Skip to main content

ဥပဒေဘောင်အတွင်း နိုင်ငံ့အကျိုးဆောင်ကြဉ်း

ဥပဒေဘောင်အတွင်း နေထိုင်ခြင်းသည် စိတ်အေးချမ်းသာ လွတ်လပ်စွာဖြင့် နေထိုင်ရသည်။ ဥပဒေ၏ အကာအကွယ်ပေးမှုဖြင့် စိတ်ချလက်ချ နေထိုင်နိုင်ပေသည်။ ဥပဒေဘောင်ပြင်ပတွင် နေထိုင်ပါက လုံခြုံစိတ်ချမှုမရှိဘဲ စိုးရိမ်ပူပန်မှုများဖြင့် ကျီးလန့်စာစား နေထိုင်ရကာ ရည်မှန်းချက်များပျောက်၍ နောက်ဆုံးတွင် နိဂုံးမလှ အဆုံးသတ်ကြသည်ကို တွေ့ရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးကိုအကြောင်းပြု၍ ဥပဒေဘောင်ပြင်ပသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိသွားကြသူများရှိသည်။ နိုင်ငံရေးကို အကြောင်းပြု၍ ရည်ရွယ်ချက်ရှိရှိ ဥပဒေဖောက်ဖျက် ကျူးလွန်ခဲ့ကြသူများရှိသလို မသမာသူတို့၏ သွေးထိုးမြှောက်ပင့် ပေးမှုများကြောင့် လည်းကောင်း၊ မဟုတ်မမှန် လုပ်ကြံကောလာဟလ သတင်းမှားများကို နားယောင်မိ၍ လည်းကောင်း၊ စည်းရုံးသွေးဆောင်သူများနောက်သို့ ရောယောင်လိုက်ပါမိ၍ လည်းကောင်း ဥပဒေဘောင်ပြင်ပသို့ အမျိုးမျိုးအဖုံဖုံ ရောက်ရှိသွားကြသူများရှိသည်။ ယင်းတို့အနက် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများမှ ဥပဒေဘောင်အတွင်း ပြန်ဝင်လိုသူများရှိနေ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အသိပေး ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်း ပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ပါကြောင်း အသိပေးချက် ထုတ်ပြန်ထားသည်။ အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH နှင့် NUG တို့က နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်းရေးကို ဦးတည်ကာ အကြမ်းဖက်သတ်ဖြတ်မှုများကို လုပ်ဆောင်ရန် စည်းရုံးသိမ်းသွင်း ခံထားရသူများသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်မှုများကို ပြုလုပ်ခဲ့ကြသည်။

ယခုအခါ နိုင်ငံရေးကိုအကြောင်းပြု၍ ပြည်တွင်း၌ ပဋိပက္ခများ ဖြစ်ပေါ်နေမည်ဆိုပါက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီထွန်းကားရေးကို ထိခိုက်နှောင့်နှေးစေမည် ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်အနက် “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆောင်ရွက်သွားမည်” ဟူသည့် ရှေ့လုပ်ငန်းစဉ် ချမှတ်ထားသည်။

ထို့အပြင် “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှု အပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေး” ဟူသည့် နိုင်ငံရေးဦးတည်ချက်အရ စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက်ဖော်ဆောင်နိုင်ရေးအတွက် ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည်ဆိုသည့် အချက်နှင့်အညီ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းဆောင်ရွက်မှသာ အဆင်ပြေချောမွေ့မည် ဖြစ်သည်။ ထို့ကြောင့် လမ်းမှားရောက်ရှိသွားကြသူများကိုလည်း လမ်းမှန်ပေါ်သို့ ပြန်လည်ဝင်ရောက်ကာ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြန်လည်ဝင်ရောက်ခြင်းကို လှိုက်လှဲစွာကြိုဆိုရမည်ဖြစ်သည်။

မြန်မာ့သမိုင်းတွင် နိုင်ငံရေးအရ သဘောကွဲလွဲမှု၊ တိုင်းရင်းသားအရေးအရ သဘောကွဲလွဲမှုများကြောင့် ပြည်တွင်းလက်နက်ပဋိပက္ခများ ဖြစ်ပွားခဲ့ရပြီး နှစ်ပေါင်း ၇၀ ကျော်ကြာအောင် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ရခြင်းများသည် သင်ခန်းစာယူဖွယ်ရာများဖြစ်သည်။ ဆက်လက်၍ ပဋိပက္ခများ ဖြစ်နေမည်ဆိုပါက နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများသာ ဆက်လက်နစ်နာနေမည် ဖြစ်သည်။ တိုင်းရင်းသားပြည်သူများ မျှော်မှန်းထားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်နှင့်လည်း အလှမ်းဝေးနေမည်ဖြစ်သည်။ ထို့ကြောင့် ပဋိပက္ခများကို ဖြစ်ပေါ်စေသည့် လက်နက်ကိုင်ဆောင် ဖြေရှင်းနည်းကို စွန့်လွှတ်ပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ကြရန် လိုအပ်ပါသည်။

ဥပဒေဘောင်ပြင်ပတွင် နေထိုင်ပါက ကာယကံရှင်များ ကိုယ်တိုင်သာမက နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူများအားလုံးအတွက်ပါ ထိခိုက်နစ်နာမှုများ ရှိနေပါသည်။ မိမိတို့သည် တစ်နိုင်ငံတည်းတွင် အတူနေထိုင်ကြသည့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများဖြစ်၍ မည်သူနှင့် ပဋိပက္ခဖြစ်သည်ဖြစ်စေ မိမိတို့အားလုံး၏ ထိခိုက်နစ်နာဆုံးရှုံးမှု ဖြစ်သည်ကို သတိချပ်ရမည် ဖြစ်သည်။ ယခုအခါ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းတက်ရောက်ခဲ့သည့် PDF အဖွဲ့ဝင်များအား လက်ခံကြိုဆိုပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်နေပြီ ဖြစ်သည်။

သို့ဖြစ်ရာ ဘေးအန္တရာယ်များသော ဥပဒေဘောင်ပြင်ပတွင် နေထိုင်ခြင်းကို စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း နေထိုင်ပြီး မိဘပြည်သူများနှင့်အတူ မိမိတို့အကျိုး၊ နိုင်ငံတော်အကျိုးတို့ကို စိတ်အေးချမ်းသာစွာ လက်တွဲပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။          ။