ရန်ကုန် မတ် ၆
အခြေခံပညာ အလယ်တန်း၊ အထက်တန်း သင်ရိုးညွှန်းတမ်းရေးဆွဲရေး အစည်းအဝေးကို ယမန်နေ့ ညနေ ၄ နာရီခွဲတွင် ရန်ကုန်မြို့ ပါမောက္ခချုပ်များ ကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် Grade-4, Grade-7, Grade-10 ကျောင်းသုံးဖတ်စာအုပ်များနှင့် ဆရာကိုင်စာအုပ်များကို ပြီးစီးအောင် အားသွန်ခွန်စိုက် ဆောင်ရွက်ပေးသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ကျောင်းသုံးဖတ်စာအုပ်များ၊ ဆရာကိုင် စာအုပ်များကို ကျောင်းဖွင့်ချိန်မတိုင်မီ သက်ဆိုင်ရာဒေသအသီးသီးသို့ ရောက်ရှိရန်လိုအပ်ပါကြောင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အသုံးပြုမည့် Grade-5, Grade-8, Grade-11 ကျောင်းသုံးဖတ်စာအုပ်များနှင့် ဆရာကိုင်စာအုပ်များ အချိန်မီပြီးစီးရန်အတွက်လည်း အရေးကြီးပါကြောင်း၊ ဘာသာရပ်ကော်မတီဥက္ကဋ္ဌများဖြစ်သည့် တက္ကသိုလ်များမှ ပါမောက္ခကြီးများက တက္ကသိုလ်စာမေးပွဲများ၊ တက္ကသိုလ်ဝင်စာမေးပွဲများဆိုင်ရာ မေးခွန်း များနှင့်ပတ်သက်၍ မပေါက်ကြားရန်၊ မှန်ကန်လုံခြုံတိကျရန်၊ အဖြေလွှာများကို တိတိကျကျစစ်ဆေးဆောင်ရွက်နိုင်ရန်တို့အတွက် အထူးဂရုပြုစေလိုကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများစစ်ဆေးခြင်းကို သတ်မှတ်ရက်အတိုင်း ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန်အတွက် အထက်တန်းပြဆရာ ဆရာမအင်အား လုံလောက်စွာရရှိရန် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ သင်ရိုးသစ်များအတွက် မူလတန်း၊ အလယ်တန်း၊ အထက်တန်းတို့မှ သက်ဆိုင်ရာဆရာ ဆရာမများအား သင်တန်းများ ပေးရန် လိုအပ်ပါကြောင်း၊ ဆင့်ပွားသင်တန်းများကိုလည်း မှတ်တမ်းဗီဒီယို ရိုက်ကူးရန်နှင့် လုပ်ငန်းအဆင့်ဆင့်အတွက် အစီအစဉ်များ ချမှတ်ထားရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အမျိုးသားပညာရေးမူဝါဒကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘာသာရပ် သင်ရိုးညွှန်းတမ်းကော်မတီဥက္ကဋ္ဌများက လိုအပ်ချက်၊ အခက်အခဲများနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြကြသည်။
သင်ရိုးညွှန်းတမ်း ရေးဆွဲရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသား ပညာရေး မူဝါဒကော်မရှင်နှင့် အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီတို့မှ ဦးစီး၍ ၂ဝ၂ဝ ပြည့်နှစ် ဇွန်လအတွင်း ဘာသာရပ်အလိုက် သင်ရိုးညွှန်းတမ်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)