Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကျောက်ဆည်မြို့အတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်အခြေအနေများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှု၊ လိုအပ်သည်များ လမ်းညွှန်မှာကြား

နေပြည်တော် ဧပြီ ၁၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကောင်စီဝင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့အတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်အခြေအနေများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောက်ဆည်မြို့ပြည်သူ့ဆေးရုံကြီး သို့ရောက်ရှိကြပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ဆေးဝါးကုသမှုဆောင်ရွက်ပေးနေမှုများနှင့် လူနာများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးထားမှုများကို ကြည့်ရှု၍ အားပေးစကား ပြောကြားကာ ထိခိုက်ဒဏ်ရာရရှိသူများအတွက် ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် ဆေးရုံကြီးအတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့်နေရာများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး အဆောက်အအုံများအား ဆက်လက်သုံးစွဲရန် သင့်/မသင့် စစ်ဆေးဆောင်ရွက်သွားရန်နှင့် စနစ်တကျစစ်ဆေးပြီးမှသာ သုံးစွဲရန်သင့်သော အာမခံချက်ရှိသည့် အဆောက်အအုံများကို ပြန်လည်ပြုပြင်သုံးစွဲရန်နှင့် ဝန်ထမ်းများအတွက် လိုအပ်သည့်ဝန်ထမ်းအိမ်ရာ အဆောက်အအုံအား ပြန်လည်တည်ဆောက်ပေးသွားရန် လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)သို့ ရောက်ရှိရာ ယာယီရှင်းလင်းဆောင်၌ နည်းပညာတက္ကသိုလ်(ကျောက်ဆည်) ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်မောင်ချင်းက ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် အဆောက်အအုံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဖြည့်ဆည်းဆောင်ရွက်

၎င်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော စာသင်ဆောင်များ၊ အားကစားခန်းမနေရာ၊ ကျောင်းသားအိပ်ဆောင်နှင့် ဝန်ထမ်းအိမ်ရာများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် အဆောက်အအုံအပျက်အစီးများ ရှင်းလင်းဖယ်ရှား၍ အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး၊ ကျောင်းအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးတို့ကို မှာကြားပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဆည်မြို့ အေးမြကြည်လင်ရပ်ကွက်တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အပျက်အစီးများ အမြန်ဆုံးရှင်းလင်းဖယ်ရှားနိုင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ရွှေသာလျောင်း တောင်တော်သို့ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်သွားသော ကျောက်သေတ္တာစေတီတည်ရှိနေမှုအား ကြည့်ရှုစစ်ဆေးသည်။ ထို့​နောက် ရွှေမုဋ္ဌောစေတီအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ကာ ဘုရားကြီး၏ ဂေါပကထံ အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ယင်းနောက် ကျောက်သေတ္တာစေတီတည်ရှိနေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ကျောက်သေတ္တာစေတီ တည်ရှိနေမှုနှင့်ပတ်သက်သည့် တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျောက်သေတ္တာစေတီနေရာကို Drone ဖြင့် အသေးစိတ်ရိုက်ကူး၍ အချက်အလက်ရယူရန်၊ မိုင်းခွဲဖြိုချခြင်းမပြုရန်၊ တောင်အောက်ရှိအများပြည်သူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် ကျောက်သေတ္တာကြီးအောက်ခြေမှနေ၍ အရည်အသွေးပြည့်မီသည့် ကွန်ကရစ်များဖြင့် RC လောင်းပြီး ထိန်းသိမ်းဆောင်ရွက်ရန်နှင့် ကျောက်တုံးတော်ကြီးအောက်ရှိ စျေးဆိုင်တန်းများ အန္တရာယ်မဖြစ်စေရေးဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။

ကြည့်ရှုစစ်ဆေး

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော ကျောက်သေတ္တာစေတီ၏ မှတ်တမ်းဓာတ်ပုံများနှင့် ရွှေမု​ဋ္ဌောစေတီတော်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော ဓမ္မာရုံကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား အပျက်အစီးများ ဖယ်ရှားရှင်းလင်း၍ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အမြန်ဆုံးစနစ်တကျပြန်လည် တည်ဆောက်သွားရန် လမ်းညွှန်မှာကြားကာ ငလျင်ဒဏ်ကြောင့် ထိခိုက်သွားပြီး ပြန်လည်ပြင်ဆင်ထားသော ဆင်းတုတော်များအား ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောက်ဆည်မြို့ ဆင်မင်းဘိလပ်မြေစက်ရုံသို့သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော အဆောက်အအုံများအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား အဆောက်အအုံ အပျက်အစီးများကို အပိုင်းလိုက်ခွဲ၍ ရှင်းလင်း ဖယ်ရှားရန်၊ ပြင်ဆင်စရာရှိသည်များကို ယခင်ထက် ပိုမိုကောင်းမွန်အောင် အမြန်ဆုံးပြင်ဆင်ဆောင်ရွက်သွားရန်နှင့် စက်ရုံအမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ 

သတင်းစဉ်