Skip to main content

ရခိုင်ပြည်နယ်အတွင်းရှိ ထိခိုက်ခံဒေသများသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ တိုးမြှင့်ပေးအပ်သွားရေးအတွက် အစိုးရမှ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည်

၁။ ရခိုင်ပြည်နယ်အတွင်း AA ၏ အဖျက်အမှောက်လုပ်ရပ်များသည် ပိုမိုပြင်းထန်စွာ ဆက်လက် ဖြစ်ပွားလျက် ရှိသည့်အတွက် မြန်မာ့တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများဖြစ်ပွားပြီး လူမှုအသိုက်အဝန်းပေါင်းစုံမှ ပြည်တွင်း နေရပ်စွန့်ခွာသူ အများအပြား ပေါ်ပေါက်စေခဲ့သည်။

၂။ အစိုးရအနေဖြင့် နေရပ်စွန့်ခွာသူများအား လူသားချင်းစာနာထောက်ထားမှု အကူ အညီများ ပေးအပ်လျက်ရှိပြီး၊ လုံခြုံရေး အခြေအနေပေးမှုအပေါ်မူတည်၍ အခြား လူသား ချင်းစာနာ ထောက်ထားမှုဆိုင်ရာ မိတ်ဖက်များအား လူသားချင်းစာနာမှု အကူအညီများ သွားရောက်ပေးအပ် ခွင့်ကို ဆက်လက်ပေးအပ်ထားပါသည်။

၃။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ အစောပိုင်းမှစတင်၍ လက်နက်ကိုင်တိုက်ပွဲများ ပြင်းထန် လာမှု ကြောင့် လူသားချင်း စာနာမှုအကူအညီများ ဖြန့်ဝေရန်နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ မိတ်ဖက်များမှ အကူအညီများ သွားရောက်ပေးအပ်နိုင်ရန် စီစဉ်ပေးရာ၌ စိန်ခေါ်မှုများနှင့် ကြုံ တွေ့ခဲ့ရပါသည်။

၄။မကြာသေးမီက သက်ဆိုင်ရာ ဝန်ကြီးဌာနများအကြား ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နောက်အစိုးရအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေးကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရန်နှင့် ရခိုင်ပြည်နယ်အတွင်း အစိုးရ၏ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများတွင် အကူအညီများပေး အပ်နေသည့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အပါအဝင် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ မိတ်ဖက်များအား လုပ်ငန်း ဆောင်ရွက်ခွင့်များ တိုးမြှင့်ပေးအပ်သွားရန် ဆုံးဖြတ်ခဲ့ပါသည်။ ရခိုင်ပြည်နယ် အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပိုမိုထိရောက်စွာ ပေးအပ်နိုင်ရေးအတွက် အသေးစိတ်အစီအစဉ်များကို ကုလသမဂ္ဂနှင့် ICRC အဖွဲ့များနှင့် မကြာမီအတွင်း ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။

၅။ အစိုးရအနေဖြင့် အရပ်သားများကို အကာအကွယ်ပေးရေးနှင့် အရပ်သားများ ထိခိုက် သေကြေမှုများမှ ကာကွယ် တားဆီးရေးအတွက် လိုအပ်သည့် အစီအမံများ အားလုံးကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊    နေပြည်တော်

ရက်စွဲ၊၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၀ ရက်