Skip to main content

ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု စံပြကျေးရွာသစ်ထူထောင်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

နေပြည်တော်  မတ်  ၁၄

ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု စံပြကျေးရွာသစ် ထူထောင်ရေးအတွက် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့နှင့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနတို့ သုတေသနအကျိုးတူ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို မတ် ဒုတိယပတ်က ရေဆင်း - စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန့်လွင်ဦး၊ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းရွှေ၊ ဌာနစုတာဝန်ခံများ၊ သုတေသနပညာရှင်များ၊ KOPIA မှ Dr. Kim Dae Ho နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အဆိုပါ နားလည်မှုစာချွန်လွှာသည် စိုက်ပျိုးရေးထွက်ကုန်များ၏ ထုတ်လုပ်မှုနှင့် ယှဉ်ပြိုင်မှုစွမ်းအား၊ အကျိုးအမြတ်၊ သုတေသနနှင့် တိုးချဲ့ ပညာပေးရေး ကဏ္ဍများ မြှင့်တင်ခြင်း ဖြင့် ဘေးကင်းလုံခြုံစိတ်ချရသည့် အရည်အသွေးကောင်း အစားအစာများထုတ်လုပ်နိုင်၍ စားနပ်ရိက္ခာဖူလုံကာ လုပ်ကွက်ငယ်တောင်သူလယ်သမားများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်အတွက် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့အကြား သဘောတူညီမှုအနေဖြင့် လက်မှတ်ရေးထိုးခြင်း ဖြစ်ကြောင်း၊ စီမံကိန်းကို ၂၀၂၀ ပြည့်နှစ်မှ စတင်၍ ၂၀၂၂ ခုနှစ်အထိ သုံးနှစ်တာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောသည်။


စီမံကိန်းကာလအတွင်း ပဲပုပ်၊ ကုလားပဲနှင့် ပဲတီစိမ်း စိုက်ပျိုးကြသော လုပ်ကွက်ငယ်တောင်သူများ ကိုယ်တိုင်ပါဝင်သည့် အရည်အသွေးကောင်း ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်သည့် စံပြကျေးရွာသစ်များ ထူထောင်ခြင်း၊ သီးနှံစိုက်ပျိုး ထုတ်လုပ်ရာတွင် တစ်နိုင်တစ်ပိုင် အသုံးပြုနိုင်သည့် စက်ကိရိယာများ အသုံးပြု၍ ဈေးကွက်အလားအလာရှိသည့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ရာ စီမံကိန်းအောင်မြင်အောင် ဆောင်ရွက်နိုင်ရေး အတွက် သုတေသနစမ်းသပ်ကွက်များ ဆောင်ရွက်ခြင်း၊ သရုပ်ပြစမ်းသပ်ကွက်များ စိုက်ပျိုးပြသခြင်း၊ တောင်သူများအား အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်စေ၍ လက်တွေ့နှင့် စာတွေ့သင်ကြားပို့ချပေးခြင်း၊ တောင်သူဖိတ်ခေါ်မျိုး ရွေးချယ်ပွဲများ၊ သရုပ်ပြပွဲများ ကျင်းပခြင်းများကို ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

မေမိုးသဲ