နေပြည်တော် ဇွန် ၃
နိုင်ငံတော်အစိုးရအနေဖြင့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးပြီး မိဘ အုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းအပ်နှံပေးလျက်ရှိရာ နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် KNLA အဖွဲ့၊ ABSDF အဖွဲ့၊ NMSP (မွန်) (ခွဲထွက်) အဖွဲ့နှင့် PDF အမည်ခံအဖွဲ့တို့မှ အဖွဲ့ဝင် အမျိုးသား ၈ ဦးတို့သည် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြသည်။
အဆိုပါ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် အောင်ဆန်းခန်းမ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ တိုင်းမှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက တရားဥပဒေဆိုင်ရာပုဒ်မများအား အသိပညာပေးရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူပါရှိလာသည့် ကာဘိုင်သေနတ် ၁ လက်၊ AK-47 သေနတ် ၁ လက်၊ M4 A1 သေနတ် ၁ လက်၊ SUR-M9 A-2 YSRA 1YSO1-2419684 9mm အမျိုးအစားပစ္စတိုသေနတ် ၁ လက်၊ ကျည် ၁၅၀ တောင့်၊ ကျည်အိမ် ၆ ခု၊ စကားပြောစက် ၁ လုံး (အားသွင်းကြိုးပါ)၊ လက်ထိပ် ၁ စုံတို့ကို လွှဲပြောင်းအပ်နှံရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက လက်ခံရယူသည်။ ၎င်းနောက် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မောင်းပြန်ရိုင်ဖယ်သေနတ် ၃ လက်အတွက် ဆုကြေးငွေကျပ် သိန်း ၁၅၀၊ ပစ္စတိုသေနတ် ၁ လက်အတွက် ဆုကြေးငွေ ကျပ်သိန်း ၂၀၊ စကားပြောစက် ၁ လုံးအတွက် ဆုကြေးငွေကျပ် ၂ သိန်းနှင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအတွက် ငွေကျပ် ၂၄ သိန်း၊ စုစုပေါင်း ဆုကြေးငွေ ကျပ် ၁၉၆ သိန်းနှင့် လက်ဆောင်ပစ္စည်းများအားပေးအပ်ရာ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများက လက်ခံရယူကြသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျပြန်လည်လွှဲပြောင်းအပ်နှံပေးကြရာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယနေ့အခမ်းအနားတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လျက် ဒေသတည်ငြိမ်အေးချမ်းရေးကို အမှန်တကယ်လိုလားကြသည့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့မှုအနေဖြင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ ၁ ဦး၊ ဘားအံမြို့နယ်မှ ၁ ဦး မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှ ၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှ ၁ ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်မှ ၁ ဦး၊ မွန်ပြည်နယ်၊ ရေးမြို့နယ်မှ ၁ ဦး၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်မှ ၁ ဦးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့နယ်မှ ၁ ဦး၊ စုစုပေါင်း (၈) ဦးဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ များစွာကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာလိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ထိုက်တန်စွာပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
