ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအနိမ့်ဆုံးအနေဖြင့် နေ့စဉ် ၁ ရာခိုင်နှုန်း ဝန်းကျင်ခန့်သာ ရှိတော့သည့် အခြေအနေမှ ရောဂါကူးစက်မှု ပြန်တက်လာခဲ့ရာ ရက်သတ္တတစ်ပတ်ခန့် ကာလအတွင်း နေ့စဉ်ကူးစက်မှု ၇ ရာခိုင်နှုန်း ပတ်လည်သို့ ပြန်လည်ရောက်ရှိနေသည်။ ရာသီဥတုအေးမြနေခြင်းကို အကြောင်းပြု၍ ရာသီတုပ်ကွေး ပျံ့နှံ့နေမှုနှင့်လည်း တိုက်ဆိုင်နေရာ မိမိတို့၏ပတ်ဝန်းကျင်များတွင် ဖျားနာနေသူများကို တွေ့မြင်နေရပြီး ကိုဗစ်-၁၉ လော၊ ရာသီတုပ် ကွေးလောဟူ၍ အရောရော အထွေးထွေး ဖြစ်ကြရသည်။ မည်သို့ပင်ဖြစ်စေ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းမျဉ်း စည်းကမ်းများကို ကျင့်သုံးခြင်းအားဖြင့် ကူးစက်ရောဂါ နှစ်မျိုးစလုံးကို ကာကွယ်နိုင်ကြောင်း သိရှိကြပြီး ကူးစက်မခံရမီ ကြိုတင်ကာကွယ် ကြစေလိုသည်။
ကမ္ဘာတစ်ဝန်းလုံးတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာခြင်းမှာ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ကြောင့်ဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း အိုမီခရွန် ပြည်တွင်းကူးစက်မှု ရှိလာပြီးသည့်နောက် ကူးစက်ပျံ့နှံ့မှုနှုန်း ပြန်လည်မြင့်တက်လာရခြင်း ဖြစ်သည်။ လတ်တလောဖြစ်ပွားနေသည့် တုပ်ကွေးနှင့် ကိုဗစ်-၁၉ တို့မှာ လေထဲမှတစ်ဆင့် ကူးစက်နိုင်သည့် ရောဂါများဖြစ်ပြီး ကူးစက်မှုနှုန်းမြန်သလို ရောဂါလက္ခဏာများမှာလည်း ဆင်တူကြသည်။ ဖျားနာခြင်း၊ နှာရည်ယိုခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရှူမ၀ခြင်း စသည့် လက္ခဏာများက တုပ်ကွေးနှင့် ကိုဗစ်-၁၉ အတူတူဖြစ်နေ သည့်အတွက် နှာခေါင်းတို့ဖတ်ယူ စစ်ဆေးမှသာလျှင် ရောဂါကို ကွဲကွဲပြားပြား သိနိုင်မည်ဖြစ်သည်။ သတိပြုရမည့်အချက်မှာ တုပ်ကွေးဖြစ်စေ၊ အိုမီခရွန်ဖြစ်စေ နောက်ဆက်တွဲ ဆိုးကျိုးအန္တရာယ်များ ရှိနေသည့်အတွက် မပေါ့ဆရန်နှင့် ပြင်းထန်လာပါက ဆေးကုသမှုကို အချိန်မီခံယူကြရန် ပင်ဖြစ်သည်။
ကာကွယ်မှုနည်းလမ်းများအနေဖြင့် ကိုဗစ်-၁၉ ရော ရာသီတုပ်ကွေးပါ ကာကွယ်ဆေးများ အသီးသီးရှိကြသည့်အလျောက် ဆေးများထိုးနှံထားခြင်းဖြင့် ကူးစက်ခံရမှုမှ အထိုက်အလျောက် ကာကွယ်ရရှိနိုင်ကြသည်။ ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ပြည့် ထိုးနှံထားပြီးသူများကို စွမ်းအားမြှင့်(Booster) ထပ်မံထိုးနှံခြင်း၊ ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးနှံခြင်းကို တစ်နှစ်တစ်ကြိမ် ပြုလုပ်ခြင်းတို့ လိုအပ်သည်။ နောက်ထပ် လိုအပ်ချက်မှာ မိမိ၏ ကိုယ်ခံစွမ်းအားကို မြှင့်တင်ခြင်းဖြစ်သည်။ အာဟာရပြည့်ဝစွာ စားသုံးခြင်း၊ အိပ်ရေးဝဝ အိပ်ခြင်း၊ ရေကိုလုံလောက်စွာ သောက်ခြင်း၊ ဗီတာမင်နှင့် ဖြည့်စွက်အားဆေးများ စားခြင်း၊ စိတ်ဖိစီးမှုကိုလက်မခံဘဲ သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်း၍ စိတ်ချမ်းသာ ပေါ့ပါးစွာ နေထိုင်ခြင်းတို့ဖြင့် မိမိတို့၏ ကိုယ်ခံစွမ်းအားများကို မြှင့်တင်ထားကြရန် လိုအပ်သည်။ နောက်ဆုံးလိုအပ်ချက်အနေဖြင့် မလိုအပ်ဘဲ အပြင်ထွက်သွားလာမှုတို့ကို ရှောင်ကြဉ်၊ လိုအပ်၍ အပြင်သို့သွားလာရပါကလည်း ပါးစပ်နှာခေါင်းစည်း(Mask) တပ်ဆင်၊ လက်ကိုဆပ်ပြာ၊ ရေတို့ဖြင့် မကြာမကြာ ဆေးကြော၊ သို့မဟုတ်ပါကလည်း အရက်ပြန်ပါဝင်သည့် လက်ဆေးရည်၊ ဟန်းဂျယ်တို့ဖြင့် ဆေးကြော၊ တစ်ဦးနှင့် တစ်ဦး အနည်းဆုံး ခြောက်ပေအကွာတွင်နေ၊ လူစုလူဝေးရှောင်၊ အခန်းများ လေဝင်လေထွက်ကောင်းရန် ဆောင်ရွက်ထားခြင်း နည်းလမ်းများဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကိုရော ရာသီတုပ်ကွေးကိုပါ ကြိုတင်ကာကွယ် ရှောင်ရှားနိုင်သည်ဟု မျှဝေအပ်ပါကြောင်း။ ။