Skip to main content

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

နေပြည်တော် မတ် ၆

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ (၈၅) နိုင်ငံတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည် ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများ နှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ ထိုသို့ဆောင်ရွက်ရာတွင် -

(က) ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင်နေထိုင်သော အသက် (၃၅) နှစ်အရွယ် အမျိုးသားတစ်ဦးသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ (၃-၃-၂၀၂၀)ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့ပြီး (၅-၃-၂၀၂၀) ရက်နေ့မှ စတင်၍ ဖျားခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများ ခံစားနေရကြောင်း ကျေးလက်ကျန်းမာရေးဌာနခွဲမှ သတင်းပေးပို့ခဲ့သဖြင့် ၎င်းနေ့တွင်ပင် နေပြည်တော်၊ ခုတင် (၁,၀၀၀) ဆံ့ပြည်သူ့ဆေးရုံကြီးသို့ ညွှန်းပို့ခဲ့ပါသည်။ ၎င်းအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန (ရန်ကုန်)သို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

(ခ) ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် နေထိုင်သော အသက် (၃၀) နှစ်အရွယ် အမျိုး သမီးတစ်ဦးသည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ (၆-၃-၂၀၂၀) ရက်နေ့၊ နံနက် (၁၀း၁၅) နာရီအချိန်တွင် ရောက်ရှိလာခဲ့ပြီး လေဆိပ်ကျန်းမာရေးဌာနတွင် တာဝန်ကျ ကျန်းမာရေးဝန်ထမ်းများမှ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ကိုယ်အပူချိန် မြင့်တက်ခြင်း၊ ချောင်း ဆိုးခြင်း၊ မောပန်းခြင်း၊ စသည့် ရောဂါလက္ခဏာများ ခံစားခဲ့ရကြောင်း တွေ့ရှိရသဖြင့် ဝေဘာဂီအထူးကုဆေးရုံသို့ ညွှန်းပို့ခဲ့ပါသည်။ ၎င်းအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ၎င်း၌ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ လက္ခဏာများ မတွေ့ရှိရပါ။

(ဂ) ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် နေထိုင်သော အသက် (၁၄) နှစ်အရွယ် အမျိုးသား (၁) ဦးသည် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်းခြင်း ရောဂါလက္ခဏာ များဖြင့် (၄-၃-၂၀၂၀) ရက်နေ့တွင် အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးသို့ လာရောက်ပြသခဲ့ရာ လူနာမှာ COVID-19 ရောဂါကူးစက် ဖြစ်ပွားလျက်ရှိသော နိုင်ငံများသို့ ခရီးသွားရာဇဝင်နှင့် သံသယလူနာများနှင့် ထိတွေ့ခဲ့သည့် ရာဇဝင်မရှိသော်လည်း လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ တွေ့ရှိရသဖြင့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲ နမူနာရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

(ဃ) ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် နေထိုင်သော အသက် (၃၄) နှစ် အရွယ် အမျိုးသားတစ်ဦးသည် (၂၃-၂-၂၀၂၀) ရက်နေ့မှစ၍ ဖျားခြင်း၊ မောပန်းခြင်း၊ ချောင်းဆိုးသွေးပါခြင်း စသည့် ရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့် ပုဂ္ဂလိကဆေးရုံ တစ်ခုတွင် (၂၆-၂-၂၀၂၀) ရက်နေ့မှ (၅-၃-၂၀၂၀) ရက်နေ့အထိ ဆေးကုသမှုပေးခဲ့ပြီး (၆-၃-၂၀၂၀) ရက်နေ့၊ နေ့လည် (၁၂:၀၀) နာရီအချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ညွှန်းပို့ခဲ့ပါသည်။ လူနာတွင် COVID-19 ရောဂါကူးစက်ဖြစ်ပွားနေသော နိုင်ငံများသို့ ခရီးသွားရာဇဝင်မရှိသော်လည်း လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ လက္ခဏာများ တွေ့ရှိရသဖြင့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက် ရှိပြီး ၎င်းထံမှ ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန(ရန်ကုန်) သို့ ပေးပို့စစ်ဆေးထားရှိပါသည်။ လူနာအား အထူးကြပ်မတ် ကုသမှုများ ပေးခဲ့သော်လည်း အခြေအနေ ပိုမိုဆိုးရွားလာပြီး (၆-၃-၂၀၂၀) ရက်နေ့၊ ညနေ (၄း၃၀) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။

၃။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် နေထိုင်သော အသက် (၄၀)နှစ်အရွယ် အမျိုးသားတစ်ဦး သည် (၅-၃-၂၀၂၀)ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရွှေလီမြို့မှ မန္တလေးမြို့သို့ သွားစဉ် လားရှိုးမြို့သို့ အရောက်တွင် အသက်ရှူကြပ်၍ မောလာ သဖြင့် (၅-၃-၂၀၂၀) ရက်နေ့၊ ည (၈:၄၀) နာရီအချိန်တွင် လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။ လူနာအား ရောဂါရာဇဝင် စစ်ဆေးမေးမြန်းချက် အရ လူနာသည် လွန်ခဲ့သော (၅) လခန့်မှစ၍ ဆီးချိုရောဂါခံစားနေရပြီး ဖျားခြင်း၊ ချောင်းဆိုးခြင်း စသည့်လက္ခဏာများအား လွန်ခဲ့သော ရက်ပေါင်း (၄၀) ခန့်ကစတင်၍ ခံစားနေခဲ့ရကြောင်း သိရှိရပါသည်။ ၎င်းအား သံသယလူနာအဖြစ် သတ်မှတ်၍ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် သီးခြားထားရှိ၍ ဆေးကုသမှုများပေးရန် စီစဉ်ဆောင်ရွက်ပြီး အဆိုပါ လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့ စစ်ဆေးခဲ့ပါသည်။ သို့ရာတွင် လူနာသည် ရောဂါအခြေအနေ ပိုမိုဆိုးရွားလာပြီး (၅-၃-၂၀၂၀) ရက် နေ့၊ ည (၉:၄၀) နာရီအချိန်တွင် နှလုံးကြီးခြင်း၊ နှလုံးကောင်းစွာ အလုပ်မလုပ်ခြင်း၊ သေချာစွာ ကုသမှုမရရှိထားသော ဆီးချိုရောဂါနှင့် အဆုတ်ရောင်ခြင်းတို့ကြောင့် သေဆုံးသွားခဲ့ပါသည်။

၄။ (၄-၃-၂၀၂၀) ရက်နေ့မှစ၍ စောင့်ကြည့်လူနာအဖြစ် မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံကြီးတွင် အထူးကြပ်မတ်ကုသမှုများပေးလျက်ရှိသော မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်မှ အသက် (၆၈) နှစ်အရွယ် အမျိုးသမီးသည် ရောဂါအခြေအနေ ပိုမိုဆိုးရွားလာပြီး (၆-၃-၂၀၂၀) ရက်နေ့၊ နံနက် (၇:၄၀) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။ အဆိုပါအမျိုးသမီးတွင် နာတာရှည် နှလုံးရောဂါနှင့် ဆီးချိုရောဂါများရှိကြောင်းနှင့် ကနဦးသုံးသပ်ချက်အရ သေဆုံးရ​သော အကြောင်းအရင်းမှာ ပြင်းထန် အဆုတ်ရောင်ရောဂါနှင့် သေချာစွာမကုသထားသော နှလုံးရောဂါနှင့် ဆီးချိုရောဂါများ၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့်ဖြစ်ကြောင်း သုံးသပ်ပြီး ၎င်း၏ ဓာတ်ခွဲအဖြေအား အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ရရှိပါက အချိန်နှင့် တစ်ပြေးညီ သတင်း ထုတ်ပြန်သွားမည် ဖြစ်ပါသည်။

၅။ ယနေ့ (၆-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆း၀၀) နာရီအချိန်အထိ လူနာ (၅) ဦးအား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိပါသည်။

၆။ သတင်းများ ထပ်မံရရှိပါက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သွားမည်ဖြစ်ပါသည်။

Ref : Ministry of Health and Sports, Myanmar