Skip to main content

မောင်တောမြို့နယ် ငါးခူရပြန်လည်လက်ခံရေးစခန်းသို့ မိမိတို့ဆန္ဒအရ ပြန်လည်ဝင်ရောက်လာသူများအား စိစစ်လက်ခံ

မောင်တော  မတ်  ၁၉

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငါးခူရ ပြန်လည်လက်ခံရေးစခန်း၌ ယနေ့ နံနက် ၉ နာရီခွဲက မိမိတို့ ဆန္ဒအရ ပြန်လည်ဝင်ရောက်လာ သည့် နေရပ်စွန့်ခွာသူ အိမ်ထောင်စု နှစ်စု အမျိုးသား ငါးဦး၊ အမျိုးသမီး ခြောက်ဦး စုစုပေါင်း ၁၁ ဦးအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ အတိုင်း သက်ဆိုင်ရာ တာဝန်ရှိသူ များက စိစစ်လက်ခံ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ လက်ခံဆောင်ရွက် ရာတွင် ရှေးဦးစွာ လုံခြုံရေး တာဝန် ရှိသူများက သတ်မှတ်နေရာ၌ တစ်ဦးချင်း လုံခြုံရေးဆိုင်ရာ ရှာဖွေ စစ်ဆေးမှုများပြုလုပ်သည်။

ထို့နောက် လူဝင်မှုကြီးကြပ်မှု ဆိုင်ရာ လုပ်ငန်းစဉ်များ စိစစ် မှတ်တမ်းတင်ခြင်းအား ဆောင်ရွက် ရာတွင် အသက်(၁၀)နှစ်အထက် အမျိုးသား လေးဦး၊ အမျိုးသမီး သုံးဦး ပေါင်း ခုနစ်ဦးတို့အား NV Card ထုတ်ပေးခဲ့ပြီး ကျန်းမာရေးစောင့် ရှောက်မှုနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ကာ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အား မွန်းလွဲ ၁၂ နာရီတွင် ပြီးစီးခဲ့သည်။

ဆက်လက်၍ ငါးခူရပြန်လည်လက်ခံရေးစခန်းတာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးဌေးမောင်က လှဖိုးခေါင် ယာယီနေရာချထားရေး စခန်းသို့ လွှဲပြောင်းပို့ဆောင်ပေးရာ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင် ရောက်ရှိပြီး လှဖိုးခေါင်စခန်း တာဝန်ခံ ညွှန်ကြားရေးမှူး ဦးစိုးရွှေအောင်နှင့် စခန်းတာဝန် ရှိသူများက လွှဲပြောင်း/ လက်ခံ ဆောင်ရွက်၍ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ မီးဖိုချောင်သုံး ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ပြန်လည်ဝင်ရောက် လာသူ ၁၁ ဦးအား မောင်တော မြို့နယ်၊ ငန်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ကာ မွန်းလွဲ ၂ နာရီ ၃၅ မိနစ် တွင် စခန်းမှ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)