Skip to main content

မဖြစ်မနေမြှင့်တင်သွားရမည့် မြန်မာ့ပညာရေး

မြန်မာနိုင်ငံ၏ ပညာရေးအခြေအနေမှာ စိုးရိမ်ဖွယ်ရာ‌ကောင်းလှအောင် အားနည်းနေပြီး မပြင်မဖြစ်ပြင်ရန် လိုအပ်နေသည်။ မိမိတို့နိုင်ငံ၏ ပညာရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မကြာခဏပင် အလေးအနက် တိုက်တွန်းပြောကြားလျက်ရှိသည်ကိုလည်း တွေ့ရှိရသည်။ ပညာရေးမြှင့်တင်မှု မဖြစ်မနေပြုလုပ်ရန်၊ အခြေခံအားဖြင့် နိုင်ငံသားအားလုံး အလယ်တန်းအဆင့်  ပြီးဆုံးအောင်မြင်ရန် တို့သည် မိမိတို့နိုင်ငံ၏ ပကတိအခြေအနေများအရ အမှန်တကယ် ဆောင်ရွက်ကြရမည့် လုပ်ငန်းများပင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် အသက် ၅ နှစ်မှ ၁၁ နှစ်အတွင်းရှိ ကလေး ၉၇ ဒသမ ၅ ရာခိုင်နှုန်း၊ အသက် ၁၂ နှစ်မှ ၁၄နှစ်အတွင်းရှိ ကလေး ၈၂ ဒသမ ၄ ရာခိုင်နှုန်း ကျောင်းတက်ရောက်နေကြပြီး အသက် ၁၅ နှစ်မှ ၁၇ နှစ်အထိ အရွယ်အုပ်စုတွင်မူ ၎င်းတို့၏ ၅၀ ရာခိုင်နှုန်းခန့်က ကျောင်းထွက်လိုက်ကြကြောင်း၊ ကျောင်းထွက်သူဦးရေတွင် ယောက်ျားလေးက မိန်းကလေးထက် ပို၍များကြောင်း မြန်မာနိုင်ငံ လုပ်သားအင်အား၊ ကလေးလုပ်သားနှင့်  ကျောင်းအပြီး  လုပ်ငန်းခွင် ဝင်ရောက်မှု   အကူးအပြောင်း ဆန်းစစ်ခြင်းစစ်တမ်း-၂၀၁၅ ခုနှစ်  အနှစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြထားသည်။  ပညာသင်ကြားမှုနှုန်း  ကျဆင်းရခြင်း၏ အကြောင်းရင်းမှာ ဆင်းရဲနွမ်းပါးမှု၊ နေထိုင်မှုအဆင့်အတန်း၊ အိမ်‌ထောင်စုဝင်များ ပါဝင်ဆောင်ရွက်မှု ပိုမိုလိုအပ်သော စိုက်ပျိုးရေးနှင့် ဆက်နွှယ်သည့်   စီးပွားရေးလုပ်ငန်းများ၏  သဘော သဘာဝ၊ အလုပ်နှင့် ပညာရေးအကြား ဝေခွဲမရဖြစ်ခြင်းနှင့် ကျောင်း နေရန်  လက်လှမ်းမမီခြင်းတို့ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာအရ ကျောင်းနေမှုကျဆင်းရသည့် အခြေခံအကြောင်းတရားသည် ဆင်းရဲနွမ်းပါးမှုပင်ဖြစ်ပြီး အလုပ် လုပ်ကိုင်နိုင်သည့်အရွယ်တွင်  မိသားစုအတွက်  တစ်ဖက် တစ်လမ်းမှ ဝင်ငွေရှာရန် စာသင်ခန်းကို ကျောခိုင်းသွားကြခြင်းပင် ဖြစ်သည်။ ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံပညာရေးကို သင်ကြားခွင့် ရှိစေရေးအတွက်  နိုင်ငံတော်က  ဆောင်ရွက်ခဲ့ရာတွင်  အခမဲ့မသင် မနေရ  မူလတန်းကို ၂၀၁၁-၂၀၁၂ ပညာသင် နှစ်တွင် လည်းကောင်း၊ အလယ်တန်းကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် လည်းကောင်း၊ အထက်တန်းကို ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် လည်းကောင်း စတင်၍  ပြဋ္ဌာန်းပေးခဲ့ပြီး  ကျောင်းဝင်ကြေးနှင့်  ကျောင်းလခများ အခမဲ့အပြင် ကျောင်းဝတ်စုံ၊ ကျောင်းသုံး ဖတ်စာအုပ်၊ ဗလာစာအုပ်၊ ထောက်ပံ့ကြေး (ကျပ် ၁၀၀၀) စသည် တို့ကိုပါ အခမဲ့ထောက်ပံ့ပေးခဲ့ သည်။   ထို့အပြင် ကျောင်းကို အကြောင်းအမျိုးမျိုးကြောင့် လာမတက်နိုင်သည့် ကလေးများကို ကျောင်းပြင်ပ ပညာရေးစနစ်ဖြင့် သင်ကြားမှုများ ပြုလုပ်ပေးခဲ့သည်ကိုလည်း တွေ့ရသည်။

ပညာရေးနိမ့်ကျမှုသည် ဆင်းရဲနွမ်းပါးမှုနှင့် တစ်ဆက်တစ်စပ်တည်းပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကျေးလက်နေလူဦးရေသည် မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့် ရှိနေပြီး ကျေးလက်တွင် နေထိုင်သူသည် မြို့ပြတွင်  နေထိုင်သူထက် ၂ ဒသမ ၇ ဆပို၍   ဆင်းရဲနွမ်းပါးနိုင်ခြေရှိကြောင်း၊  ဆင်းရဲနွမ်းပါးခြင်းသည် ကျေးလက် ဒေသတွင်နေထိုင်ခြင်း၊ ပညာအရည်အချင်းနိမ့်ကျခြင်း၊ စိုက်ပျိုးရေး ကဏ္ဍတွင် လုပ်ကိုင်ခြင်းတို့နှင့်  ဆက်စပ်လျက်ရှိကြောင်း အစီရင် ခံစာတစ်ရပ်က ပြဆိုသည်။ ကိုဗစ်-၁၉နှင့် နိုင်ငံရေးအကြောင်းပြုသည့် မငြိမ်မသက်မှုများက  ဝင်ငွေနည်းသည့်  အခြေခံလူတန်းစားများ အပါအဝင် စီးပွားရေးလုပ်ငန်းများစွာတို့ကို  ထိခိုက်စေခဲ့ရာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ပညာရေးမြှင့်တင်ရေးတို့ကို ယခင်ထက် အဆပေါင်းများစွာ ကြိုးစားကြရမည်ဖြစ်ပြီး အစိုးရအဆက်ဆက် ဆောင်ရွက်သွားကြရမှာလည်း ဖြစ်သည်။

အခြေခံပညာမူလတန်းသို့ စတင်ကျောင်းဝင်လာသည့် ကျောင်းသူ ကျောင်းသားတိုင်း အနိမ့်ဆုံး အခြေခံပညာအလယ်တန်း အောင်မြင်သည်အထိ မဖြစ်မနေ ကျောင်းတက်နိုင်ရေးအတွက် လက်ရှိအခမဲ့ပညာရေးစနစ်အပြင်    ကျေးလက်ဒေသ ကျောင်းများ၊ ဝေးလံဒေသကျောင်းများ၌  ကျောင်းသူ   ကျောင်းသားများအား နေ့စဉ်ထမင်းတစ်နပ်စာ   ကျွေးမွေးခြင်း  သို့မဟုတ်   ရိက္ခာရာရှင် ထောက်ပံ့ခြင်းအစီအစဉ်များ၊ အခြေခံပညာအလယ်တန်းအဆင့်တွင် ကျောင်းပညာရေး မဆက်နိုင်သူ၊ မဆက်လိုသူများအတွက် ပြည်တွင်း ပြည်ပလုပ်သားဈေးကွက်နှင့် တိုက်ရိုက်ချိတ်ဆက်ထားသည့် ကျွမ်းကျင်/သက်မွေးပညာရေး အစီအစဉ်များကို ပြည်ပနိုင်ငံများမှ အတွေ့အကြုံများကို လေ့လာရယူကာ ပညာရေးကို မြှင့်တင်ပေးနိုင်ရေး အကြံပြုအပ်ပါကြောင်း။          ။