Skip to main content

ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ဦးညွန့်ဝင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ စာအုပ်များလှူဒါန်း

ရန်ကုန်  မတ်  ၁၉

ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီခုနှစ်ဆုရှင် ဦးညွန့်ဝင်းက ၎င်းရေးသားသည့် “ယုံကြည်အောင် ဖန်ဆင်း” စာအုပ်အား မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ လှူဒါန်းသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယက ဦးကြည်စိုးထွန်းက အမှာစကားပြောကြားပြီး စာအုပ်ထုတ်ဝေသူနှင့် ဥပဒေပညာရှင် ဦးအောင်စိုးဦး က စာအုပ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီ ဦးညွန့်ဝင်းက စာအုပ်များကို ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက၊ ဒါရိုက်တာ ဦးအောင်မြင့်မြတ်က လက်ခံရယူ၍ အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်က ဦးညွန့်ဝင်းအား ဂုဏ်ပြု လက်ဆောင်နှင့် ပန်းစည်းပေးအပ်ကာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီ ထွန်းလွင်က ကျေးဇူးတင် ဂုဏ်ပြုစကား ပြောကြားသည်။

စာအုပ်များ လှူဒါန်းမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်း လွင်က “ဒီစာအုပ်နဲ့ပတ်သက်လို့ ကတော့ ဦးညွန့်ဝင်းက ဗြိတိသျှသံရုံး က ငှားလာတဲ့စာအုပ်ကို သဘောကျ ပြီးတော့ တစ်ခေါက်ဖတ်ရုံနဲ့ မပြီးဘူး။ နောက်ထပ်တစ်ခါ ၁၅ ရက်လောက် ထပ်ဖတ်ပြီးတော့ စာအုပ်တစ်အုပ် လုံးကို အသံသွင်းထားတယ်။ သူမိတ်ကပ်လိမ်းတိုင်း အဲဒီသွင်းထားတဲ့ အသံကို နားထောင်တယ်။  အဲဒီစာအုပ်ကို ဘာသာပြန်တယ်။ ရိုးရိုးစာရေးဆရာတစ်ယောက်က ဘာသာပြန်တာနဲ့မတူဘူး။ သူက လက်တွေ့ကျင့်သုံးခဲ့တာ။ သူ့ဘဝ တစ်လျှောက်လုံး လက်တွေ့ကြုံတွေ့ ခဲ့တာတွေနဲ့ ပေါင်းစပ်ရေးထားတာ ပါ” ဟု ပြောသည်။

စာအုပ်ထုတ်ဝေသူနှင့် ဥပဒေ ပညာရှင် ဦးအောင်စိုးဦးက “ ဒီစာအုပ် က အစ်ကိုကြီး ဦးညွန့်ဝင်းက မြန်မာ့ ရုပ်ရှင် နှစ်(၁၀၀)ပြည့်နဲ့ သူ့ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ဒီစာအုပ် ကို ထုတ်ဝေတာ ဖြစ်ပါတယ်။ လောလောဆယ် အုပ်ရေ ၁၀၀၀ လောက် ထုတ်ဝေမှာဖြစ်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို အုပ်ရေ ၅၀၀ လှူမှာဖြစ်ပါတယ်။ ကျန်တဲ့ ၅၀၀ ကိုတော့ သူ့မိသားစုက တခြားနေရာများကိုလှူမှာ ဖြစ်ပါတယ်။ မူပိုင်ခွင့်ကိစ္စနဲ့ပတ်သက်လို့ကတော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက မူပိုင်ခွင့်ရရှိမှာ ဖြစ်ပြီးတော့ သူ့ မိသားစုကလည်း မူပိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ထပ်ထုတ်ချင်ရင်လည်း ထုတ်နိုင်ပါတယ်။ သူ့မိသားစု အနေနဲ့လည်း ထပ်ထုတ်နိုင်မှာ ဖြစ်ပါ တယ်” ဟု ပြောသည်။

အကယ်ဒမီ ဦးညွန့်ဝင်း လှူဒါန်း သော “ယုံကြည်အောင် ဖန်ဆင်း” စာအုပ်တွင် သရုပ်ဆောင်တစ်ဦး ဆိုတာ ဩကာသလောကကြီး စကြ ဝဠဠာတစ်ခုလုံးက အနုပညာရှင်တို့ ၏ လက်ဖဝါးထဲတွင် ဖန်ဆင်းထား နိုင်ရမည်ဖြစ်ကြောင်း၊ သရုပ်ဆောင် ကောင်းတစ်ယောက်ဟာ ကိုယ်ပြောရမည့်စကား၊ ကိုယ့်စိတ်ဆန္ဒ၊ ကိုယ့် ပရိသတ်ဆိုတဲ့ အဆင့်သုံးဆင့်ကို ပိုင်ဆိုင်နိုင်ရမည်ဖြစ်ကြောင်း၊ သရုပ်ဆောင်ဆိုတာ ကဘေကမ္ဘာ အချိန်ကတည်းကရှိနေပြီး နောင်လည်း ဆက်ရှိနေဦးမည်ဖြစ်ကြောင်း၊ အနုပညာရှင်ဆိုတာ ပရိသတ်ရဲ့ ဝန်ထမ်းတွေ၊ အစေခံတွေဖြစ်ကြောင်း၊ Actor တစ်ယောက်ကို ပြောင်နေအောင်  တိုက်ချွတ်လိုက်ပါ။ ပြောင်လာတာနဲ့  နောက် Actor တစ်ယောက်ပေါ်လာ မည်ဖြစ်ကြောင်း စသည်ဖြင့် သရုပ်ဆောင်တို့၏ဘဝကို ပုံဖော်ရေးသား ထားသည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ကြောင်း သိရသည်။

ခင်သူဇာပို (FDC)