Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၃/၂၀၂၂)သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် မတ် ၂၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၃/၂၀၂၂)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးရွှေကြိမ်း နှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး တို့ တက်ရောက်ကြသည်။ ။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာ၌ ကျန်းမာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် ပတ်သက်၍ ပြောကြားရာတွင် မိမိတို့နိုင်ငံ၌ ကိုဗစ် ၁၉ ရောဂါ ပထမလှိုင်းမှာ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၅ ရက် အထိ ဖြစ်ပွားခဲ့ကြောင်း၊ ပထမလှိုင်းအတွင်း အများဆုံးတွေ့ရှိမှုမှာ ၂၃ ဦးဖြစ်ကြောင်း၊ ပိုးအများဆုံးတွေ့ရှိမှု ရာခိုင်နှုန်း အနေဖြင့် ဧပြီ ၂ ရက်တွင် ၆၂ ဦးကို စစ်ဆေးစဉ် ၄ ဦးတွေ့ရှိခဲ့ပြီး ၆ ဒဿမ ၅ ရာခိုင်နှုန်း ရှိကြောင်း၊ ဒုတိယလှိုင်းအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၆ ရက်မှ စတင်ခဲ့ပြီး ၂၀၂၁ ခုနှစ် မေ ၂၆ ရက်အထိဖြစ်ပွားခဲ့ကြောင်း၊ ပိုးတွေ့မှုအများဆုံးအနေဖြင့် အောက်တိုဘာ ၁၀ ရက်တွင် ၂၁၅၈ ဦး တွေ့ရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် အောက်တိုဘာ ၁ ရက်တွင် ပိုးတွေ့သူ ၁၈ ဒဿမ ၉ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ တတိယလှိုင်းဖြစ်ပွားမှုအနေဖြင့် ၂၀၂၁ ခုနှစ် မေ ၂၇ ရက်မှ စတင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၇ ရက်အထိဖြစ်ကြောင်း၊ ပိုးတွေ့မှုအများဆုံး အနေဖြင့် ဇူလိုင် ၁၄ ရက်တွင် ၇၀၈၃ ဦးတွေ့ရှိခဲ့ပြီး ပိုးတွေ့မှုရာခိုင်နှုန်း အများဆုံးအနေဖြင့် ဇူလိုင်လ ၂၃ ရက်တွင် ၄၀ ဒဿမ ၈ ရာခိုင်နှုန်းဖြစ်ခဲ့ပြီး မိမိတို့နိုင်ငံအတွက် အကြပ်တည်းဆုံး ကာလတစ်ခု ဖြစ်ခဲ့ကြောင်း၊ စတုတ္ထလှိုင်း ဖြစ်ပွားမှုအနေ ဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၈ ရက်မှ စတင်ခဲ့ပြီး ယနေ့ကာလအထိ ဖြစ်ကြောင်း၊ ပိုးတွေ့မှုအများဆုံး အနေဖြင့် ဖေဖော်ဝါရီ ၂၂ ရက်တွင် ၃၅၆၃ ဦး တွေ့ရှိခဲ့ပြီး ပိုးတွေ့မှုရာခိုင်နှုန်း အများဆုံးအနေဖြင့် ဖေဖော်ဝါရီ ၂၅ ရက်တွင် ၁၂ ဒဿမ ၅ ရာခိုင်နှုန်း တွေ့ရှိခဲ့ကြောင်း၊ ယခုမတ် ၁၀ ရက် နောက်ပိုင်းတွင် ကူးစက်မှုဦးရေ ၁၀၀ အောက်သို့ ကျဆင်းလာပြီး စတင်ကျဆင်း ချိန်တွင် ပိုးတွေ့ရှိမှုရာခိုင်နှုန်း ၄ ဒဿမ ၇၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ မတ် ၁၅ ရက်တွင် ပိုးတွေ့ရှိသူ ၆၈၃ ဦးသာရှိပြီး ပိုးတွေ့ရာခိုင်နှုန်း ၃ ဒဿမ ၂ ရာခိုင်နှုန်းအထိကျဆင်းလာခဲ့ကြောင်း၊ မတ် ၂၀ ရက်နောက်ပိုင်းတွင် ပိုးတွေ့ ရာခိုင်နှုန်း ၂ အောက်သို့ကျဆင်း လာခဲ့ပြီးမတ် ၂၆ ရက်အထိဖြစ်ကြောင်း၊ မတ် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ၁ ရာခိုင်နှုန်း ကျော်ခန့်သာရှိသည်ကိုတွေ့ရှိရကြောင်း။ ။

မိမိတို့အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ၂၀၂၁ ခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ၅၀ ရာခိုင်နှုန်းထိုးနှံပြီးစီးရန် ကြိုးပမ်းဆောင် ရွက်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ၅၁ ရာခိုင်နှုန်းကျော်ထိုးနှံ ပြီးစီးခဲ့ကြောင်း၊ ယခုအခါတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ၇၀ ရာခိုင်နှုန်းကျော် ထိုးနှံပြီးဖြစ်သော်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကာကွယ်ဆေးထိုးနှံရန်အတွက် တာဝန် ပေးအပ်ခြင်းခံရသည့် တာဝန်ခံများ အနေဖြင့် ကာကွယ်ဆေးများ အပြည့်အဝထိုးနှံ နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ မိမိတို့အနေဖြင့် ဧပြီလကုန် အတွင်း တစ်နိုင်ငံလုံးကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးစီးမှု ရာနှုန်းပြည့်ပြီးစီးရန်လျာထား ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးများလည်း အလုံအလောက် ရရှိပြီးဖြစ်ကြောင်း။

ပညာရေးကိစ္စများနှင့် ပတ်သက်၍ပြောကြားရာတွင် မိမိတို့နိုင်ငံတော်တာဝန်အား စတင်ထမ်းဆောင်ချိန်၌ စာသင်ကျောင်းများကို ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့် နိုင်ငံရေး အခြေအနေများကြောင့် ဖွင့်လှစ်နိုင်မှုမရှိခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် အရေးအခင်း ကာလတွင်လည်း စာသင်ကျောင်းများကို ၃ နှစ်ခန့်ပိတ်ထားခဲ့ရမှုကြောင့် ကျောင်းသား၊ ကျောင်းသူများ အသက်အရွယ်ကြီးရင့်ခြင်းများ ဖြစ်ပေါ်ခဲ့သကဲ့သို့ မိဘများအနေဖြင့် ငွေကုန်ကြေးကျ ပိုမိုများပြားမှုဖြစ်ပေါ်ခဲ့ပြီး ပညာရေးတစ်ပိုင်းတစ်စဖြင့် ရပ်တန့်ခဲ့သူ များရှိကာ ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားရေးအတွက် များစွာထိခိုက် နစ်နာခဲ့ရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ် နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဩဂုတ်လ ၈ ရက်နေ့တွင် ကိုဗစ် - ၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ပြန်လည်ပိတ်ထားခဲ့ရပြီး နိုဝင်ဘာလ ၁ ရက်နေ့တွင် စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်၍ ပညာသင်ကြားခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၅ သန်း ၃ သိန်းကျော် ကျောင်းအပ်နှံခဲ့ပြီး ၄ သန်း ၁ သိန်း ခြောက်သောင်းကျော် တက်ရောက်ပညာ သင်ကြားခဲ့သဖြင့် ၇၈ ရာခိုင်နှုန်းကျော် ကျောင်းတက်ရောက်ခဲ့ကြောင်း။

နိုင်ငံတိုးတက်ရေးအတွက် ပညာရေးသည်အရေးကြီးသဖြင့် ပညာရေးကို ပထမဦးစားပေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကိုဗစ်ရောဂါဖြစ်ပွားမှုကာလအတွင်း မိမိတို့၏ အိမ်နီးချင်း နိုင်ငံများ အပါအဝင် နိုင်ငံတကာတွင်လည်း စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်းများ ရှိသကဲ့သို့ ခရီးသွားလာခွင့်များ ပြန်လည်ခွင့်ပြုပေးခြင်းများ ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် စာသင်ကျောင်းများကို နိုဝင်ဘာလတွင် စတင် ဖွင့်လှစ်ခဲ့ပြီး မတ်လကုန်အတွင်း စာမေးပွဲဖြေဆိုရန်အတွက် စီမံဆောင်ရွက်ခဲ့ကြောင်း။

ယင်းနောက် ပညာရေးမူဝါဒနှင့်ပတ်သက်၍ ပြောကြားရာတွင် “ကျွန်တော်တို့ တိုင်းပြည်မှာ ပညာရေးတော်တော် အားနည်းနေတာရှိတယ်။ ပြီးခဲ့တဲ့ ပညာသင်နှစ်မှာ ကျောင်းသားအားလုံး ၉ သန်း ကျော်မှာ ၅ သန်းကျော်ပဲလာပြီး စာရင်းပေးတယ်။ ၆ဝ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ ၄ သန်းလောက်က ကျောင်းလာမတက်ဘူး၊ ၅ သန်းကျော် လောက်မှာလည်း ၂ဝ ရာခိုင်နှုန်း နီးပါးလောက်က ကျောင်းမတက်ဘူး။ ၈ဝ ရာခိုင်နှုန်း လောက်ပဲ ကျောင်းလာတက်တယ်။ အဲ့ဒီတော့ပညာရေးက ကျွန်တော်တို့အတွက် တော်တော်အန္တရာယ်ကြီးမားတာကို သွားတွေ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ၂၅ နှစ်အထက် လူဦးရေရဲ့ ၂၅ ဒဿမ ၁၆၉ သန်းမှာ အလယ်တန်းထိပဲ ရှိတဲ့လူက ၁၈ ဒဿမ ၂၆၃ သန်းရှိပါတယ်။ ၆ဝ ရာခိုင်နှုန်း လောက်ဖြစ်နေတယ်။ အလယ်တန်းအဆင့်ပဲရှိတာ။ တက္ကသိုလ် ဘွဲ့ရက ၂ သန်းကျော် ပဲရှိတယ်။ အခြားက ဘွဲ့၊ ဒီပလိုမာရတဲ့သူက ၅ သိန်း ကျော်ရှိတယ်။ THs နဲ့ TVED အသက်မွေးဝမ်းကြောင်းနဲ့ ပတ်သက်ပြီး ပြီးတဲ့လူက ၉ သောင်း၊ ၁ သိန်းနီးပါး လောက် ရှိတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ပကတိအခြေအနေပါ။ အဲ့ဒီလူတွေ တော်တော်များများ ကလည်း ပြည်နယ်တွေမှာ နေသူတွေဖြစ်တာ ပိုများတာကို တွေ့ရပါတယ်။ မြို့ပေါ်လူတွေ ပညာတတ် ရာခိုင်နှုန်းက ၇၈/၈၀ ရာခိုင်နှုန်း လောက်ရှိတယ်။ ကျေးလက်က ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံ ပညာရေးနဲ့ ပတ်သက်ရင် မပြင်လို့မရဘူး၊ အားမပေးလို့ မရဘူး။ ဒါကကျွန်တော်တို့ သန္နိဋ္ဌာန်ချပြီး ဆောင်ရွက်မှရမယ်။ အနာဂတ်နိုင်ငံတော်ဟာ ကျွန်တော်တို့သွားချင်တဲ့ ဒီမိုကရေစီဟာ ပညာတတ်တွေ ပေါကြွယ်ဝမှသာ ဒီမိုကရေစီ ဆိုတာလည်း အဓိပ္ပါယ်ရှိမှာ။ တိုင်းပြည် တိုးတက်ဖို့ဆိုတာကလည်း ပညာတတ်တွေရှိမှပဲ စိတ်ချရလိမ့်မယ်။ ဒါကြောင့် ပညာရေးဟာ တိုင်းပြည် တိုးတက်ရေးအတွက်ရော၊ ဒီမိုကရေစီ အရေးအတွက်ရော၊ တိုင်းပြည်အတွက် အဓိကကျတာကို တွေ့ရပါတယ်။ ပညာရေး မူဝါဒဟာ မဖြစ်မနေချမှတ်ပြီး ဆောင်ရွက်ဖို့လိုတယ်ဆိုတာကို သွားတွေ့ပါတယ်။ ဒါ့ကြောင့်ပြီးခဲ့တဲ့ အစည်းအဝေးတွေမှာလည်း အကြမ်းဖျင်းအားဖြင့် ကျွန်တော်ပြောခဲ့ပါတယ်။ KG+9 ကို ပညာရေး စနစ်က(၅-၄-၃) မူလတန်းက ၅ နှစ်၊ အလယ်တန်းက ၄ နှစ်၊ အထက်တန်းက ၃ နှစ် ၁၂နှစ်နဲ့ သွားတာ။ ကျွန်တော်တို့က Vocational Training ကို သွားမယ်ဆိုရင် အနည်းဆုံး အလယ်တန်း အောင်ပြီးမှ သွားလို့ရမယ်ဆိုပြီးတော့ သက်ဆိုင်ရာဝန်ကြီး ဌာနတွေနဲ့ ဆွေးနွေးတဲ့ အခါမှာတွေ့ပါတယ်။ THS ပဲသွားမလား၊ ဒါမှမဟုတ်လို့ရှိရင် Vocational ပဲသွား မလား၊ စိုက်ပျိုးရေးပဲသွားမလားသွားမယ် ဆိုရင်အနည်းဆုံးတော့ အလယ်တန်း အဆင့်ပြီးမှ နည်းပညာအဆင့်ကိုသွားလို့ရတယ် ဆိုတာဖြစ်တယ်။ ဒါကြောင့်မြန်မာ နိုင်ငံမှာ အခြေခံအားဖြင့် နိုင်ငံသားအားလုံးသည် အလယ်တန်း အဆင့်ပြီးပြီးသား ဖြစ်ဖို့တော့လိုတယ်လို့ ယူဆရပါတယ်။ ကျွန်တော့်အနေနဲ့ ဆုံးဖြတ်ပြီး KG+9 ကို ပညာရေးအတွက် ကျွန်တော်တို့ အစိုးရတာဝန်ယူတဲ့ အချိန်မှာ ဆောင်ရွက်ခဲ့တာရှိတယ်။ ပြည်နယ်တွေနဲ့ တိုင်းတွေမှာ အထူးသဖြင့် ပြည်နယ် ကတော့ ဦးစားပေး ၁ ဖြစ်ပါတယ်။ တိုင်းတွေကတော့ အစွန်အဖျားကျတဲ့ ကျေးလက် ဒေသတွေ ဖြစ်ပါတယ်။ ဒါတွေကိုလည်း ကျွန်တော်တို့က မဖြစ်မနေ ပညာရေး မြှင့်တင်မှုတွေကို လုပ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ပညာရေးကို ဒီနှစ်မှာလည်း ငွေကုန်ကြေးကျခံပြီး လုပ်ပေးဖို့ ဆောင်ရွက်နေတာရှိပါတယ်။ တစ်ဖက်ကလည်း ငွေကုန်ကြေးကျ လုပ်ပေးနေသလို တစ်ဖက်က ပညာရေးကို တာဝန်ထမ်းဆောင်နေ သူတွေက လုပ်ချင်ကိုင်ချင်စိတ်ရှိအောင် လုပ်ဖို့လိုတယ်။ ဆရာ/ဆရာ မတွေ သင်နိုင်ဖို့၊ ကြားနိုင်ဖို့ လုပ်ဖို့လိုတယ်။ နံပါတ်(၁)အချက်က သူတို့အတွက် အာမခံချက်ရှိဖို့။ ဒီလိုသွားရမှာဖြစ်တယ်။ ဒါကြောင့် ပညာရေးမှာလည်း ကျွန်တော် အဆင့်ဆင့်ပြုပြင် ပြောင်းလဲမှုတွေ အခွင့်အရေးတစ်ခု ကျွန်တော်ဆောင်ရွက်ပေးနေပါတယ်။ သူတို့ကို ကျွန်တော်တို့ လိုအပ်တဲ့ Facilities ပေးဖို့လိုမယ်လို့ ကျွန်တော်ယူဆပါတယ်။

ဒါလည်းကောင်စီဝင်များ တိုင်ပင်ဆွေးနွေးပေးစေလိုပါတယ်။ ဘယ်လို ပေးသင့်၊ ဘယ်လိုပေးရင် သင့်တော်မလဲဆိုတာကို မူဝါဒချမှတ်ဖို့ ဒါကတော့ပညာရေးအပိုင်း တာဝန်ယူတဲ့ ပုဂ္ဂိုလ်တွေ ကျောင်းသားများနဲ့ ပတ်သက်ရင် ကျွန်တော် က KG+9 ကို အဓိကထားပြီး ဆောင်ရွက်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကောင်စီဝင်များလည်း ဘယ်လိုသဘောထား ရှိလဲ သိချင်ပါတယ်။”

ထို့နောက် အဆင့်မြင့်ပညာသင်ကြားမှုနှင့်ပတ်သက်၍ တက္ကသိုလ်တွင် တက်ရောက်ပညာ သင်ကြားရာတွင် Day သင်တန်းနှင့် အဝေးသင်သင်တန်း ဟူ၍နှစ်မျိုးရှိကြောင်း၊ တက္ကသိုလ် ပညာရပ်သည် အတန်းပညာတစ်ခုတည်းကိုသာမက လူမှုဆက်ဆံရေး အတွက်ပါအတွေ့ အကြုံရရှိစေရန် သင်ကြားလေ့ကျင့်ပေးခြင်း ဖြစ်ကြောင်း၊ မိမိတို့ဘဝရပ်တည်မှုတွင် အသုံးချနိုင်ရန်အတွက် သင်ကြားလေ့ကျင့်ပေးခြင်းပင်ဖြစ်ကြောင်း၊ ဒီမိုကရေစီအတွက် အထောက်အကူပြုစေရန် စီးပွားရေး ပညာရပ်များနှင့် ဥပဒေပညာရပ်များ ထည့်သွင်းသင်ကြား ပေးခြင်းသည် စီးပွားရေး အမြင်ရှိရန်နှင့် ဥပဒေအမြင်ရှိရန်အတွက် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ ဆေးတက္ကသိုလ်များနှင့် နည်းပညာတက္ကသိုလ်များတွင် သင်ကြားပေးခဲ့မှုနှင့် ပတ်သက်၍လည်း ဆေးတက္ကသိုလ်အသီးသီးသို့ တက်ရောက်ခဲ့သူများသည် မိမိတို့နိုင်ငံရှိဆေးရုံ များအတွက် လိုအပ်သည့် ပမာဏထက် များပြားလျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ သို့သော် အဆိုပါကျန်းမာရေး ဝန်ထမ်းအများစုသည် ပြည်သူ့ဆေးရုံများတွင် တာဝန် ထမ်းဆောင်မှု မရှိသည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် လာမည့်ပညာသင်နှစ်များတွင် ဆေးတက္ကသိုလ်၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်တို့တွင် သင်ကြားသူများကို နိုင်ငံတော် အတွက် တာဝန်ထမ်းဆောင်မည်ဆိုပါက အခမဲ့ပညာရေး စနစ်ဖြင့် သင်ကြားပေးမည်ဖြစ်ပြီး နိုင်ငံတော်တာဝန်အား ထမ်းဆောင်လိုမှုမရှိသူများအနေဖြင့် ထိုက်သင့်သည့် အခကြေးငွေများ ပေးသွင်းရသည့် စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လာမည့်ပညာသင်နှစ်များတွင် ဆေးပညာဆိုင်ရာ တက္ကသိုလ်များနှင့် နည်းပညာဆိုင်ရာတက္ကသိုလ်များတွင် တက်ရောက်ပညာ သင်ကြားမည့်သူများကို သက်ဆိုင်ရာဘာသာရပ်များအလိုက် ထူးချွန်သူများကိုသာ ဦးစားပေး ရွေးချယ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ပညာရေးမူဝါဒနှင့်ပတ်သက်၍ ကောင်စီ ဝင်များအနေဖြင့် ထည့်သွင်းစဉ်းစား အကြံပြုကြစေလိုကြောင်း၊ ပညာရေးနှင့် ပတ်သက်၍ မိမိတို့အနေဖြင့်တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း။

ကိုဗစ်-၁၉ ကာလအတွင်းပုံမှန်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ ပြောကြားရာ၌ ပြည်ပခရီးသွားလာမှုနှင့် ပြည်ပကုန်သွယ်မှုများနှင့် ပတ်သက်၍ ယခုကာလတွင် အရှေ့တောင် အာရှနိုင်ငံအချို့နှင့် ကမ္ဘာ့နိုင်ငံအသီးသီး၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်မားလျက် ရှိသည်ကိုတွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံတွင်ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားမှု နှုန်းမြင့်မားချိန်၌ ပြည်ပခရီးသွားလာမှုနှင့် ပြည်ပကုန်သွယ်မှုများကို ခွင့်ပြုခြင်းမရှိခဲ့ ကြောင်း၊ မိမိတို့နိုင်ငံတွင် ကိုဗစ်ရောဂါတွေ့ရှိမှု မြင့်တက်ခဲ့ချိန်များ၌ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် နယ်စပ်ဒေသများတွင် ပြည်ပမှဝင်ရောက် လာသူများမှတွေ့ရှိမှု အများဆုံး ဖြစ်ခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပြည်တွင်း၌ ကူးစက်မှုနှုန်းလျော့နည်းစေရန်အတွက် တတ်နိုင်သမျှ ထိန်းသိမ်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရခြင်းမှာလည်း ပြည်တွင်း၌ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရေးကို ထိခိုက်မှုမရှိစေရန်အတွက် ပြည်ပမှဝင်ရောက်ခြင်းများကို ထိန်းသိမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကာလတွင် အခြေခံပညာ ကျောင်းများရှိ အချို့အတန်းများသည် စာမေးပွဲဖြေဆိုပြီးဖြစ်ပြီး တက္ကသိုလ် ဝင်တန်း စာမေးပွဲသည်လည်း ဧပြီလပထမအပတ်အတွင်း ပြီးစီးမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဧပြီလအတွင်း ခရီးသွားလုပ်ငန်းများ ပုံမှန်အတိုင်း ပြန်လည်ခွင့်ပြုပေးနိုင်ရန်အတွက် တာဝန်ရှိသူများနှင့် ဆွေးနွေးဆောင်ရွက်ခဲ့ပြီး ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်မှစတင်၍ ပြည်တွင်းပြည်ပ ခရီးသွားလာမှုများကို ပြန်လည်ခွင့်ပြု ပေးသွားရန် စီစဉ်ထားကြောင်း၊ ထိုသို့ခရီးသွားလာမှုများ ဆောင်ရွက် ရာတွင်လည်း သတ်မှတ်စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်များကို ပြီးခဲ့သည့်နှစ်မေ ၅ ရက်မှစတင်၍ နောက်ဆုံးနှစ် မဟာဘွဲ့၊ ပါရဂူဘွဲ့၊ ဘွဲ့လွန်ဒီပလိုမာဘွဲ့သင်တန်းများ ဖွင့်လှစ်ခဲ့ကြောင်း၊ အလားတူ အဆင့်မြင့်တန်းများနှင့် အဝေးသင်သင်တန်းများကိုလည်း ဖွင့်လှစ်ခဲ့ကြောင်း၊ မေလလယ်မှစ၍ကျန်ရှိသည့် အတန်းများ အားလုံးပုံမှန်အတိုင်းပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် စာသင်ကျောင်းများကို အောင်မြင် စွာပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အောင်မြင်သည့် လုပ်ဆောင်မှု တစ်ခုပင်ဖြစ်ကြောင်း၊ ပညာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့်လည်း အခက်အခဲများကြားမှ ကြံ့ကြံ့ခံ ဆောင်ရွက်ခဲ့သည့်အတွက် အားလုံးကို ကျေးဇူးတင် ရှိပါကြောင်း။

ထို့နောက် စွမ်းရည်ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်မှုနှင့်ပတ်သက်၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ အတွင်း ကျရောက်မည့် စိန်ရတုလွတ်လပ်ရေးနေ့တွင် နိုင်ငံတော်အတွက် နိုင်ငံရေးအရ၊ လူမှုရေးအရ၊ စီးပွားရေးအရ၊ နည်းပညာအရ၊ အနုပညာအရ စွမ်းစွမ်း တမံကြိုးပမ်း ဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်များကို ဂုဏ်ပြုချီးမြှင့်ရန် သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် ညှိနှိုင်းတိုင်ပင်၍ စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ စွမ်းရည်ဘွဲ့ တံဆိပ်များ ပေးအပ်ခြင်းသည် အစိုးရအနေဖြင့် ပေးအပ်ခြင်းမဟုတ်ဘဲ ပြဋ္ဌာန်းထား သည့် ဥပဒေနှင့်အညီ နိုင်ငံတော်မှ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အများစုမှာ ဝမ်းသာ အားရဖြစ်ကြသော်လည်း ဝေဖန်မှုတစ်ချို့လည်းရှိကြောင်း၊ ၂၀၂၃ ခုနှစ် စိန်ရတု လွတ်လပ်ရေးနေ့မတိုင်မီ အခမ်းအနားဖြင့် အားလုံး ကိုပေးအပ်ချီးမြှင့်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

စွမ်းအင်မူဝါဒနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် Power ပိုင်းနှင့် Energy ပိုင်း နှစ်မျိုးရှိကြောင်း၊ လျှပ်စစ်ပိုင်းတွင်ရေအားလျှပ်စစ်ကို အဓိကအသုံးပြုပြီး ဓာတ်ငွေ့ အသုံးပြုမှု၊ ကျောက်မီးသွေး အသုံးပြုမှုနှင့် ဆိုလာစွမ်းအင် အသုံးပြုမှုများရှိကြောင်း၊ မိမိတို့နိုင်ငံတွင် သဘာဝအရင်း အမြစ်များ၊ မြေပေါ်၊ မြေအောက်သယံဇာတများစွာရှိပြီး သဘာဝအရင်းအမြစ်တွင် လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုကို အထောက်အကူပေးသည့် ရေအားလျှပ်စစ်ထုတ်လုပ်ခြင်း၊ လေအားလျှပ်စစ် ထုတ်လုပ်ခြင်း၊ နေရောင်ခြည် စွမ်းအင်သုံးထုတ်လုပ်ခြင်းနှင့် ဒီရေအတက် အကျကို အသုံးပြု၍ လျှပ်စစ်ထုတ်လုပ် ခြင်းများရှိကြောင်း၊ Energy ပိုင်းတွင် စက်ရုံအလုပ်ရုံများတွင် ဒီဇယ်အသုံးပြု၍ မောင်း နှင်ခြင်း၊ အချို့ လိုအပ်သည့်နေရာများတွင် ဂတ်စ်နှင့် ကျောက်မီးသွေးများအသုံးပြုရ ခြင်းများရှိကြောင်း၊ မိမိတို့နိုင်ငံတွင် ရေအားလျှပ်စစ် ထုတ်ယူနိုင်သည့် ရေအရင်းအမြစ် များစွာရှိသဖြင့် လျှပ်စစ်ဓာတ်အားရရှိရေး အကျိုးရှိစွာ အသုံးချရန်လိုကြောင်း၊ အလားတူ မိမိတို့နိုင်ငံ၏ ရာသီဥတုအရ နေရောင်ခြည်ရရှိသည့် ရက်များပြားသည့် ဒေသများ ပြားခြင်းကြောင့် နေရောင်ခြည်စွမ်းအင်ကိုအသုံးချ၍ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကို ဆောင်ရွက်၍ရကြောင်း၊ အလားတူ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့သည် လေတိုက်ခတ်သည့် ဒေသများဖြစ်သဖြင့် လေအားအသုံးပြုလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း Win Power ကိုအသုံးပြု၍ရကြောင်း၊ လေအားသည်နေ့ရောညပါ အသုံးပြု၍ရပြီး ရာသီမရွေး အသုံးပြု၍ရကြောင်း၊ မိမိတို့နိုင်ငံ၏စွမ်းအင်မူဝါဒတွင် ထည့်သွင်းစဉ်းစားသင့်သည့် နည်းပညာ တစ်ခုဖြစ်ကြောင်း၊ အလားတူ ဒီရေအတက်အကျကို အသုံးပြု၍လည်း လျှပ်စစ်ဓာတ်အား ထုတ်ယူ၍ ရသည့်နည်းပညာရှိသဖြင့် မိမိတို့အနေဖြင့် ထည့်သွင်းစဉ်းစားသင့်ကြောင်း၊ ကမ္ဘာပေါ်တွင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ပြဿနာများဖြစ်ပေါ်လျက်ရှိပြီး Clean Area များဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ပြည့်ဖြိုးမြဲ စွမ်းအင်များကို အသုံးချနိုင် မည်ဆိုပါက အဆိုပါ ပြဿနာများကို ကျော်လွှားမည်ဖြစ်သကဲ့သို့ ပြည်ပမှစက်သုံး ဆီများတင်သွင်းမှုကိုလည်း လျှော့ချသွားနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံရှိ Public Transportations ဖြစ်သည့် မီးရထားလမ်းများသည် ဒီဇယ်စွမ်းအင်သုံးမီးရထား စက်ခေါင်းများကို အသုံးပြုလျက်ရှိပြီး အဆိုပါမီးရထားလမ်းများတွင် လျှပ်စစ်ရထား များဖြင့် ပြေးဆွဲနိုင်မည်ဆိုပါက စက်သုံးဆီများစွာ တားနိုင်မည်ဖြစ်ကြောင်း၊ အလားတူ မိမိတို့နိုင်ငံတွင် မော်တော်ယာဉ် တစ်သန်းကျော်နှင့် မော်တော်ဆိုင်ကယ် ၆ သန်းကျော်ရှိကြောင်း၊ လောင်စာဆီများ ပြည်ပမှတင်သွင်းရာတွင် ပို့ဆောင်ရေးကဏ္ဍ၌ ၇၂ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍတွင် ၂၆ ရာခိုင်နှုန်း၊ လျှပ်စစ်ထုတ်လုပ်ရေးတွင် ၁ ရာခိုင်နှုန်းအသုံးပြုသည်ဟု သိရှိရကြောင်း၊ လျှပ်စစ်မော်တော်ကားများကို အစားထိုး အသုံးပြုနိုင်မည်ဆိုပါက စက်သုံးဆီသုံးစွဲမှုကို များစွာလျှော့ချနိုင်မည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အား မရရှိသည့် နေရာများ၊ တောတောင်ထူထပ်သည့် နေရာများနှင့် ဝန်အားဖြင့် အသုံးပြုရသည့် နေရာများတွင် အခက်အခဲများရှိနိုင်ကြောင်း၊ Public Transportations ကိစ္စရပ်များတွင်လျှပ်စစ်ကို အသုံးပြုနိုင်မည် ဆိုပါက နိုင်ငံအတွက် များစွာအကျိုးရှိမည် ဖြစ်ကြောင်း။

မဟာသင်္ကြန်ကိစ္စနှင့်ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် နိုင်ငံရေး အခြေအနေ များကြောင့် ယခင်နှစ်က အကန့်အသတ်ဖြင့်သာခွင့်ပြုခဲ့ရကြောင်း၊ လက်ရှိအခြေအနေအရ မဟာသင်္ကြန်ကျင်းပနိုင်ရန်အတွက် အတိုင်းအတာတစ်ခုအထိ ခွင့်ပြုပေးသွားရန် စီမံထားကြောင်း၊ သင်္ကြန်ကာလအတွင်း လုံခြုံရေးစနစ်တကျဆောင်ရွက်၍ ပြည်သူများ လွတ်လွတ်လပ်လပ် ပျော်ရွှင်နိုင်ရေး တာဝန်ရှိသူများအနေဖြင့် စနစ်တကျဖြင့် စီမံဆောင်ရွက်ကြရန်လိုကြောင်း၊ မဟာသင်္ကြန်ကျင်းပမှုနှင့် ပတ်သက်၍ ကောင်စီဝင်များ အနေဖြင့်လည်း အကြံပြု ဆွေးနွေးကြစေလိုကြောင်း၊ မဟာသင်္ကြန်ကာလ၊ သီတင်းကျွတ် ကာလနှင့် တန်ဆောင်တိုင်ကာလများသည် မြန်မာတို့၏ အလေးအမြတ်ထားသည့် ကာလများဖြစ်ကြကြောင်း၊ အဆိုပါကာလများတွင် ပြည်သူများ လွတ်လပ် အေးချမ်းစွာဖြင့် ဖြတ်သန်းနိုင်ရန်လိုကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားမှုနှင့် နိုင်ငံရေး အခြေအနေများကိုလည်း ထည့်သွင်းစဉ်းစား၍ ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးစိုင်းလုံးဆိုင်၊ ဦးမောင်းဟာ၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဦးရွှေကြိမ်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တို့က NGO, INGO, CSO အသင်းအဖွဲ့များနှင့်စပ်လျဉ်း၍ စည်းကမ်းနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကိုလိုအပ်ပါက ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ရေးဆွဲရေး၊ နိုင်ငံတော်အနေဖြင့် လွတ်ငြိမ်းသက်သာခွင့်ပြုရာတွင် ပေးသင့်ပေးထိုက် သူများမကျန်ရှိစေရန် စိစစ်ဆောင်ရွက်ပေးရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေးအတွက် လုံခြုံရေးဆိုင်ရာ အစီအမံကောင်းများ ကြိုတင်ပြင်ဆင်ရေးဆွဲရေး၊ နိုင်ငံတော် တည်ငြိမ်ရေးကို ထိခိုက်အောင် ဖျက်ဆီးနှောက်ယှက်နေသူများကို ထိထိရောက်ရောက် ဖော်ထုတ်အရေးယူဆောင်ရွက်ရေး၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေဆီလွှာ ထိန်းသိမ်းရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရေး၊ နိုင်ငံတော် အကျိုးစီးပွား အတွက် ကုန်းတွင်းပိုင်းဒေသများတွင်ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပြန်လည်အကောင်အထည် ဖော်ဆောင်ရွက်ရေး၊ ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများ နေထိုင်မှုအဆင်ပြေစေရန် နိုင်ငံတော်အနေဖြင့် စီစဉ်ပေးရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အသေးစားရေအားလျှပ်စစ် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ တိုင်းရင်းဆေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ညီလာခံများနှင့် အလုပ်ရုံဆွေးနွေးပွဲများကျင်းပပေးရေး၊ ဆေးရုံ ဆေးခန်းများတွင် အင်္ဂါရပ်နှင့် အညီဖြစ်စေရေးနှင့် ကျန်းမာရေးဝန်ထမ်းများအပါအဝင် လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးရေး၊ ယနေ့နိုင်ငံတော်တွင် ဖြစ်ပေါ်နေသော သတင်းအမှား၊ သတင်းအမှန်များကို ပြည်သူများနှင့် ကျောင်းသားလူငယ်များ ခွဲခြားသိရှိနိုင်ရေး ပညာပေးဟောပြောပွဲများ ဆောင်ရွက်ရေး၊ ချင်းပြည်နယ်တွင် ဆောင်ရွက်လျက်ရှိသည့် "၀"ဥစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းရေး အတွက်နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးရေး၊ အကြမ်းဖက်အဖွဲ့ အစည်းများအား ငွေကြေးကူညီထောက်ပံ့နေသူများကို ထိရောက်စွာအရေးယူဆောင်ရွက်ရေး၊ အပူ စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲနိုင်ရန် စီမံဆောင်ရွက်ရေး၊ နိုင်ငံခြား သားများအမြဲနေထိုင်ခွင့် (PR) လျှောက်ထားသူများအား သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခွင့်ပြုရေး၊ ပညာရေးမူဝါဒများချမှတ်ရာတွင် ပညာရှင်များ၊ ကျွမ်းကျင်သူများ၊ ကျောင်းသား၊ ကျောင်းသူ ကိုယ်စားလှယ်များဖြင့် အဖွဲ့ ဖွဲ့စည်းပြီး အားလုံးပါဝင်သည့် ညီလာခံတစ်ရပ်ကျင်းပရေး၊ ၂၀၂၂ ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန် ပွဲတော်ကို ကိုဗစ်ဆိုင်ရာ စည်းကမ်းချက်များ၊ လုံခြုံရေးဆိုင်ရာ  အစီအမံများဖြင့် ကျင်းပသွားနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီးစိုးဝင်းက နိုင်ငံခြားသားများ အမြဲနေထိုင်ခွင့် (PR) လျှောက်ထားသူများအား စနစ်တကျစိစစ်ခွင့်ပြု ရေးနှင့်စပ်လျဉ်း၍ ဖြည့်စွက် ဆွေးနွေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် NGO, INGO စသည့် အသင်းအဖွဲ့များနှင့် စပ်လျဉ်း၍ မိမိတို့အနေဖြင့် စနစ်တကျ သေချာစိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် ပတ်သက်၍ စနစ်ပြောင်းချိန်တွင် ငြိမ်းချမ်းစွာပူးပေါင်း ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ သို့သော်လည်း အကြမ်းဖက်လုပ်ရပ်များနှင့် စပ်လျဉ်း၍ ပြစ်ဒဏ်ကျခံနေရသူများအား ပြစ်ဒဏ် လျှော့ပေါ့ပေးသွားမည်မဟုတ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ အချို့သောတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်ပတ်သက်နေသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အနေဖြင့် ထာဝရငြိမ်းချမ်းရေးကို ရှေးရှု၍ ချိန်ဆ ဆောင်ရွက်လျက်ရှိကြောင်း၊ မြေဆီလွှာထိန်းသိမ်း နိုင်ရေးနှင့် စိုက်ပျိုးရေး ကောင်းမွန်စေရန်အတွက် ဗေဒါအပါအဝင် BIO Fertilizer ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်း သွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာထုတ်လုပ်နိုင် ရေးအတွက် စက်ရုံများလည်ပတ်နိုင်ရန် သဘာဝဓာတ်ငွေ့ကို ဦးစားပေးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကုန်တွင်းစွမ်းအင်ထုတ်လုပ်နိုင်ရေးနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိကြောင်း၊ မြေအောက်အပူ စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် စနစ်တကျ လေ့လာသုံးသပ်လျက် ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးတွင် မူအရပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များ ကိုသာ ဦးစားပေးသုံးစွဲသွားမည်ဖြစ်ပြီး ကျောက်မီးသွေးကို မဖြစ်မနေလိုအပ်သည့် အပူစွမ်းအင် ထုတ်လုပ်ရေး အတွက်သာ အသုံးပြုသွားမည်ဖြစ်ကြောင်း။

မိမိတို့၏ နိုင်ငံတော်တည်ဆောက်ရေးရည်မှန်းချက်မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်သွားရန်ဖြစ်ကြောင်း၊ အကြမ်းဖက် အဖွဲ့ အစည်းများကို နှိမ်နင်းနိုင်မှသာ လွတ်လပ်၍တရားမျှတပြီး ခြိမ်းခြောက်အကြပ်ကိုင်မှု ကင်းရှင်းသော ရွေးကောက်ပွဲကို ကျင်းပပေးနိုင်မည်ဖြစ်သည့်အတွက် အကြမ်း ဖက်အဖွဲ့များ ပပျောက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တစ်နိုင်ငံလုံးတွင် ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တိုင်းရင်း ဆေးပညာဖွံ့ဖြိုး တိုးတက်ရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းဆေးညီလာခံကျင်းပနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ လုံခြုံရေးနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် အိမ်ရာများပြည့်စုံရေး စီမံဆောင်ရွက်ပေးလျက် ရှိပြီး ဆေးရုံတိုင်း တွင်ဆရာဝန်နှင့် သူနာပြု အဆောင်များ ဆောက်လုပ်ပေးရန် စီစဉ်လျက် ရှိကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသများတွင် ခရိုင်အဆင့်ဌာနဆိုင်ရာများ တိုးမြှင့်ဖြည့်ဆည်း ပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကောင်စီဝင်များအနေဖြင့် သက်ဆိုင်ရာဒေသ အလိုက်ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားစေလိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။