Skip to main content

မန်းရွှေစက်တော်မှ ဗုဒ္ဓဘုရားရှင်၏ ရွှေသားစက်လက္ခဏာ ၁၀၈ ကွက်အား မင်းဘူး(စကု)မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ္ဍာတိုက်၌ အပ်နှံသိမ်းဆည်း

မင်းဘူး မတ် ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော်ဘုရားမှ ဗုဒ္ဓဘုရားရှင်၏ ရွှေသားစက်လက္ခဏာ ၁၀၈ ကွက်အား စီးပွားရေးဘဏ်၊ ဘဏ္ဍာတိုက်၌ အပ်နှံသိမ်းဆည်းထားခဲ့ကြောင်း ဘုရားဂေါပကထံမှ သိရသည်။

“ကိုရိုနာဗိုင်းရပ်(စ်)အန္တရာယ်မှ ကြိုတင်ကာကွယ်ရန်ဘုရားပွဲတော်ကို ၂၀၂၀ ပြည့်နှစ် မတ်လ ၁၃ ရက်နေ့က ပိတ်သိမ်းလိုက်ပြီး ရွှေပြားပါဒစက်လက္ခဏာတွေကို ပုံစံခုံပေါ်မှာ နံပါတ်စဉ်အလိုက် ဘုတ်ချောင်းတွေနဲ့ စုပ်ထားတာပါ၊ ပွဲတော်ပိတ်ပြီဆိုတော့ ပြန်ဖြုတ်ပြီး ဘဏ်မှာ နှစ်စဉ် နှစ်တိုင်း သိမ်းဆည်းရပါတယ်၊ ဂွမ်းထုတ်တွေနဲ့ သေချာထည့်ပြီး သေတ္တာထဲထည့်ပြီး ချိတ်ပိတ်ပါတယ်၊ အဲဒီနောက် ပြီးရင် ဘဏ်အပ်ပါတယ်” ဟု မန်းရွှေစက်တော် ဘုရားဂေါပက အတွင်းရေးမှူး ဦးခင်မောင်စိုးက ပြောကြားသည်။

ဘုရားဂေါပကအဖွဲ့နှင့် စကုမီးသတ်တပ်ဖွဲတို့က ဩဝါဒဆရာတော်ကြီးများ ရှေ့မှောက်တွင် ဖြုတ်သိမ်းကာ မင်းဘူးမြို့၊ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်တိုက်၌ သွားရောက်အပ်နှံခဲ့ကြပြီး ရွှေပြားများ ဖြုတ်ပြီးနောက် အောက်ခံခုံတော်ကို ပါဒရက္ခိအခန်း၌ သိမ်းဆည်းထားကြောင်း ဘုရားဂေါပကအဖွဲ့မှ သိရသည်။

မန်းရွှေစက်တော်ဘုရားပွဲတော်ကို နှစ်စဉ်တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ထိကျင်းပပြီး ဘုရားပွဲတော်မတိုင်မီ တစ်ရက်အလိုတွင် စက်လက္ခဏာများကို ဘဏ်တိုက်မှထုတ်ယူကာ ခြေတော်ရာခုံတွင် နံပါတ်စဉ်အလိုက် တပ်ဆင်ရကြောင်း၊ နတ်မင်းကြီးလေးပါးမှ ထမ်းကာ အခမ်းအနားဖြင့် အောက်စက်တော်ရာ အဆောင်သို့ ပို့ဆောင်ပူဇော်ရကြောင်း သိရှိရသည်။

ကျော်စိုးဝင်း(မင်းဘူး)