တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်ခဲ့ရာ ယခင်က ထက်စာလျှင် တိုးတက်မှုရှိသော်လည်း အားရကျေနပ်ဖွယ် မရှိသေးကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီအစည်းအဝေး (၁/၂၀၂၂)တွင် ပြောကြားခဲ့ပြီး စစ်ဆေးရေးအဖွဲ့များ၏ လိုအပ်ချက်များကိုလည်း ထောက်ပြခဲ့သည်။
တရားမဝင်ကုန်သွယ်မှုများ တိုက်ဖျက်ခြင်းက မိမိတို့နိုင်ငံအတွက် လွန်စွာအရေးကြီးသည့်အတွက် အစိုးရအဆက်ဆက် ဆောင်ရွက် ခဲ့ကြသည်။ တရားမဝင်ကုန်သွယ်မှုများသည် နိုင်ငံ၏ စီးပွားဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေသည့် အဓိကအချက် တစ်ခုဖြစ်သည်။ တရားမဝင်ကုန်သွယ်မှု ကြီးထွားနေသည့်အခါတွင် တရားဝင်ကုန်သွယ်မှုကို ထိခိုက်စေသည်။ နိုင်ငံအတွက် အခွန်ဘဏ္ဍာကို လျော့နည်းစေပြီး စားသုံးသူပြည်သူလူထုအတွက် ကုန်စည်၏ အရည်အသွေးစစ်မှန်မှုနှင့် ဘေးအန္တရာယ် ကင်းရှင်းမှုတို့အပေါ် အာမခံချက်မရှိသည့် ကုန်ပစ္စည်းများကိုသာ ရရှိနိုင်သည်။ အကောက်ခွန်မဲ့ တရားမဝင် ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်လာသည့် မှောင်ခိုကုန်ပစ္စည်းကြောင့် ပြည်တွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ရပ်တည်ရန်လည်း ခက်ခဲလာသည်။
စင်စစ်အားဖြင့် တရားမဝင်ကုန်သွယ်မှုများမှာ ဥပဒေနှင့် ဆန့်ကျင်သည့် မသမာမှုများသာဖြစ်သည်။ တရားမဝင်ကုန်သွယ်မှုနှင့်အတူ အဂတိလိုက်စားမှုကလည်း ဒွန်တွဲ၍ရှိနေကာ ပေးသူယူသူ အကျိုးတူပူးပေါင်း ကျူးလွန်ကြခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ် ဇွန်လက မြန်မာနှင့်ထိုင်း နယ်စပ်ကုန်သွယ်မှု စာရင်းဇယားများကို တိုက်ဆိုင်စစ်ဆေး ကြည့်ရှုခဲ့ရာတွင် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော် ကွာဟမှုရှိခဲ့ကြောင်း တွေ့ရှိခဲ့ရာ တရားမဝင် ကုန်သွယ်မှုပမာဏ မည်မျှကြီးမားသည်ကို တွေ့ရှိနိုင်သည်။ တရားမဝင်ကုန်သွယ်မှု လမ်းကြောင်းတွင် မိမိနိုင်ငံဘက်မှ ကျွန်းသစ်၊ သစ်နှင့် သစ်တောထွက်ပစ္စည်းများ၊ ကျောက်စိမ်း၊ သတ္တုများ၊ လယ်ယာထွက်ကုန်၊ ကျွဲနွားများ စသည်တို့ အများဆုံးထွက်သွားပြီး ဆေးနှင့် ဆေးပစ္စည်း၊ လူသုံးကုန်၊ အလှကုန်၊ လျှပ်စစ်ပစ္စည်းများ၊ အရက်ဘီယာ၊ စီးကရက်၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မျိုးစေ့များ အများဆုံးပြန်ဝင်သည်။ တရားမဝင်ကုန်သွယ်မှု လမ်းကြောင်းပေါ်တွင် မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခို သယ်ဆောင်မှုတို့ကဲ့သို့သော ရာဇဝတ်မှုနှင့် အကြမ်းဖက် လုပ်ငန်းများနှင့်ပါ ဒွေးရောယှက်တင် ဖြစ်ပေါ်နေနိုင်သည့် အခြေအနေထိပါ မျှော်တွေး၍ ထိထိရောက်ရောက် တားဆီးစစ်ဆေး သွားကြရမည်ဖြစ်သည်။
တရားမဝင်ကုန်သွယ်မှုများ တားဆီးနှိမ်နင်းတိုက်ဖျက်ခြင်းက နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးပါသည်။ နိုင်ငံတော်က ဆောင်ရွက်နေသည့် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်ရန်ရည်ရွယ်သည့် သွင်းကုန်ကန့်သတ်မှု၊ တစ်ဆက်တည်းမှာပင် ပြည်တွင်းထုတ်ကုန်များ ဦးစားပေးထုတ်လုပ်ရေးနှင့် ပြည်တွင်းထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်လာရေး၊ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိလာရေး တို့အတွက် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးကို အမျိုးသားရေးအဖြစ် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်သည်။
တရားမဝင်ကုန်သွယ်မှုတို့ကို သတင်းပေးတိုင်ကြားနိုင်ရန်နှင့် တရားမဝင်ကုန်သွယ်မှု ကိစ္စများတွင် ဝန်ထမ်းများပါဝင် ပတ်သက်မှုများကို တိုင်ကြားနိုင်ရန်တို့အတွက် တယ်လီဖုန်းနံပါတ်၊ ဖက်စ်ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာများကို နိုင်ငံပိုင်သတင်းစာများနှင့် မြန်မာ့ရုပ်မြင် သံကြားတို့မှတစ်ဆင့် အများသိအောင် ကြေညာထားပြီးဖြစ်ရာ နိုင်ငံတော်၏ အကျိုးနှင့် စားသုံးသူ ပြည်သူလူထု၏အကျိုး၊ ပြည်တွင်း ကုန် ထုတ်လုပ်သူများနှင့် ပြည်တွင်း ကုန်ထုတ်လုပ်ငန်းများတွင် ပါဝင်အသက်မွေးဝမ်းကျောင်း နေကြသူများ၏ အကျိုးတို့အတွက် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးတွင် ပူးပေါင်းပါဝင် နိုင်ကြပါစေကြောင်း။ ။