Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် နိုင်ငံတကာခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးအတွက် ကျင်းပသော အစည်းအဝေးသို့ တက်ရောက်

နေပြည်တော် မတ် ၂၃

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ နိုင်ငံတကာခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းအတွက် ဗွီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသော ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က နိုင်ငံတကာလေကြောင်းလိုင်းများအား ဧပြီ (၁၇) ရက်တွင် ပုံမှန်ပြန်လည်ပြေးဆွဲခွင့်ပြုတော့မည်ဖြစ်ရာ နိုင်ငံတကာခရီးသွားဧည့်သည်များ လာရောက်ကြမည်ဖြစ်၍ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်ရှိသည်တို့ကို စီစဉ်ဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတကာ ခရီးသွားဧည့်သည်များ လာရောက်ရာတွင် ကျန်းမာရေးဆိုင်ရာ လုံခြုံစိတ်ချမှု ရှိစေရန်အတွက် ဟိုတယ်များအနေဖြင့် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းသည့် ဝန်ဆောင်မှုများပေးနိုင်ရေးအတွက် Health and Safety Protocol နှင့်အညီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန် လိုအပ်ပါကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်၍ အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်ပါက မည်သို့ဆောင်ရွက်မည်ကို ကြိုတင်ညှိနှိုင်း ဆောင်ရွက်ထားရှိရန်လိုအပ်ပါကြောင်း၊ ခရီးသွားဧည့်သည်များ ခရီးစဉ်ဒေသများသို့ လုံခြုံစိတ်ချစွာသွားလာနိုင်ရေး၊ တည်းခိုနေထိုင်ရေးတို့အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့ (DMO) များအနေနှင့်လည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန် လိုအပ်ပါကြောင်း၊ ခရီးသွားဧည့်သည်များ လိုက်နာရမည့် ဒေသန္တရအမိန့်နှင့် ညွှန်ကြားချက်များကိုလည်း ကြိုတင်သိရှိနိုင်ရေးအတွက် ထုတ်ပြန်ထားရန် လိုအပ်ပါကြောင်း၊ ခရီးသွား ဧည့်သည်များ သိသင့်သိထိုက်သည့် သတင်းအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိရမည်ဖြစ်ပါကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးမှ ရုံးခွဲတာဝန်ခံများအနေဖြင့် နိုင်ငံတကာခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်သည့်အခါ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ဝိုင်းဝန်းဆွေးနွေးအကြံပြုကြရန် ဖြစ်ပါကြောင်း။

ပြည်နယ်/ တိုင်းဒေသကြီးရှိ ဟိုတယ်များ၊ တည်းခိုရိပ်သာများနှင့် Quarantine ဟိုတယ်များ အားလုံးကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များ ရယူထားရန် လိုအပ်ပါကြောင်း၊ ခရီးသွားဧည့်သည်များကို အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်များ ပေးနိုင်ရေးအတွက် Information Counter များအား စနစ်တကျဖွင့်လှစ်ရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနမှ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ သင်တန်းများဖွင့်လှစ်ပို့ချခဲ့ပြီးဖြစ်ရာ သင်တန်းမှ ရရှိလာသော အသိပညာဗဟုသုတများ၊ အတွေ့အကြုံများအပေါ် အခြေခံ၍ နိုင်ငံတကာခရီးသွား ဧည့်သည်များအား ဝန်ဆောင်မှု ပေးသည့်အခါ အဆင်ပြေချောမွေ့မှုရှိစေရန် လက်တွေ့ပြန်လည်အသုံးချ လုပ်ကိုင်သွားကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာ ခရီးသွားဧည့်သည်များ လာရောက်သည့်အခါ မိမိတို့ဘက်မှ အဆင်သင့်ဖြစ်စေရေးအတွက် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ နှင့် ညှိနှိုင်း၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသော ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် နယ်ရုံးခွဲတာဝန်ခံများမှ ပြင်ဆင်ဆောင်ရွက်ထားရှိရမည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)