နေပြည်တော် မတ် ၁၆
(၁၉)ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေး (19th ASEAN Military Intelligence Meeting-AMIM19)တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ့တပ်မတော်မှ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် မတ်လ၁၄ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံမှ Lieutenant General Hun Manith ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အားလည်းကောင်း၊ မတ်လ ၁၅ ရက်နေ့တွင် ထိုင်းနိုင်ငံမှ Lieutenant General Natee Wongissares ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဗီယက်နမ်နိုင်ငံမှ Lieutenant General Le Hona Son ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့ဝင်များ၊ မလေးရှားနိုင်ငံမှ Lieutenant General Datuk Ahmad Norihan Bin Jalal ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ လာအိုနိုင်ငံမှ Colonel Phimmachanh VONGPANNA ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်တို့နှင့် သီးခြားစီတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေနှင့် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးတိုးတက် ကောင်းမွန်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ဒေသတွင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲများအပြီးတွင် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် အာဆီယံနိုင်ငံများမှ တပ်မတော် ထောက်လှမ်းရေးမှူးချုပ်များသည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။