ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများ၏ လုပ်ငန်းတိုင်းတွင် သုတေသနလုပ်ငန်းများကို ထူထောင်ထားကြပြီး စဉ်ဆက်မပြတ် မြှင့်တင်ဆောင်ရွက်နေကြသည်။ သုတေသနလုပ်ငန်းသည် လက်ငင်းဆောင်ရွက်နေသော လုပ်ငန်းများအား အထောက်အကူပြုသည့်အပြင် ရေရှည်လုပ်ကိုင်ရသည့် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေပါသည်။ ထို့ကြောင့် သုတေသနပြုလုပ်ရာမှ ပေါ်ထွက်လာသော အကျိုးရလဒ်များကို သိမြင်နားလည်ကြသဖြင့် သုတေသနကို တန်ဖိုးထား ဆောင်ရွက်နေကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန်လ ၁၄ ရက်နေ့က နေပြည်တော်ကောင်စီနယ်မြေရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများအားတွေ့ဆုံ၍ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားရာတွင် သုတေသနလုပ်ငန်း (Research and Development) သည် နိုင်ငံအတွက် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် သုတေသနလုပ်ငန်းများကို လုပ်ငန်းဌာနများ၌ ထူထောင်ထားကြသည်ကို တွေ့ရသည်။ နိုင်ငံအတွက် အရေးကြီးသော လုပ်ငန်းကဏ္ဍများတွင် သုတေသနလုပ်ငန်းများကို စနစ်တကျ ထူထောင်ထားပြီး လုပ်ငန်းများတိုးတက်အောင် ဆောင်ရွက်ကြသည်။ အထူးသဖြင့် နိုင်ငံ၏ အခြေခံအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေမည့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးကဏ္ဍများတွင် သုတေသနဌာနများကို စနစ်တကျ ဖွဲ့စည်းထူထောင်ထားသည်။ ဌာနများ၏ သုတေသနလုပ်ငန်းများမှ ပေါ်ထွက်လာမှုများအပေါ် မူတည်၍ အကျိုးရှိထိရောက်သော ရလဒ်ကောင်းများလည်း ရရှိခဲ့ပြီးဖြစ်သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းကို အခြေခံသည့် နိုင်ငံဖြစ်သည်။ နိုင်ငံရှိ လူဦးရေအများစုသည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြသည်။ စိုက်ပျိုးရေးကို အခြေခံသည့် စက်မှုလုပ်ငန်းများလည်း ရှိသည်။ မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး ဂျီဒီပီသည် စိုက်ပျိုးရေးလုပ်ငန်းများမှ များစွာ အထောက်အကူပြုလျက် ရှိသည်။ ထို့ကြောင့် သက်ဆိုင်ရာဌာနများက စိုက်ပျိုးရေးသုတေသန လုပ်ငန်းများကို အားပေးမြှင့်တင် ဆောင်ရွက်နေကြသည်။ အကျိုးရလဒ်ကောင်းများ ပေါ်ထွက်လာအောင် သုတေသနပြု ရှာဖွေဖော်ထုတ်လျက်ရှိသည်။
စိုက်ပျိုးရေးထုတ်ကုန်များ အထွက်နှုန်းကောင်းမွန်စေရန်နှင့် အရည်အသွေး မြင့်မားစေရန် သုတေသနလုပ်ငန်းများမှ များစွာ အထောက်အကူပြုလျက်ရှိသည်။ စိုက်ပျိုးရေးလုပ်ငန်းများတွင် မျိုး၊ မြေ၊ ရေ၊ နည်း ဤလေးမျိုးသည် အဓိကလိုအပ်ချက် ဖြစ်သည်။ မျိုးကောင်းရန်၊ အာဟာရပြည့်ဝသည့် မြေသြဇာရရှိရန်၊ ရေလုံလောက်စွာ ရရှိရန်နှင့် နည်းစနစ် ကောင်းမွန်စွာဖြင့် စိုက်ပျိုးနိုင်ရန် အချက်များသည် စိုက်ပျိုးရေး သုတေသနလုပ်ငန်းများအပေါ်တွင် များစွာ တည်မှီနေသည်။ ဖော်ပြပါ အချက် လေးချက်၏ အားသာခြင်း၊ အားနည်းခြင်းအပေါ် မူတည်၍ အထွက်နှုန်းနှင့် တန်ဖိုး ကွာခြားသွားသဖြင့် စိုက်ပျိုးရေးသုတေသနလုပ်ငန်းသည် နိုင်ငံအတွက် အရေးပါကြောင်း ပြသလျက်ရှိသည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် စပါးမျိုးများတွင် မျိုးသန့် မျိုးကောင်းများစွာ ရှိသည်။ စပါးမျိုးများအနက် ဒေသနှင့်ကိုက်ညီသည့် စပါးမျိုးများ စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်သည်။ ဥပမာအားဖြင့် မြစ်ဝကျွန်းပေါ်ဒေသတွင် ပင်လယ်ရေငန်ဒဏ်ခံနိုင်သည့် စပါးမျိုးများ၊ ရာသီဥတုဒဏ်ခံနိုင်သည့် မျိုးကောင်းမျိုးသန့် စပါးမျိုးများ ရရှိနိုင်စေရန် သုတေသနပြု ဆောင်ရွက်ကြရမည် ဖြစ်သည်။ မိုးနည်းရေရှား ဒေသများတွင် ရေဓာတ်လိုအပ်ချက်နည်းသော စပါးမျိုးများ ရွေးချယ်နိုင်ရန်လည်း လိုအပ်သည်။ ရေကိုအကျိုးရှိစွာ အသုံးချနိုင်သည့် နည်းစနစ်များကိုလည်း ဖော်ထုတ်နိုင်ရန် လိုအပ်သည်။ ဒေသအလိုက် စပါးမျိုးများအပေါ် မူတည်၍ အာဟာရလုံလောက်စွာ ပေးနိုင်သော မြေသြဇာများကိုလည်း ထုတ်လုပ်နိုင်ရန် လိုအပ်သည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန စိုက်ပျိုးရေး သုတေသနဦးစီးဌာနကို ရန်ကုန်မြို့ ကြို့ကုန်းတွင် လယ်ယာစိုက်ပျိုးခြင်း သုတေသနဗိမာန် အမည်ဖြင့် ၁၉၅၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် ပျဉ်းမနားမြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနအဖြစ် သီးခြားဖွဲ့စည်းခဲ့သည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် သုတေသနဗဟိုဌာန ခုနစ်ခု၊ သုတေသနခြံ/စခန်း ၂၂ ခု ဖွင့်လှစ်ထား၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ၁၉၅၄ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ သီးနှံမျိုးစုံ ၂၅၃ မျိုးကို ထုတ်ဝေပေးနိုင်ခဲ့သည်။ ယခုအခါ သီးနှံမျိုးစုံ ၃၇ မျိုးကို သုတေသနပြု ထုတ်လုပ်နိုင်ခဲ့ပြီး ဆက်လက်ထုတ်ဝေသွားမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး သုတေသနလုပ်ငန်းများမှ စပါးအပြင် အခြားသီးနှံများအတွက်ပါ အပင်မျိုးဗီဇတစ်သောင်းကျော် ထိန်းသိမ်းထားရှိနိုင်ပြီး ပြည်တွင်း/ ပြည်ပအဖွဲ့အစည်းများသို့ သီးနှံဗီဇအရင်းအမြစ် စုစုပေါင်း နှစ်သောင်းခွဲခန့် ဖြန့်ဝေပေးနိုင်ခဲ့သည်။ သို့ဖြစ်ရာ စိုက်ပျိုးရေး သုတေသနလုပ်ငန်းများမှ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ကောင်းများစွာကို ပေးဝေနိုင်ခဲ့ပြီဖြစ်ရာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်အားပေး မြှင့်တင်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။