Skip to main content

ထွက်နှုန်းမြင့်၊ ဈေးကောင်းရ

ကျေးလက်ဒေသများ စီးပွားကောင်းမွန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့က ကျေးလက်ကုန်ထုတ်လုပ်မှုများ တိုးတက်မှုအပေါ်တွင် မူတည်သည်။ စိုက်ပျိုး ထုတ်လုပ်သူ တောင်သူတစ်ဦးအနေဖြင့် ၎င်းစိုက်ပျိုးသည့် သီးနှံ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ စသည်တို့ ထွက်နှုန်းမြင့်ရန်နှင့် ဈေးကောင်းရရန်ဟူသော အချက်နှစ်ချက်ကို မျှော်လင့်ကြရခြင်းဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများမှ တောင်သူများတွင် ခေတ်သစ် စိုက်ပျိုးရေးနည်းပညာများ၊ ခေတ်မီစက်ယန္တရားများ အသုံးပြုထုတ်လုပ်နိုင်ကြသည့်အတွက် မြေတစ်ဧကချင်း တူလျှင်ပင် ၎င်းတို့၏ ထုတ်လုပ်နိုင်စွမ်းမှာ မြင့်မားကြသည်။ မိရိုးဖလာ သမားရိုးကျ စိုက်ပျိုး ထုတ်လုပ်ခြင်းနှင့် နှိုင်းယှဉ်ပါက နည်းပညာနှင့် ယန္တရားများကို အသုံးပြုကြသည့် ခေတ်မီစိုက်ပျိုးရေးစနစ်ကြောင့် ထုတ်လုပ်မှုစရိတ် လျော့နည်းသည့်အတွက် ဈေးကွက်တွင်လည်း ဈေးနှုန်းသက်သာပြီး ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားကြသည်။ သမားရိုးကျထုတ်လုပ်ပြီး အရည်အသွေးနိမ့် သည့်အပြင် ဈေးလည်းမြင့်နေမည့် ကုန်စည်မှာ ဈေးကွက်တွင် တိုးနိုင်မည်မဟုတ်သည်မှာ သေချာလှသည်။

“မိမိတို့နိုင်ငံတွင် လူဦးရေ ၅၅ သန်းခန့်ရှိပြီး ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသတွင် နေထိုင်ကြ ကြောင်း၊ ၃၈ သန်းမျှသော နိုင်ငံသူ နိုင်ငံသားများသည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများဖြင့် အဓိကအသက်မွေးဝမ်းကျောင်း ပြုကြသူများဖြစ်ကြောင်း၊ နိုင်ငံ၏ အဓိက ဝင်ငွေရရှိရေးအတွက်လည်း ဆောင်ရွက်နေကြသူများဖြစ်ကြောင်း၊ မြေပေါ်မြေအောက်သယံဇာတ ပစ္စည်းများ ထုတ်ယူရာတွင် နည်းပညာကိုအခြေခံပြီး လုပ်ဆောင်ကြကြောင်း၊ လက်ရှိ မိမိတို့နိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၌ အများစုသည် လုပ်အားကို အခြေပြု၍ ဆောင်ရွက်နေကြခြင်း ဖြစ်သည့်အတွက် လုပ်ဆောင်သည်နှင့်ညီမျှသည့် အကျိုးအမြတ်များရရှိအောင် တာဝန်ရှိသူများက ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း” ဖြင့် “မျိုးစေ့ပြပွဲ ၂၀၂၂” ဖွင့်ပွဲအခမ်းအနား၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် စိုက်ပျိုးမွေးမြူရေး ဖြစ်ထွန်းအောင်မြင်လိုပါက မျိုး၊ မြေ၊ ရေ၊ နည်း စသည့်(၄)ချက်ကို အလေးထားရန်လည်းတိုက်တွန်းခဲ့ရာ စိုက်ပျိုးမွေးမြူရေး ကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေသည့် တာဝန် ရှိသူများအားလုံးကပါ နိုင်ငံ၏ စိုက်ပျိုးမွေးမြူးကုန်ထုတ်လုပ်မှု မြင့်မားရေးဟူသောအမြင်ဖြင့် အလေးထား ဆောင်ရွက်ကြရမည်လည်းဖြစ်သည်။ အထူးသဖြင့် တောင်သူများအား နည်းပညာများ ပေးရာတွင် အထွက်တိုးနည်းပညာများအပြင် ဈေးကွက်ဝင် သီးနှံများ အတွက် အကြံဉာဏ်များပေးခြင်း၊ ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များပေးခြင်း၊ ဈေးကွက်ဝင် အရည်အသွေးမီ ထုတ်လုပ်နိုင်ရန် နည်းပညာပေးခြင်း၊ ပြုပြင်ထုပ်ပိုးမှု နည်းပညာပေးခြင်း၊ စီးပွားဖြစ်စိုက်ပျိုးသည့် သီးနှံပုံစံများ၊ စိုက်ပျိုး ရေးနှင့် မွေးမြူရေးတွဲဖက်ဆောင်ရွက်နိုင်သည့် နည်းလမ်းများ စသည်ဖြင့် ဈေးကွက်နှင့်ဆက်စပ်၍ အသိပညာ၊ နည်းပညာနှင့် သတင်းအချက်အလက်ဝန်ဆောင်မှုတို့ကို တောင်သူများ ကျွမ်းကျင်စွာ အသုံးပြုနိုင်စေရန်အထိ ပံ့ပိုးကူညီမှုပြုလုပ်ပေးရန် လိုအပ်မည်ဟူ၍ ရှုမြင်မိသည်။

မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးအတွက် အခြေခံအရင်းအမြစ်များ တည်ရှိနေသကဲ့သို့ ဘေးပတ်ဝန်းကျင်နိုင်ငံများသည်ပင် အနီးဆုံးဈေးကွက်များ ဖြစ်သည့် အားသာချက်များလည်း ရှိနေသည်။ စိုက်ပျိုးမွေးမြူကုန်ထုတ်လုပ်မှု မြင့်မားစေကာ ပြည်တွင်းစားနပ်ရိက္ခာ ပေါများစေရုံသာမက ပြည်ပ တင်ပို့နိုင်ခြင်းဖြင့် ကျေးလက်နေပြည်သူများဘဝ မြင့်မားစေရမည်ဖြစ်သည်။ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းဖြစ်သော ကျေးလက်ပြည်သူများ လူမှုစီးပွားဘဝကို မြှင့်တင်ပေးခြင်းသည် နိုင်ငံစီးပွားရေး ကိုပါ မြင့်မားစေမည်ဖြစ်ပါကြောင်း။ ။