ပဲခူး မတ် ၂၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က လတ်တ လော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Covid -19) ကာကွယ်ထိန်းချုပ် ကုသခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက Covid -19 ကို ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဖြစ် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (World Health Organization- WHO) မတ်လ(၁၁)ရက်နေ့၊ မြန်မာစံတော်ချိန် ည ၁၁ နာရီ ၁၃ မိနစ်တွင် သတ်မှတ်ကြေညာခဲ့သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ နိုင်ငံတော်အဆင့်မှာ လည်း မတ်လ(၁၃)ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သော အမျိုးသားအဆင့် ဗဟိုကော်မတီအဖြစ် တိုးမြှင့်ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် မြန်မာ နိုင်ငံအတွက် ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် ကုသရေးအပိုင်းများကို Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များ အတိုင်း ကော်မတီဖွဲ့စည်းခြင်း၊ ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် ကုသရေးလုပ်ငန်းစဉ်များကို စနစ် တကျ ပြင်ဆင်ဆောင်ရွက်ထားရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး ထောက်ပံ့ငွေကျပ် သိန်း(၅၀၀)အား ပေးအပ်ခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းနှင့် ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံ အုပ်ကြီး ဒေါက်တာ ရန်နိုင်မောင်တို့မှ လက်ခံရယူခဲ့ပြီး၊ ဒေါက်တာအေးငြိမ်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေက ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ယခုထောက်ပံ့လှူဒါန်းသည့် ကျပ်သိန်း(၅၀၀)အပြင် အရေးပေါ်ရန်ပုံငွေ (၁)ဘီလီယံကျပ်အား ကြိုတင်လျာထားပြီးဖြစ်၍ ဖြစ်ပေါ်လာသည့် အခြေအနေပေါ် မူတည်ပြီး ကော်မတီ၏ တင်ပြချက်များအရ စနစ်တကျ ထုတ်ယူသုံးစွဲနိုင်ရေး စီမံဆောင်ရွက်ထားပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပြင်ပအလှူရှင် Petrol Star Co., Ltd , Managing Director ဦးအောင်ဝင်းက ကာကွယ်ရေး ဆေးရုံသုံး ဝတ်စုံ (၂၀၀) တန်ဖိုးငွေ(၁၈)သိန်းနှင့် ထောက်ပံ့ငွေ(၁၀)သိန်းတို့အား ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီအား လူမှုရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ပါဝင်ကာ သက်ဆိုင်ရာဌာနဆိုင်ရာ(၂၀)ဦးတို့ဖြင့် ဖွဲ့စည်းကာ ဗဟိုကော်မတီမှ ပေးအပ်ထားသော လုပ်ငန်းတာဝန်(၉)ချက်အား တိတိကျကျ လိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း သဲကုန်းမြို့နယ်၊ ထန်းတပင်မြို့နယ်၊ ကျောက်တံခါးမြို့နယ်နှင့် မိုးညို မြို့နယ်တို့တွင် ယနေ့အထိ စောင့်ကြည်လူနာ(၈)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ မရှိသေးကြောင်းနှင့် ပဲခူးမြို့ တွင် ကလိကျေးရွာအနီး ဆောက်လုပ်လျက်ရှိသော (၆)ထပ်ဆေးရုံ၏ အနောက်ဘက်ရှိ ရုံးအဆောက် အဦအသစ်၌ (COVID-19) စောင့်ကြည့်လူနာများ ရောက်ရှိလာပါက ထားရှိသွားရန် စီစဉ်ထားပြီး ဖြစ်ကြောင်း သတင်းရရှိသည်။
ဟိန်းထက်(ပဲခူး)