတွင် အားနည်းလာ သဖြင့်နိုင်ငံတကာအဆင့်မြင့်ပညာကဏ္ဍတွင်နောက်ကျကျန်ခဲ့သည်။

ထို့အပြင် တိုင်းပြည်အတွင်း ပဋိပက္ခပြဿနာအမျိုးမျိုးတို့ကြောင့် ပညာရေးတွင် နှောင့်နှေးမှု၊ အဟောသိကံဖြစ်မှုများရှိခဲ့၍ လူငယ်လူရွယ်များ ပညာသင်ကြားရေးတွင် နစ်နာဆုံးရှုံးမှုများ ရှိခဲ့သည်။ မြန်မာနိုင်ငံတွင် လူဦးရေ ၅၅ သန်းခန့် ရှိသည့်အနက် သုံးသန်းခန့်သာ အဆင့်မြင့် ပညာဘွဲ့ရခဲ့ရာ နိုင်ငံလူဦးရေ၏ ၁၀ ရာခိုင်နှုန်းအောက်သာ အဆင့်မြင့်ပညာပြီးမြောက်ခဲ့သည်။ အဆင့်မြင့်ပညာ ပြီးမြောက်သော်လည်း အရည်အချင်းပြည့်ဝသော ပညာတတ်များနည်းပါးသည်။ အခြေခံပညာကဏ္ဍတွင်လည်း လူဦးရေ ၁၈ သန်းကျော်သည် မူလတန်းနှင့် အလယ်တန်း အဆင့်သာ သင်ကြားနိုင်ခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံပညာရေးသမိုင်းကြောင်းတွင် အကြောင်းအမျိုးမျိုးတို့ကြောင့် အရည်အချင်းပြည့်ဝသော ပညာတတ်များပေါ်ထွက်ရေး၌ အားနည်းမှု များရှိခဲ့သည်ကို ဝန်ခံရမည်ဖြစ်သည်။ နိုင်ငံတိုးတက်ရေး၊ ဖွံ့ဖြိုးရေးကဏ္ဍတွင် လိုအပ်ချက်များရှိလာခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် ပညာရေးကဏ္ဍမြင့်မားတိုးတက်လာရေးအတွက် အခက်အခဲအနှောင့်အယှက်များကြားမှ မဖြစ် မနေအားသွန်ခွန်စိုက် ကြိုးပမ်းလုပ်ဆောင်နေ သည်ကိုတွေ့ရမည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရေးသည် အဓိကကျသဖြင့် ပညာရေးကို ဦးစားပေးဆောင်ရွက်ကြရမည်ဖြစ်သည်။

ပညာရေးတွင် အရည်အချင်းမြင့်မားသော ပညာတတ်များပေါ်ထွက်လာရန်အတွက် အရည်အသွေးမြင့်မားသော ဆရာ၊ ဆရာမများအဖြစ် အဆင့်မြှင့်တင်ကြရမည်။ ဆရာ ဆရာမ များအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ပညာတတ်မြောက်ရေးအပြင် အလေ့အကျင့် ကောင်းများ၊ စိတ်ဓာတ်ကောင်းများ၊ အတတ်ပညာကောင်းများနှင့် တွေးတောကြံဆမှု ကောင်းများရှိစေရန် လေ့ကျင့်သင်ကြားပေးကြရမည်ဖြစ် သည်။တက္ကသိုလ်ပညာသင်ကြား နေစဉ်ဘဝအတွက် အတွေ့အကြုံကောင်းများရရှိစေရန်အတွက်လည်း လေ့ကျင့်ဆောင်ရွက်ပေး ကြရမည်ဖြစ်သည်။ ကျောင်းပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေး၍ ကျောင်းသား၊ ကျောင်းသူ များစိတ်ကူးစိတ်သန်းလန်းဆန်းပြီး ကျယ်ပြန့်သောအမြင်များ ဖြစ်ပေါ်လာအောင် ပြုလုပ်ပေး ရမည်။

မြန်မာနိုင်ငံတွင် ဇန်နဝါရီ ၆ ရက်နေ့မှစ၍ တက္ကသိုလ်ကောလိပ်သိပ္ပံကျောင်းများ ပြန်လည် ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ တိုင်းပြည်ကိုပျက်စီးစေလို သောအစွန်းရောက်နိုင်ငံရေးသမားများနှင့် အကြမ်းဖက်အဖျက်သမားများက ကျောင်းများ ပြန်လည်မဖွင့်လှစ်နိုင်အောင်၊ ဆရာ၊ ဆရာမများ ပညာသင်ကြားပေးခြင်းမပြုရဲအောင် နှောင့်ယှက်ဖျက်ဆီးတိုက်ခိုက်သတ်ဖြတ်မှုများ ပြုလုပ်လျက်ရှိသည်။ မည်သို့ပင် နှောင့်ယှက်ဖျက်ဆီး စေကာမူအန္တရာယ်ရန်စွယ်များကို ဖယ်ရှားကျော်လွှား၍ မဖြစ်မနေပညာသင်ကြားနေကြသည်။ ကျောင်းသား၊ ကျောင်းသူအားလုံး ကျောင်းမတက်နိုင်သော်လည်း အတိုင်းအတာတစ်ခုအထိ တက်ရောက်ပညာ သင်ကြားလျက် ရှိသည်။

ပညာသင်ကြားရေး နှောင့်နှေးမှုများရှိပါက လူငယ်လူရွယ်များဘဝအတွက် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်သည့်အပြင် နိုင်ငံ၏အနာဂတ်တွင် ပညာတတ်လူသား အရင်းအမြစ်ဖြစ်ထွန်းရေး၌ နှောင့်နှေးနစ်နာမှုများဖြစ်ပေါ်ခဲ့သည်။ အကြမ်းဖက်အဖွဲ့များနှင့် အကြမ်းဖက်သမားများက ကျောင်းပေါင်း ၅၀၀ နီးပါးဖျက်ဆီးခဲ့ကြပြီး ပညာရေးဝန်ထမ်းများကိုလည်း သတ်ဖြတ်ခဲ့သည်။ မည်သည့်နိုင်ငံတွင်မဆို အစိုးရကို ဆန့်ကျင်တိုက်ခိုက်သူများသည် ပညာရေးကို ဖျက်ဆီးခြင်း မရှိချေ။ မြန်မာနိုင်ငံတွင် ပညာရေးကဏ္ဍကို တိုက်ခိုက်ဖျက်ဆီးခြင်းသည် လူငယ်လူရွယ်များ၏ အနာဂတ်ကို ဖျက်ဆီးခြင်းဖြစ်ပြီး တိုင်းပြည်အနာဂတ်ပျက်စီးရေးကို ပြုလုပ်ခြင်းဖြစ်၍ ယုတ်မာပက်စက်မှုများမှာ ကမ်းကုန်ခဲ့ပြီဖြစ်သည်။

မည်သို့ပင် ပညာရေးကိုနှောင့်ယှက်ဖျက်ဆီးသော်လည်း လူသားအရင်းအမြစ်များ မဆုံးရှုံးစေရေးနှင့် လူငယ်လူရွယ်များ အနာဂတ်တိုးတက် ကောင်းမွန်ရေးအတွက် မြန်မာနိုင်ငံ၏ ပညာရေးတိုးတက်ကောင်းမွန်လာအောင် ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်လူသားအရင်းအမြစ်များ ပေါ်ထွက်လာအောင် ကြိုးပမ်းစွမ်းဆောင်ကြပါရန် တိုက်တွန်း အပ်ပါကြောင်း။ ။

ကြေးမုံ အယ်ဒီတာ့အာဘော်