မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်သည်။ နိုင်ငံတွင် စိုက်နိုင်ပျိုးနိုင်၊ အသုံးချနိုင်သော မြေသယံဇာတ ပေါများကြွယ်ဝစွာ ရှိနေသည်။ နိုင်ငံလူဦးရေ၏ ၇၀ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင်နေထိုင်ကြပြီး ကျေးလက်နေ ပြည်သူအများစုသည် စိုက်ပျိုးရေးဖြင့် အသက်မွေး ဝမ်းကျောင်းပြု လုပ်ကိုင်ကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် လူဦးရေနှစ်စဉ် တိုးတက်နေသော်လည်း စားနပ်ရိက္ခာအတွက် လိုအပ်ချက်မရှိပေ။ ပိုလျှံသည်များကိုလည်း ပြည်ပသို့ပင် တင်ပို့နိုင်သည်။
သို့သော် မြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်ကုန် စားသောက်ကုန်များအနက် ဆန်မှလွဲ၍ အခြားသီးနှံထွက် စားသောက်ကုန်များကို နိုင်ငံအတွက် တင်သွင်းနေရသည်မှာ စိုက်ပျိုးရေးနိုင်ငံ တစ်နိုင်ငံအဖို့ အထူးအဆန်းသဖွယ် ဖြစ်နေသည်။ မြန်မာနိုင်ငံမှထွက်ရှိသော စိုက်ပျိုးထွက်ကုန်များမှာ လုံလောက်အောင် ထွက်ရှိမှု မရှိပေ၍လား၊ အရည်အသွေးမီ အဆင့်အတန်းရှိ မဖြစ်ပေ၍လား တစ်ခုခုဖြစ် နိုင်သည်။ ပကတိအနေအထားတွင် ထိုအကြောင်းအချက်နှစ်ခုလုံးနှင့် ပတ်သက်နေသည်ဟု ဆိုရမည်ဖြစ်သည်။
စက်မှုပစ္စည်း၊ နည်းပညာပစ္စည်း စသည့် အဆင့်မြင့်ပစ္စည်းများအား ပြည်ပမှ တင်သွင်းနေရသည်မှာ သဘာဝကျပေသည်။ စိုက်ပျိုးရေးနိုင်ငံဖြစ်ပါလျက် စိုက်ပျိုး ထွက်ကုန်ပစ္စည်းများကို ပြည်ပမှ မှာယူတင်သွင်းနေရသည်မှာ သဘာဝမကျပေ။ သဘာဝမကျသည့်အပြင် ပြည်သူများအနေဖြင့် ထွက်ငွေအပိုကုန်ကျပြီး နိုင်ငံတော် အနေဖြင့် နိုင်ငံခြားငွေမလိုအပ်ဘဲ ယိုဖိတ်လျက်ရှိသည်။ ပြည်တွင်း အသားတင် ထုတ်လုပ်မှု လျော့နည်းကျဆင်းပြီး နိုင်ငံစီးပွားရေး မြင့်မားတိုးတက်ရေးအတွက် အဟန့်အတားဖြစ်နေသည်။
ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်သူများ ကျန်းမာရေးနှင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်လာရေးအတွက် အရည်အသွေးပြည့်မီသော စိုက်ပျိုးထုတ်ကုန်များကို တိုးတက် ထုတ်လုပ်ကြရန် မကြာခဏတိုက်တွန်း ပြောကြားလျက်ရှိသည်။ ပြည်ပမှ နှစ်စဉ်မှာယူ တင်သွင်းနေရသော စိုက်ပျိုးထွက်ကုန် ပစ္စည်းများတွင် ဆီထွက်သီးနှံများသည် အများဆုံးဖြစ်နေသည်ကို တွေ့ရသည်။ မြန်မာ နိုင်ငံတွင် မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ ဆီမုန်ညင်း စသည့် ဆီထွက်သီးနှံများကို အဓိကစိုက်ပျိုးလျက်ရှိပြီး ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ဆီထွက်သီးနှံစိုက်ဧက ၇ ဒသမ ၄ သန်းစိုက်ပျိုးနိုင်သဖြင့် ဆီမက်ထရစ်တန် ၇ ဒသမ ၅ သိန်းခန့်ထွက်ရှိခဲ့သည်။
ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု၏၆၀ ရာခိုင်နှုန်းခန့်အား စားသုံးဆီအဖြစ် ထုတ်လုပ်လျက်ရှိပြီး ကျန်ဆီထုတ်လုပ်မှုကို အခြားလုပ်ငန်းများတွင် အသုံးပြု သည်။ မြန်မာနိုင်ငံတွင် ဆီအုန်းစိုက်ဧက လေးသိန်းကျော် စိုက်ပျိုးပြီး ဆီသီးခိုင် တန် ခုနစ်သိန်းခန့်ထွက်ရှိသော်လည်း ပြည်တွင်းစားသုံးမှု မလုံလောက်သဖြင့် ပြည်ပမှ ဆီအမျိုးမျိုးကို နှစ်စဉ်တန်ချိန် ကိုးသိန်းခန့်အထိမှာယူတင်သွင်းနေရသည်။ ယခုအခါ ကမ္ဘာ့စီးပွားရေးဂယက်ရိုက်ခတ်မှုကြောင့် ပြည်ပမှတင်သွင်းသည့် ဆီဈေးနှုန်းများတက်လာပြီး နိုင်ငံတော်နှင့် ပြည်သူများအတွက် အပိုကုန်ကျမှုများ ဖြစ်လာသည်။ - ယခုအခါ နိုင်ငံတော်၏ လမ်းညွှန်မှုအရ ဆီထွက်သီးနှံအမျိုးမျိုးကို နိုင်ငံအတွင်း တိုးချဲ့စိုက်ပျိုးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် တောင်သူများ၏ ဆီထွက် သီးနှံတိုးတက်လာအောင် တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။ အညာဒေသဖြစ်သည့် မကွေး၊ မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီးများသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီးများဖြစ်ပြီး ယခုအခါ ဆီထွက်သီးနှံ တိုးတက်ထွက်ရှိရေးကို ကြိုးပမ်း ဆောင်ရွက်နေကြသည်။ ဆီထွက်သီးနှံအမျိုးမျိုးတွင် နေကြာသီးနှံသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး အထွက်နှုန်းကောင်းမွန်သဖြင့် နေရာတိုးတက် စိုက်ပျိုးရေးကို ကြိုးပမ်းနေကြသည်။
မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၂-၂၀၂၃ ခုနှစ် စိုက်ပျိုးရာသီ၌ ကျန်းမာရေး နှင့်ညီညွတ်သော စားသုံးဆီကို ပြည်သူများ ဖူလုံစွာစားသုံးနိုင်ရန်နှင့် သွင်းကုန် အစားထိုး ဆီထွက်သီးနှံ တိုးတက်ထွက်ရှိရေးအတွက် ဆီအထွက်နှုန်းကောင်းမွန်သည့် နေကြာသီးနှံဧက သုံးသိန်းခန့် စိုက်ပျိုးသွားမည်ဟုသိရသည်။ မန္တလေးတိုင်း ဒေသကြီးတွင် စိုက်ပျိုးသီးနှံမျိုးစုံစိုက်ပျိုးကြပြီး စပါးကို ဆည်ရေသောက်စနစ်ဖြင့် အဓိကစိုက်ပျိုးကြသည်။ ဆီထွက်သီးနှံကို ဒုတိယအများဆုံးစိုက်ပျိုးကြပြီး နိုင်ငံအတွက် ဆီဖူလုံမှု ၁၈၃ ရာခိုင်နှုန်းရှိ၍ ပြည်တွင်း၌ စားသုံးဆီဖူလုံရေးအတွက် အဓိက အားထားရသည့် တိုင်းဒေသကြီးဖြစ်သည်။
သို့ဖြစ်ရာ ပြည်ပမှ နှစ်စဉ်အများဆုံး ဝယ်ယူနေရသည့် စားအုန်းဆီတင်သွင်းမှုကို လျှော့ချနိုင်ရန် ကျန်းမာပြည့်ဖြိုး စီးပွားတိုးမည့် ဆီထွက်သီးနှံအမျိုးမျိုး တိုးချဲ့ စိုက်ပျိုးနိုင်အောင် ဝိုင်းဝန်း ကြိုးပမ်းကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။