ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် နှစ်ပေါင်းထောင်ချီ အဓွန့်ရှည်တည်တံ့ ခိုင်မြဲလျက်ရှိသည်။ ဆက်လက်၍လည်း တည်တံ့ခိုင်မြဲနေဆဲ ဖြစ်သည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အခွန်ရှည်တည်တံ့ ခိုင်မြဲရန်အတွက် အဓိကအားဖြင့် ကာကွယ်စောင့်ရှောက် ပေးခဲ့ကြသူ များမှာ မည်သူတို့ဖြစ်ပါသနည်း။ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခဲ့သော သူတို့သည် မည်သူတို့ဖြစ်သည်ကို သမိုင်းတွင် ကြည့်နိုင် ပါသည်။
မြန်မာနိုင်ငံသည် နိုင်ငံဖြစ်တည်လာသည့် အချိန်မှစ၍ ခက်ခဲကြမ်းတမ်းသော သမိုင်းရေစီးကြောင်းတွင် ဖြတ်သန်းခဲ့ရပါသည်။ ပြည်တွင်း ပဋိပက္ခများ၊ ပြည်ပ ကျူးကျော်မှုများ ကြုံတွေ့ခဲ့ရပါသည်။ သို့သော် အဓွန့်ရှည်လျားသော သမိုင်းစဉ်တစ်လျှောက်တွင် “ဇမ္ဗူတစ်ရာမှာ မြန်မာ” ဟူသော ဟိတ်ဖြင့် မတွန့်မဆုတ်၊ မကြောက်မလန့်၊ လေပြင်းမုန်တိုင်း မည်မျှပင် ကျရောက်သော်လည်း တုန်လှုပ်ခြင်းကင်းသော ကျောက်စိုင် ကျောက်သားကဲ့သို့ ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်ခဲ့ပါသည်။ ပြည်ထောင်စုကြီး မပြိုကွဲအောင်၊ မပျက်စီးအောင် ထိန်းသိမ်း စောင့်ရှောက် ကာကွယ်နိုင်ခဲ့ပါသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပထဝီဝင်အနေအထားကို လေ့လာကြည့်လျှင် ရှည်လျားစွာသော နယ်စပ်မျဉ်းကြောင်းတစ်လျှောက်၏ တစ်ဖက်တစ်ချက်တွင် အလွန်ကြီးမားသော နိုင်ငံကြီးနှစ်နိုင်ငံ ရှိနေသည်မှာ အံ့သြဖွယ်ရာဖြစ်သည်။ မြန်မာနိုင်ငံ၏ လူဦးရေအားဖြင့် လည်းကောင်း၊ အကျယ်အဝန်းအားဖြင့် လည်းကောင်း အဆမတန် ကွာဟနေသည့် နိုင်ငံခြားတွင် တည်ရှိနေသည်မှာ ထူးခြားမှုဖြစ်သည်။ ထိုသို့သော အခြေအနေရှိနေသော်လည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ခေတ်အဆက်ဆက်၊ သမိုင်းအဆူဆူ၊ ရာဇဝင်အစောင် စောင်တို့တွင် ထွန်းပြောင်သောအသရေဖြင့် ရပ်တည်နိုင်ခဲ့သည်သာ ဖြစ်သည်။
မည်သည့်ခေတ်ကာလတွင်မျှ နိုင်ငံတော်၏ ပိုင်နက်နယ်မြေပြင်သည် တစ်စုံတစ်ရာမျှ ပဲ့၍ရွဲ့၍ မသွားခဲ့။ တစ်စုံတစ်ရာမျှ ဖဲရန်၊ ရှူရန် ပြုလုပ်ရန်လည်း လုံးဝမရခဲ့ချေ။ မြန်မာလူမျိုး၊ မြန်မာတိုင်းရင်းသားတို့၏ ဇာတိမာန်၊ ဇွဲလုံ့လသတ္တိ၊ ဗျတ္တိ၊ စွမ်းပကားများနှင့် အာဇာနည်စိတ်ထားတို့ကိုလည်း ပျောက်အောင်၊ ပျက်အောင် ပြုလုပ်နိုင်ခြင်းလည်း အလျှင်းမရှိချေ။ မြန်မာတို့၏ အသွေးအသား၊ ရိုးတွင်းခြင်ဆီတွင် စိမ့်ကာ၊ ကပ်ကာ၊ ခိုမှီးနေသည့် မျိုးရိုးဗီဇတို့မှာလည်း ပျောက်ပျက်သိမ်ဖျင်းခြင်း အလျှင်းမရှိပေ။ မြန်မာတို့၏ ဓားသည် မည်သည့်အခါတွင်မှ မတွေးခဲ့သလို မြန်မာတို့၏ ဇာတိမာန်သည်လည်း မည်သည့်အခါတွင်မှ တုံးခြင်းမရှိပေ။ အမျိုးမာန် ဇာတိသွေးတို့သည် ပွက်ပွက်လှိုက်ဆူကာ သောင်းသောင်းညံလျက် ရှိနေတတ်သည်။
ဤကဲ့သို့ ဇာတိမာန် မပျောက်ပျက်ရလေအောင်၊ ဤကဲ့သို့ နိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ ခိုင်မြဲရလေအောင် မည်သူတို့က ကာကွယ်စောင့်ရှောက် ခဲ့ကြပါသနည်း။ အဖြေမှာ ပုဂံခေတ်ဦးကတည်းက ယနေ့ခေတ်သစ်သို့တိုင်အောင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အသက်ပေး ကာကွယ်စောင့်ရှောက်ခဲ့ကြသည့် မြန်မာ့တပ်မတော် စစ်သည်တော်များသာလျှင် ဖြစ်ပေသည်။ ပုဂံခေတ်ဦးမှသည် ယနေ့ခေတ်၊ အနာဂတ်ခေတ်များ တိုင်အောင် မြန်မာ့တပ်မတော်သည် ခေတ်အဆက်ဆက်တွင် သမိုင်းပေးတာဝန် များကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည်။ တိုင်းပြည်အရေး၊ အမျိုးသားရေး တို့ကို ဦးလည်မသုန် ဆောင်ရွက်ခဲ့ကြသည်။
သို့ကြောင့်သာ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲနေ၍ တိုင်းရင်းသား ပြည်သူအားလုံး ဤမြေတွင် အဓွန့်ရှည်စွာ ရပ်တည် နေထိုင်ကြရပါသည်။ မြန်မာနိုင်ငံသည် နှစ်ပေါင်းထောင်ချီ ရပ်တည်ခဲ့သည့်ကာလအတွင်း တိုင်းတစ်ပါးလက်အောက်သို့ နှစ်ပေါင်းတစ်ရာ ကျော်ကြာအောင် တစ်ကြိမ် ကျရောက်ခဲ့သည်မှအပ မည်သည့်အခါမျှ တိုင်းတစ်ပါး လက်အောက်သို့ ကျရောက်ခြင်းမရှိပေ။ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရန်အတွက် အဓိကအားဖြင့် ကာကွယ်စောင့်ရှောက် ပေးခဲ့သည်မှာ မြန်မာ့တပ်မတော်ဖြစ်ပါသည်။ တပ်မတော်သည် တိုင်းရင်းသား ပြည်သူများနှင့် အတူလက်တွဲ၍ တိုင်းပြည်ရန်စွယ် အန္တရာယ်များကို လက်တွဲဝန်းရံ တွန်းလှန် ကာကွယ်ခဲ့ကြပါသည်။
မျက်မှောက်ကာလတွင် တပ်မတော်၏ ခေတ်အဆက်ဆက် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်ခဲ့ကြသည့် အခြေအနေများကို နားလည်မှုလွဲမှားမှု၊ စိတ်သဘောထားချင်း မတိုက်ဆိုင်မှု၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မလွှဲသာ၊ မရှောင်သာ အခြေအနေများအရ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ရမှုတို့ကို လက်ခံနိုင်ခြင်း မရှိသူများ အနေဖြင့် သွေးထိုးလှုံ့ဆော်မှုများရှိနေပြီး တပ်မတော်နှင့် ပြည်သူကို သွေးကွဲအောင် ပြုလုပ်လျက်ရှိသည်။ တပ်မတော်သည် စတင်ဖွဲ့စည်းစဉ်အချိန်မှ ယနေ့အချိန်အထိ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခဲ့သည့်၊ အစဉ်အလာရှိသည့်၊ ဂုဏ်သိက္ခာရှိသည့် တပ်မတော်ဖြစ်သည်။
သို့ဖြစ်ရာ တပ်မတော်သည် သမိုင်းအစဉ်အဆက် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးအတွက် အသက်၊ သွေး၊ ချွေး၊ ဘဝများပေးဆပ် အပ်နှင်းထားသည်။ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အစဉ်အလာကောင်းသော နိုင်ငံတော်၏ သမိုင်းဂုဏ်ရောင် ထွန်းပြောင်နေစေရန် တပ်မတော်သည် ဆက်လက် တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားမည်ဟု ယုံကြည်ပါကြောင်း။ ။