နေပြည်တော် မတ် ၁၉
နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေကြသော လူနာများနှင့် လူနာစောင့် များအား COVID -19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးရာတွင် ဆေးရုံအုပ် ဒေါက်တာ ခင်ဆန်းဆန်းကျော်၊ သူနာပြုအုပ်ကြီး ဒေါ်စောရွှေနှင့် လုပ်ငန်းအရာရှိ(ဆေးလူမှု) ဦးအောင်အောင်တို့က COVID-19 ရောဂါနှင့်ပတ်သက်၍ ရောဂါကူးစက်နိုင်ခြေ ရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့်နည်းလမ်းများအား ရှင်းလင်း ပြောကြားသည်။
ထို့ပြင် နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် ၁၀၀၀ သို့ လူနာများရောက်ရှိလာပါက ကုသပေးမည့်အစီအစဉ်များ၊ လူနာများအား သီးခြားလူနာခန်းတွင် ထားရှိနိုင်ရန် ပြင်ဆင်ထားရှိမှုအခြေအနေများ၊ ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ရောဂါပြန့်ပွားမှုနှုန်းကို ထိန်းချုပ်စေလိုရေးအတွက် လူနာတစ်ဦးလျှင် လူနာစောင့် တစ်ဦးသာ စောင့်ရှောက်စေလိုသော အခြေအနေများကို လိုက်နာဆောင်ရွက်ကြရန်နှင့် လူစုလူဝေးကိုရှောင်ရန်၊ ဖျားနာနေလျှင် အိမ်တွင်နေရန်၊ မလိုအပ်ဘဲ ခရီးမသွားရန်၊ အခန်းကျယ်တွင် တစ်ဦးနှင့်တစ်ဦး သုံးပေအကွာတွင် နေထိုင်ရန်၊ တစ်ဦးနှင့်တစ်ဦး လက်ဆွဲနှုတ်ဆက်ခြင်းတို့ကို ရှောင်ကြဉ်ရန် စသည်တို့ကိုလည်း ရှင်းလင်းအသိပညာပေး ဟောပြောခဲ့ကြပြီး စနစ်တကျ လက်ဆေးနည်းအဆင့်ဆင့် ကိုလည်း လက်တွေ့သင်ကြား သရုပ်ပြခဲ့ကြောင်းသိရသည်။
ထို့အတူ ဟောပြောပွဲသို့ လာရောက်နားထောင်သူများအား ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပြီး COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက် http://mohs.gov.mm တွင် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားသည့် ကျန်းမာရေးပညာပေး သတင်းအချက်အလက်များကို ဝင်ရောက်ဖတ်ရှုကြရန်လည်း တိုက်တွန်းသည်။
ဟန်လင်းနိုင်