Skip to main content

မုံရွာမြို့ရှိ ပျားရည်သန့်စင်စက်ရုံကို ဧပြီလတွင် စတင်လည်ပတ်မည်

မုံရွာ  မတ်  ၁၉

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့စက်မှုဇုန်တွင် ပျားမွေးမြူရေးလုပ်ငန်းများအတွက် အထောက်အပံ့ပေးနိုင်မည့် ပျားရည်သန့်စင်စက်ရုံကိုလာမည့် ဧပြီလတွင် စတင်စမ်းသပ်လည်ပတ်မည်ဖြစ်ကြောင်း ပျားရည်သန့်စင်စက်ရုံ မန်နေဂျာ ဦးမျိုးလွင် က ပြောကြားသည်။

ပျားရည်များကို ဖုန်၊ သဲ၊ ပျားချေး၊ ပျားဖယောင်းအဖတ်များ၊ ပျားသားလောင်း အသေများ၊ ပျားကောင်များ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများဖြစ်သော အမှုန်အမွှားများကို Filters အဆင့်ဆင့် ဖြတ်ပြီး ခေတ်မီစက်ကြီးများဖြင့် သန့်စင်မည်ဖြစ်ပါကြောင်း၊ ပျားရည်ထဲမှ မြင်နိုင်သည့်အမှုန် အမွှားများကို ဖယ်ရှားပြီးနောက် ရေဓာတ်ပါဝင်မှုကိုလည်း လျော့ချပေးရမည်ဖြစ်ပါကြောင်း ၎င်းက ပြောကြားသည်။

ပျားရည်ကုန်ကြမ်းများကို ဇီးပျား၊ ပန်းသုံးဆင့်ပျား၊ နေကြာပျား၊ ပဲစင်းငုံပျား၊ နှမ်းပျား စသည့် ပျားရည်များရှိသည့်အနက် ကနီ၊ ယင်းမာပင်၊ ဘုတလင်မြို့နယ်များမှ ရရှိသော ဇီးပျားများကို အဓိက ထားပြီး အသုံးပြုမည်ဖြစ်ပါကြောင်း၊ ပျားရည်တစ်ပိဿာလျှင် ၂၄၀၀ ကျပ်မှ  ၂၈၅၀ ကျပ် အထိ ဝယ် ယူလျက်ရှိပါကြောင်း ၎င်းက ပြောကြားသည်။

ပျားရည်သန့်စင်စက်၏ လည်ပတ်စွမ်းအားမှာ  တစ်ကြိမ်လည်ပတ်နှုန်းသည် တစ်ပေပါ လျှင် ၂၀၀ ပိဿာ (၃၂၆ ဒသမ ၅၂၆ ကီလိုဂရမ်) ဝန်းကျင်ရှိသော ပျားရည်ပေပါ ၃ ပေပါကို မိနစ်၂၀ သာကြာမြင့်မည် ဖြစ်ပါကြောင်း၊ သန့်စင်ပြီး ပျားရည်များကို မူလအရောင်၊ အနံ့နှင့်အရသာပြောင်း လဲခြင်းမရှိစေဘဲ သန့်စင်နိုင်မည်ဖြစ်ပါကြောင်း ၎င်းက ပြောသည်။

ပျားရည်သန့်စင်စက်ရုံလည်ပတ်ပါက တစ်ရက်လျှင်  သန့်စင်ပြီးပျားရည် ၂၃ တန် ထွက်ရှိမည် ဖြစ်ပါကြောင်း၊ ပျားရည်များကို ပြည်တွင်းသာမက ပြည်ပနိုင်ငံများဖြစ်သည့် ယိုးဒယား၊ ဂျပန်၊ ဥရောပ နိုင်ငံများသို့ တင်ပို့ရန် လျားထားပါကြောင်း၊ သန့်စင်ပြီးပျားရည်များကို နေ့စဉ်မှီဝဲ ခြင်းကြောင့်  ခန္ဓာကိုယ်အင်အားပြန်လည် ပြည့်ဖြိုးခြင်း၊ မှတ်ဉာဏ်အား ပိုမိုကောင်းမွန်နိုင်မည် ဖြစ်ပါကြောင်း ပျားရည်သန့်စင်စက်ရုံ မန်နေဂျာ ဦးမျိုးလွင် က ပြောသည်။ 

သတင်း-မွှေးကြူဇင်

ဓာတ်ပုံ- ကိုရဲ