Skip to main content

တနင်္သာရီတောင်တန်းဒေသ နယ်စပ်ဖြတ်ကျော် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းကာကွယ်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ စီမံကိန်းပြီးမြောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် မတ် ၂၀

တနင်္သာရီတောင်တန်းဒေသ နယ်စပ်ဖြတ်ကျော် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းကာကွယ်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း (FD-ITTO Biodiversity) စီမံကိန်းပြီးမြောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သစ်တောသုတေသနဌာန (ရေဆင်း)၌ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က ယခုဆွေးနွေးပွဲတွင် စီမံကိန်းကာလတစ်လျှောက် ဆောင်ရွက်ခဲ့သည့် နယ်စပ်ဖြတ်ကျော် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ သတင်းအချက်အလက်များမျှဝေရေးနှင့် စီမံကိန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အားနည်းချက်/ အားသာချက်များကို အခြေခံပြီး ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး ဆွေးနွေးပွဲ အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပသည်။

သစ်တောဦးစီးဌာနအနေဖြင့် မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ITTO နှင့် ပူးပေါင်းပြီး တနင်္သာရီတောင်တန်းဒေသ နယ်စပ်ဖြတ်ကျော် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းကာကွယ်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း (FD-ITTO Biodiversity) စီမံကိန်းကို ၂၀၁၈ ခုနှစ် ဧပြီလမှ ၂၀၂၀ ပြည့်နှစ် မတ်လအထိ (၂)နှစ်ကြာ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ နယ်စပ်ဖြတ်ကျော် ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များကို စဉ်ဆက်မပြတ် ထိန်းသိမ်းကာကွယ်ရန် နှင့် စနစ်တကျ စီမံအုပ်ချုပ်မှုကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ရာ စီမံကိန်းကာလအတွင်း ဝန်ထမ်းများနှင့် ဒေသနေပြည်သူများ စွမ်းဆောင်ရည်မြင့်မားစေသည့် သင်တန်းပေါင်း ၈ ခု၊ အလုပ်ရုံဆွေးနွေးပွဲပေါင်း ၄ ကြိမ်တို့ကို ကျင်းပခဲ့သည့်အပြင် အကျိုးဆက် ပတ်သက်သူများဆွေးနွေးပွဲ၊ အသိပညာပေးဟောပြောပွဲများ၊ ဒေသဖွံ့ဖြိုးရေး အထောက်အကူပြုလုပ်ငန်းများနှင့် သုတေသနလုပ်ငန်းပေါင်း ၇ ခုကို ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။

(သတင်းစဉ်)