Skip to main content

ပြည်တွင်းအင်အားဖြင့် မျှော်မှန်းချက်များဖော်ဆောင်

“ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဟုဆိုပါသည်။ သူတစ်ပါး၏ အကူအညီဟူသည် အတိုင်းအတာတစ်ခု အထောက်အပံ့တစ်ခုသာဖြစ်၍ ရေရှည်တွင် ကိုယ့်ခွန်ကိုယ့်အားသာ အဓိက ကျပါသည်။ သူတစ်ပါးအကူအညီဖြင့် ရပ်တည် ရှင်သန်ခြင်းသည် သူတစ်ပါးနှာခေါင်းပေါက်နှင့် အသက်ရှူရသည်နှင့်တူပေသည်။ စွမ်းအားအပြည့်အဝမရှိပေ။ သူတစ်ပါးအစွမ်းအစဖြင့် ရှင်သန်ရပ်တည် ရသဖြင့် ရေရှည်တည်တံ့ခိုင်မြဲခြင်းလည်းမရှိပေ။

တိုးတက်ဖွံ့ဖြိုးနေသောနိုင်ငံများသည် ကိုယ့်ခွန်ကိုယ့်အား ပြည်တွင်းအားဖြင့် မိမိတို့နိုင်ငံကို မိမိတို့အင်အားဖြင့် တည်ဆောက်ထားကြသည်ကို တွေ့ရမည ဖြစ်သည်။ မြန်မာနိုင်ငံသည် ပကတိအခြေအနေများအရ ပြည်ပအကူအညီများ လိုအပ်နေသည်မှန်သော်လည်း ပြည်တွင်း၌ ကိုယ်ပိုင်စွမ်းအားများရှိနေ၍ ပြည်တွင်းအားကို မပစ်ပယ်အလေးထားရမည်ဖြစ်သည်။ ပြည်ပအကူအညီ ဟူသည် စေတနာသန့်သန့်ဖြင့် ကူညီမှုများရှိသကဲ့သို့ အနှောင်အဖွဲ့မကင်းသော မစစ်မှန်သည့် ကူညီမှုများလည်းရှိပေသည်။ ထို့ကြောင့် ပြည်တွင်းအားသည်သာ စစ်မှန်၍ ခွန်အားပြည့်ဝသော အားအစစ်အမှန်ဖြစ်ပေသည်။ ။

၂၀၂၂ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စု၏အင်အားကို တည်ဆောက်နိုင်ရန်အတွက် (၁) ပြည်တွင်းအားနှင့် ပြည်တွင်းစီးပွားရေးကို တိုးတက်မြှင့်တင်ရန်၊ (၂) ပြည်တွင်း နိုင်ငံရေးခိုင်မာအားရှိရန်၊ (၃) တိုင်းရင်းသားပြည်သူများအားလုံးပါဝင်သည့် ကာကွယ်ရေး စွမ်းအားလုပ်ဆောင်ရန်ဟူသည့် မျှော်မှန်းချက်များကို အသိပေး ပြောကြားထားရာ တိုင်းရင်းသား မိဘပြည်သူများ အားလုံး ပူးပေါင်းလုပ်ဆောင်ကြခြင်းဖြင့် မြန်မာ့ဂုဏ်ကို မြှင့်တင်နိုင်ရန် လိုအပ်ပါသည်။

နိုင်ငံတစ်နိုင်ငံအနေဖြင့် ကမ္ဘာ့အလယ်တွင်ဝင့်ကြွားထည်ဝါဂုဏ်တင့်တယ်စွာ ရပ်တည်နိုင်ရန်အတွက် ပြည်တွင်းစီးပွားရေး၊ နိုင်ငံရေး၊ ကာကွယ်ရေးစွမ်းအားများ တောင့်တင်းခိုင်မာအားကောင်းစေရန် ကြိုးပမ်းလုပ်ဆောင်နေကြသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ပထမအချက်အနေဖြင့် တိုင်းပြည်သာယာဝပြောမှုရှိရန်၊ စားရေရိက္ခာပေါများရန်။ ဒုတိယအချက် အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာဖြစ်အောင် တည်ဆောက်ရန်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရန်နှင့် တတိယ အချက်အနေဖြင့် နိုင်ငံ၏ဓနအင်အား တိုးတက်လာချိန်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာချိန်၊ နိုင်ငံရေးအရလည်း တည်ငြိမ်မှုရှိလာသည့်အချိန်တွင် နိုင်ငံ၏လုံခြုံရေးကို အပြည့်အဝကာကွယ်ပေးနိုင်သည့် ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့အား ပြည်တွင်းအားဖြင့် တည်ဆောက်၍ စွမ်းရည်ရှိသည့်တပ်မတော်၊ စွမ်းအားရှိသည့် တပ်မတော် ဖြစ်စေရန် မျှော်မှန်းထားသည်။

မျှော်မှန်းချက်များကို အကောင်အထည်ပေါ်အောင်ဆောင်ရွက်ရာ၌ ပြည်တွင်း စီးပွားရေးမြှင့်တင်ရေးကို ဦးစွာဆောင်ရွက်နေသည်။ ပြည်တွင်း၌ သဘာဝအရင်း အမြစ်များ၊ လူသားအရင်းအမြစ်များ ပေါများကြွယ်ဝလှသဖြင့် ပြည်တွင်းထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်ကာ ပြည်ပမှီခိုအားထားမှုကို လျှော့ချ၍ အသုံးပြုကြရမည်ဖြစ်သည်။ မြေပေါ်မြေအောက်သဘာဝသယံဇာတများနှင့် လူသားအရင်း အမြစ်များကို အကျိုးရှိစွာအသုံးချနိုင်မည်ဆိုပါက နိုင်ငံမှာ မလွဲမသွေဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သည်။ နိုင်ငံရေးအားကောင်းလာစေရန်အတွက် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးနှင့် ပါတီစုံဒီမို ကရေစီစနစ်ကို စစ်မှန်ခိုင်မာအားကောင်းလာစေရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အား၊ ကာကွယ်ရေးအင်အား ထိုသုံးရပ် သည် ပြည်တွင်း၌သာရှိပြီး ၎င်းတို့သည် တစ်ခုနှင့်တစ်ခု အပြန်အလှန်အမှီသဟဲပြု အထောက်အကူ ပြုလျက်ရှိသည်။

နိုင်ငံအတွက် မျှော်မှန်းချက်များကို အကောင်အထည်ဖော်ရာ၌ လိုအပ်သည် များကို နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး စီးပွားရေး၊ နိုင်ငံရေးရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ပေါ်လာရေးအတွက် ညီညွတ်သည့်စွမ်းအားများဖြင့် ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြ ရမည် ဖြစ်သည်။ တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိသည်ဟူသော ခံယူချက်၊ ယုံကြည်ချက်ဖြင့် ရည်မှန်းချက်များ အောင်မြင်အောင် မမှိတ်မသုန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေးရည်မှန်းချက်များ အကောင်အထည်ပေါ်လာပါက နိုင်ငံသူ နိုင်ငံသားများ အားလုံးပါဝင်သော စုစည်းညီညွတ်သည့် ကာကွယ်ရေး အင်အားစုကြီး ပေါ်ထွန်းလာမည်ဖြစ်သည်။

သို့ဖြစ်ရာ မျှော်မှန်းထားသော စီးပွားရေးအင်အား၊ နိုင်ငံရေးအင်အား၊ ကာကွယ်ရေးအင်အားများ ဖြစ်ထွန်းလာရန်အတွက် ပြည်တွင်းမှ စုစည်းညီညွတ်သော အင်အားများဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။