Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့စဉ် ထိခိုက်ပျက်စီးမှုများကြုံတွေ့ခဲ့ရသည့် အင်းလေးဒေသသို့ သွားရောက်စစ်ဆေး ငလျင်ဘေးဒဏ်သင့်ပြည်သူများအား တွေ့ဆုံအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

နေပြည်တော် ဧပြီ ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့စဉ် ထိခိုက်ပျက်စီးခဲ့ရမှုများ ကြုံတွေ့ခဲ့ရသည့် အင်းလေးဒေသသို့ ယနေ့မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဘေးဒဏ်သင့်ပြည်သူများအား တွေ့ဆုံအားပေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ညောင်ရွှေမြို့နယ် အင်းခြံကေလာ ကျေးရွာအုပ်စု ကေလာကျေးရွာသို့ စက်လှေများဖြင့် ရောက်ရှိပြီး ကေလာကျေးရွာအုပ်စုအတွင်း လူနေအိမ်များ ပျက်စီးမှုဖြစ်ပေါ်ခဲ့မှုနှင့် ထိခိုက်ပျက်စီးမှုအခြေအနေများကို မေးမြန်းကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယိုင်နဲ့သွားသည့်နေအိမ်များအား အမြန်ဆုံး ပြန်လည်ပြုပြင်ပေးနိုင်ရေးဒေသမှ ကျွမ်းကျင်လက်သမား အဖွဲ့များ၊ လုပ်သားများဖြင့် ဆောင်ရွက်ပေးသွားရန်နှင့် ပြန်လည်ဆောက်လုပ်ရန်လိုအပ်သည့် နေအိမ်များအား ရှင်းလင်းမှုများကို ဆောင်ရွက်ပေးသွားရန် လမ်းညွှန်မှာကြားသည်။

တည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ငလျင်ဘေးဒဏ်သင့် ပြည်သူများနှင့်တွေ့ဆုံရာ ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ကလောခရိုင် အုပ်ချုပ်ရေးမှူးတို့က ညောင်ရွှေ မြို့နယ်အတွင်း ငလျင်ဘေးဒဏ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု၊ ဘုရား၊ စေတီပုထိုးများ၊ လူနေအဆောက်အအုံများ ထိခိုက်ပျက်စီး ခဲ့ရမှုအခြေအနေများ၊ နေအိမ်များ ပြန်လည်တည်ဆောက်ရန်အတွက် သစ်နှင့်သွပ်များလိုအပ် ချက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နေအိမ်များ ပြန်လည်တည့်မတ်ခြင်းနှင့် တည်ဆောက်ခြင်းလုပ်ငန်းများကို မိုးရာသီမရောက်မီ ဆောင်ရွက်ပြီးစီးစေရေး ကျွမ်းကျင်လက်သမားအဖွဲ့များနှင့် ကျွမ်းကျင်လုပ်သား များရရှိအောင် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးတို့မှ ပူးပေါင်းဆောင်ရွက်သွားရန် လိုကြောင်း၊ အဆောက်အအုံများ ဆောက်လုပ်ရာတွင် အုတ်ဖိနပ်များဖြင့် ဆောက်လုပ်နိုင်ရေး မြေသားစစ်ဆေးခြင်းများကိုလည်း ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့်သစ်၊ သွပ်နှင့်ဘိလပ်မြေများ လုံလောက်စွာရရှိစေရေး နိုင်ငံတော်မှကူညီဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ငလျင်ဒဏ်သင့် ပြည်သူများအတွက် လတ်တလောကာလတွင် တစ်လစာအထိ စားသောက်ဖွယ်ရာများကိုလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေစေရေးအတွက် တိုက်နယ်ဆေးရုံတည်ဆောက်ပေးသွားမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ငလျင်သဘာဝဘေးဒဏ်ဆိုင်ရာများ၊ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် ယခုကြုံတွေ့ခဲ့ရသည့် မန္တလေးငလျင်ကြီးသည် မိမိတို့နိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးများအနက် ဒုတိယအပြင်းထန်ဆုံးနှင့် ထိခိုက်ပျက်စီးမှုများပြား ခဲ့သည့် ငလျင်ကြီးဖြစ်ကြောင်း၊ ယနေ့နံနက်ပိုင်းအထိ ကောက်ယူရရှိသည့်စာရင်းများအရ ထိခိုက် သေဆုံးခဲ့ရသူ ၃၆၇၅ ဦး၊ ဒဏ်ရာ ရရှိခဲ့ရသူ ၅၀၂၀ နှင့် ပျောက်ဆုံး နေသူ ၁၄၁ ဦးရှိသည်ဟု သိရှိရ ကြောင်း၊ ယခုကဲ့သို့ သေဆုံးမှုများ သည် မိမိတို့ နိုင်ငံသမိုင်းတွင် ဆိုးရွားသည့်အဖြစ်အပျက်တစ်ခု ဖြစ်ပြီး မိမိအနေဖြင့်လည်း စိတ်မကောင်း ဖြစ်ရကြောင်း၊ သေဆုံးခဲ့ရသူများကို တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းစီ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး နေအိမ်ထိခိုက် ပျက်စီးဆုံးရှုံးခဲ့ရမှုများကိုလည်း နေအိမ်အမျိုးအစားနှင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများအလိုက် ထောက်ပံ့မှုများဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း။

အဆောက်အအုံများ ဆောက်လုပ်ရာတွင် ယခင်မိမိတို့နိုင်ငံတွင် အမြင့်ဆုံးလှုပ်ခတ်ခဲ့သည့် ရစ်(ခ်)တာစကေး ၈ အထိ ခံနိုင်သည့် အဆောက်အအုံများ ဆောက်လုပ်ရမည်ဖြစ်သော်လည်း ဆောက်လုပ်ခဲ့ခြင်းမရှိမှုများကြောင့် အချို့အဆောက်အအုံများမှာ ပျက်စီးပြီးထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နောင်အချိန်တွင် ယခုကဲ့သို့ပျက်စီးမှုများမရှိစေရေး အဆောက်အအုံများ ဆောက်လုပ်ရာတွင် အနည်းဆုံး ရစ်(ခ်)တာစကေး ၈ အထိ ခံနိုင်သည့် အဆောက်အအုံများ ဆောက်လုပ်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ ယခုငလျင်ဘေး ဒဏ်ကြုံတွေ့ခဲ့ရစဉ် နေပြည်တော်တွင် တည်ထားကိုးကွယ်ထားရှိသည့် မာရဝိဇယဆင်းတုတော်ကြီးနှင့် ပလ္လင်တော်ကြီးတို့အနေဖြင့် ထိခိုက်ပျက်စီးမှု(လုံးဝ) မရှိခဲ့ကြောင်းနှင့် အခြားသာသနိက အဆောက်အအုံများတွင် ထိခိုက်ပျက်စီးမှု အနည်းငယ်သာဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်စဉ် ကတည်းကပင် ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် လေပြင်းတိုက်ခတ်မှု ဒဏ်ခံနိုင်ရေး၊ မြေငလျင်ဒဏ်ခံနိုင်ရေးနှင့် သဘာဝဘေးဒဏ်အန္တရာယ်များမှ ခံနိုင်မှုရှိစေရေးတို့ကို စနစ်တကျ တွက်ချက်တည်ဆောက်ခဲ့မှုနှင့် ခေတ်မီအင်ဂျင်နီယာ နည်းပညာများ အသုံးပြုတည် ဆောက်ခဲ့မှုကြောင့် ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ အဆောက်အအုံများ တည်ဆောက်ရာတွင် နောင်လာနောက်သားများ၏ ကာလ၌ငလျင်ဒဏ်ကြောင့် ထိခိုက်မှုမရှိစေရေး မိမိတို့အနေဖြင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ စနစ်တကျဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက် ပေးသွားရမည်ဖြစ်ကြောင်း။

ငလျင်ဒဏ်သင့် ပြည်သူများကူညီကယ်ဆယ်ရေးအတွက် နိုင်ငံတကာမှလည်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိသဖြင့် မိမိတို့အနေဖြင့် ကျေးဇူးတင်ရှိကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးကို ဆောင်ရွက်နေခြင်း မဟုတ်ဘဲနိုင်ငံ့အရေးကို ဆောင်ရွက်နေကြခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ဦးနှင့်တစ်ဦး ညီညီညွတ်ညွတ်ဖြင့် တောင်ပေါ်မြေပြန့်မခွဲခြားဘဲ ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

အားလုံးဝိုင်းဝန်းဆောင်ရွက်

မကြာခင်ကျရောက်တော့မည့် မြန်မာ့ရိုးရာအတာသင်္ကြန် ပွဲတော်ကိုလည်း ရိုးရာအစဉ် အလာများနှင့်အညီ အေးအေးချမ်းချမ်းဖြင့်သာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ စားသောက် ကုန်များဈေးနှုန်းမြင့်တက်မှုမရှိစေရေးအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အားလုံးဝိုင်းဝန်း၍ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသနှင့်နိုင်ငံအတွက် ဝမ်းစာဖူလုံရေးနှင့် လူနေမှုဘဝမြင့်မားစေရေးတို့အတွက် အထောက်အကူ ပြုအောင်ဆောင်ရွက်သွားကြရန် လိုကြောင်း။

ပညာ သင်ကြားရေးနှင့်ပတ်သက်၍ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံပညာ ကျောင်းများအား ကျောင်းဖွင့်ချိန်အမီ ပြန်လည်ဖွင့်လှစ်နိုင်ရေး အမြန်ဆုံးပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းနေအရွယ် ကလေးငယ်များအားလုံး ပညာသင်ကြားနိုင်ရေး ဝိုင်းဝန်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကလေးငယ်များအားလုံး အမျိုးသားရေး စိတ်ဓာတ်ရှိစေရေး၊ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန် စေရေးတို့အတွက် ဆရာ၊ ဆရာမများ၊ မိဘများ၏ အုပ်ထိန်းမှုများအောက်တွင် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ မိမိတို့၏ သားသမီးများ ပညာတတ်များ ဖြစ်စေရေးနှင့် ၎င်းတို့ဖြတ်သန်းရမည့် ဘဝခရီးလမ်းကို အေးချမ်း သာယာချောမွေ့စွာဖြင့် ဖြတ်သန်းသွားနိုင်ရေးလမ်းကြောင်းမှန်ပေါ်သို့ ဖော်ဆောင်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်မှအတတ်နိုင်ဆုံး ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသခံပြည်သူများကလည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြမည်ဆိုပါက ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ပြီးစီးမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ်သည်။

ထိခိုက်ပျက်စီးခဲ့မှုများ ကြည့်ရှုစစ်ဆေး

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားသို့ ရောက်ရှိကြပြီး ငလျင်ဒဏ်ကြောင့် သာသနိကအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ပင်မစံကျောင်းတော်ကြီး ရေရှည်ကြံ့ခိုင်မှုရှိစေရေးအတွက် ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများဆောင် ရွက်ရန်လိုအပ်သည့် ကျောက်၊ သဲ၊ သံချောင်းများနှင့် ဘိလပ်မြေတို့ကို အမြန်ဆုံးရောက်ရှိအောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ စံကျောင်းတော်ကြီးရှိ အောက်ခြေတိုင်များ ကြံ့ခိုင်မှုရှိစေရေး မြန်မြန်ဆန်ဆန်ဖြင့် စနစ်တကျဆောင် ရွက်သွားရန်လိုကြောင်း၊ ငလျင်ဒဏ်ကြောင့် မြေကာနံရံများ၌ မြေပြိုကျခဲ့သည့် နေရာများအား Sheet Pile များဖြင့် အမြန်ဆုံးပြန်လည်ပြုပြင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြုပြင်ရေးလုပ်ငန်း များအား နှစ်စဉ်ကျင်းပနေကျဖြစ်သည့် အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ဒေသစာရီကြွချီ ပူဇော်ခံပွဲမတိုင်မီ ပြီးစီးအောင်ဆောင်ရွက်သွားရန် လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားအား ပန်းနှင့်သောက်တော်ရေချမ်းတို့ ကပ်လှူပူဇော်ဖူးမြော်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားအား ရွှေသင်္ကန်းများ ကပ်လှူပူဇော်ဖူးမြော်ကြည်ညိုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ဘက်စုံပြုပြင်မွမ်းမံရန်အတွက် စုပေါင်းဘက်စုံအလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အင်းလေးဖောင်တော်ဦးမြတ်စွာ ဘုရားဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုး ပူဇော်ပြီး စေတီတော်ပရိဝုဏ်အတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များအား ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်