Skip to main content

COVID-19 စောင့်ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တောင်ကြီးမြို့၌ ကျင်းပ

တောင်ကြီး မတ် ၂၀

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်အတွင်း COVID-19 အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် စောင့်ကြည့် စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂) နာရီတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန (တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ) မှတာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကဆေးရုံမှ တာဝန်ခံများ၊ လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန (တောင်ကြီး) ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသူဇာချစ်တင်၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန (လားရှိုး) ပြည်နယ်ဦးစီးမှူး ဒေါက်တာတင်မောင်ညွန့်၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန (ကျိုင်းတုံ) ဒေါက်တာဘစိုးသက်၊ အမျိုးသမီးနှင့်ကလေးဆေးရုံအုပ်ကြီး ဒေါက်တာမြတ်ခိုင်တို့က COVID-19 အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုများအကြောင်းရှင်းပြပြီး ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေ တို့ကိုတင်ပြဆွေးနွေးခဲ့သည်။

COVID-19 အဆုတ်ရောင်ရောဂါ သံသယလူနာတွေ့ရှိမှု အခြေအနေ၊ ရောဂါစောင့်ကြပ် ကြည့်ရှုရေး လုပ်ငန်းများနှင့် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေ တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

စိုင်းသန်းကျော် (တောင်ကြီး)