Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ ကံ့ကော်ပင်အား ဦးဆောင် စိုက်ပျိုးပေး

နေပြည်တော် ဇွန် ၂၆

ပြည်ထောင်စုနယ်မြေ နေပြည်တော် ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယဘုရားသွားလမ်း စံပယ်လမ်းဝဲယာ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ကံ့ကော်ပျိုးပင်ကို ဦးဆောင် စိုက်ပျိုးပေးသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့်ဇနီးများ၊ ကောင်စီအတွင်းရေးမှူးနှင့် ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်နှင့် အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကား ပြောကြားရာတွင် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားများကို ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ မြို့ပြနှင့်ကျေးလက်များ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပစေရန်၊ ပြည်သူများ အပန်းဖြေနားနေစရာ စိမ်းလန်းမြေများဖွံ့ဖြိုးလာစေရန်နှင့် သစ်တောဂေဟ စနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍ နိုင်ငံနှင့်အဝှမ်း ကျင်းပနေကြခြင်းဖြစ်ကြောင်း၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ မှတ်တမ်းအရ ကမ္ဘာပေါ်တွင် ၁၇ ရာစုနှင့် ၁၈ ရာစုနှစ်များက သစ်တောဧရိယာ ၆ ဒသမ ၂၁ ဘီလီယံ ဟတ်တာခန့် ရှိခဲ့ရာမှ ၂၀၀၀ ပြည့်နှစ်တွင် ၃ ဒသမ ၈၇ ဘီလီယံ ဟတ်တာခန့်သာ ကျန်ရှိတော့သည်ကို သိရှိရကြောင်း၊ အရှေ့တောင်အာရှ နိုင်ငံများသည် ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့သစ်တော ဧရိယာ၏ ၇ ရာခိုင်နှုန်းခန့် ပိုင်ဆိုင်လျက် ရှိသော်လည်း ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း သစ်တောဧရိယာ ဟတ်တာ ၉ ဒသမ ၄ သန်းခန့် ပြုန်းတီးခဲ့သည်ကို လေ့လာသိရှိရကြောင်း။

မြန်မာနိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် လက်ရှိ ကြုံတွေ့နေရသည့် သစ်တောပြုန်းတီးမှုဖြစ်စဉ်များကို လေ့လာကြည့်မည် ဆိုပါက သစ်တောများကို စည်းမဲ့ကမ်းမဲ့ အလွန်အကျွံ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရွှေ့ပြောင်းတောင်ယာများ စိုက်ပျိုးခြင်း၊ ထင်းနှင့် မီးသွေးလောင်စာများ အလွန်အကျွံ ထုတ်လုပ်ခြင်း၊ တောမီး လောင်ကျွမ်းခြင်း၊ မြို့ပြနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ စိုက်ပျိုးမြေများနှင့် စက်မှုဖွံ့ဖြိုးရေး လုပ်ငန်းများ တိုးချဲ့ လုပ်ဆောင်ခြင်းများကြောင့် သစ်တောမြေများမှ အခြားမြေ အသုံးချမှုကို ပြောင်းလဲခြင်းဖြစ်ပေါ်စေပြီး သဘာဝ သစ်တောဂေဟစနစ်များ တစ်နေ့ထက်တစ်နေ့ ပျက်စီး ယိုယွင်းလာနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ သစ်တော ပြုန်းတီးမှုကြောင့် လူသားများ အသက်ရှင် ရပ်တည်ရေးအတွက် ကြီးများသည့် ခြိမ်းခြောက်မှုများ ဖြစ်သည့် ရာသီဥတု ပြောင်းလဲ ဖောက်ပြန်လာခြင်း၊ မြစ်၊ ချောင်း၊ ကန်များ တိမ်ကောလာစေပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခြင်းနှင့် တစ်ဖက်တွင်လည်း ရေများညစ်ညမ်းလာပြီး ရေချိုအရင်းအမြစ်များ ခမ်းခြောက် ဆုံးရှုံးလာခြင်း၊ မြေဆီလွှာများ ပြုန်းတီးခြင်း၊ ဇီဝမျိုးစုံ မျိုးကွဲများ ပျောက်ဆုံးလျော့နည်းလာခြင်း စသည့် နောက်ဆက်တွဲ ဆိုးကျိုးများကို ကြုံတွေ့နေရကြောင်း။

ကမ္ဘာ့ကုလသမဂ္ဂက “ဂေဟစနစ် ပြန်လည်ကောင်းမွန်ရှင်သန်ရေး ကုလသမဂ္ဂ ဆယ်စုနှစ်ကြေညာချက် (၂၀၂၁-၂၀၃၀)” ကို ထုတ်ပြန်ခဲ့ရာတွင် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဘေးအန္တရာယ်များ တွန်းလှန်တိုက်ဖျက်နိုင်ရေး၊ သန်းပေါင်းများစွာသော မျိုးစိတ်များ လျော့ပါး ပျောက်ကွယ်လာမှုကို တားဆီးကာကွယ်နိုင်ရေးနှင့် အစားအစာ ဖူလုံမှု၊ ရေထောက်ပံ့မှုနှင့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ သေချာခိုင်မာစေရေးတို့အတွက် ပျက်ဆီး၊ ပြုန်းတီးလာနေသည့် ဂေဟစနစ်များကို ပြန်လည်ရှင်သန် ကောင်းမွန်လာစေရေး တွန်းအားပေး မြှင့်တင်ဆောင်ရွက်လျက် ရှိသည်ကို လေ့လာ တွေ့ရှိရကြောင်း။

မိမိတို့ မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှုသည် ၂၀၀၀ ပြည့်နှစ်၌ နိုင်ငံဧရိယာ၏ ၅၂ ရာခိုင်နှုန်းရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် ၄၂ ဒသမ ၁၉ ရာခိုင်နှုန်း ရှိသည့်အတွက် သစ်တောဖုံးလွှမ်းမှု ပိုမို လျော့နည်းမသွားစေရေး၊ သစ်တောပြုန်းတီးမှု လျှော့ချ ရပ်ဆိုင်းနိုင်ရေး၊ သဘာဝတောများ ထိန်းသိမ်းရေး၊ သစ်တောများပြန်လည် ထူထောင်ရေး၊ သစ်တောမြေမှ အခြားမြေအဖြစ် ပြောင်းလဲ အသုံးချမှု မရှိစေရေး၊ အမြဲတမ်းသစ်တော နယ်မြေ အတွင်းသာမက သစ်တောမြေပြင်ပ သဘာဝတောများ ထိရောက်စွာ ထိန်းသိမ်းနိုင်ရေး တို့အတွက် သစ်တောမူဝါဒများနှင့်အညီ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ လူမှု အဖွဲ့အစည်းများနှင့် နိုင်ငံသားများ အားလုံးက ပူးပေါင်း ဆောင်ရွက်ပေးကြရန် အသိပေး တိုက်တွန်းလိုကြောင်း။

ယနေ့ကမ္ဘာတွင် မြို့ပြလူဦးရေ ထူထပ်လာခြင်း၊ စက်မှုလုပ်ငန်းများ တိုးချဲ့လာခြင်းတို့ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ကာကွယ်နိုင်ရေးအတွက် လမ်းဘေး ဝဲယာသစ်တောများ၊ စိမ်းလန်းမြေ (Green Spaces) များ၊ ဥယျာဉ်များ၊ ပန်းခြံများ ပါဝင်သည့် မြို့ပြသစ်တောများ (Urban Forests) စသည်တို့ စိုက်ပျိုး ထိန်းသိမ်းခြင်းကို အထူးအလေးပေး ဆောင်ရွက်လာကြသည်ကို လေ့လာ တွေ့ရှိရကြောင်း။

မြို့ပြသစ်တောများ စိုက်ပျိုး ထိန်းသိမ်းခြင်းမှတစ်ဆင့် ပြည်သူလူထု စိတ်ပျော်ရွှင်ကျန်းမာရေးအတွက် စိမ်းလန်း စိုပြေသည့် အပန်းဖြေ နားနေစရာနေရာများ တိုးပွားလာစေခြင်း၊ မြို့ပြ၏ ရေသံသရာစက်ဝန်းကို ထိန်းညှိပေးနိုင်ပြီး မြေအောက်ရေ ထိန်းသိမ်းပေးခြင်းဖြင့် ကောင်းမွန်သည့် သောက်သုံးရေ ရရှိစေနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ခရီးသွားများနှင့် စီးပွားရေး လုပ်ငန်းများအတွက် စိတ်ချမ်းမြေ့စရာ ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ခြင်း၊ ရာသီဥတု ပြောင်းလဲမှုနှင့် သဘာဝ ဘေးအန္တရာယ်များ လျှော့ချပေးနိုင်ခြင်း၊ လေထုညစ်ညမ်းမှုမှ ကာကွယ်ပေးနိုင်ခြင်း၊ မြေဆီလွှာ ကောင်းမွန်စေပြီး မြေယာရှုခင်းများ ထိရောက်စွာ ထိန်းသိမ်းနိုင်ခြင်းကြောင့် ကမ္ဘာ့သက်ရှိများ တည်မြဲရေး (Life on Land) ကို အထောက်အကူပြုခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်မည် ဖြစ်ကြောင်း။

နေပြည်တော်ကောင်စီ နယ်မြေအတွင်းတွင် မြို့ပြသစ်တော စိုက်ပျိုးထိန်းသိမ်းရေး လုပ်ငန်းများကို ၂၀၀၆-၂၀၀၇ ခုနှစ်များက စတင်ပြီး ထိထိရောက်ရောက် ဆောင်ရွက်ခဲ့သည့်အတွက် စိမ်းလန်းစိုပြေသည့် ပတ်ဝန်းကျင်ကို ပိုင်ဆိုင်ပြီး နွေရာသီတွင် အပူချိန် လျော့နည်းခဲ့ခြင်း၊ သမမျှတသည့် ရာသီဥတုကို ရရှိခဲ့ခြင်းများကြောင့် စိမ်းလန်းပြီး သန့်ရှင်းသည့် မြို့ပြတစ်ရပ် တည်ထောင်နိုင်ခဲ့ခြင်း၏ အကျိုးရလဒ်အဖြစ် လက်တွေ့ ခံစားသိမြင်နိုင်ကြသည်ကို အားလုံးအသိဖြစ်ကြောင်း။

ယနေ့ သစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်သည့်နေရာသည် ကမ္ဘာတွင် အကြီးဆုံးဖြစ်လာမည့် စာရဝိဇယ ရုပ်ပွားတော်မြတ်ကြီး တည်ရှိရာကို နေပြည်တော်မှ ဝင်ရောက်ရာ အဓိက လမ်းဖြစ်သော စံပယ်လမ်းဖြစ်ကြောင်း၊ ယင်းလမ်းကို အမြဲတမ်း စိမ်းလန်းသာယာစေရန် ပန်းအခြေခံသည့် နှစ်ရှည်ပင်များဖြစ်သည့် ကန့်ကော်၊ စိန်ပန်းနှင့် ခရေပင်များ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ယခုလမ်းကြီးကို ၄ လမ်းသွားအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း။

ထို့ကြောင့် နေပြည်တော်ကို သစ်တော သစ်ပင်များဖြင့် စိမ်းလန်းစိုပြေပြီး သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပသည့် Green and clean City အဖြစ် ရေရှည် တည်ထောင်နိုင်ရေးနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း ပတ်ဝန်းကျင် ရေရှည်ကောင်းမွန်သည့် Green and clean cities များ တိုးမြှင့်ဆောင်ရွက်နိုင်ရေး တို့ကို အမြော်အမြင် ကြီးကြီးဖြင့် အလေးထား ဆောင်ရွက်ကြရန် လိုကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးလှုပ်ရှားမှု (Green Campaign) များ မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိရာ ယခုကဲ့သို့ ကျောင်းသား၊ ကျောင်းသူ လူငယ် မျိုးဆက်သစ်များကို ပူးပေါင်းပါဝင်စေခြင်းသည် အနာဂတ် မျိုးဆက်သစ်များအတွက် သစ်ပင်သစ်တောများနှင့် ပိုမိုစိမ်းလန်း စိုပြေပြီး ကျန်းမာပျော်ရွှင်ဖွယ် ကောင်းသော၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်နေသော၊ သန့်ရှင်းကောင်းမွန်သည့် ပတ်ဝန်းကျင်နှင့် ဂေဟစနစ်များကို ထိန်းသိမ်းနိုင်ရေးသည် အရေးကြီးသည် ဆိုသည့် အသိစိတ်ကို ရရှိစေပြီး သဘာဝပတ်ဝန်းကျင်ကို စိမ်းလန်စိုပြည် သာယာလှပရန်အတွက် လူငယ်များကလည်း ပါဝင်ပြီး ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

နိုင်ငံတော်အနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ ဖွံ့ဖြိုးရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိရာတွင် မြေပေါ်မြေအောက် သဘာဝသယံဇာတများ ရေရှည် တည်တံ့စေရေးနှင့် အမွေအနှစ်များကို နောင်အနာဂတ် မျိုးဆက်များတိုင်အောင် လက်ကမ်းပေးနိုင်ရေး၊ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှု လျှော့ချရေးနှင့် ပြန်လည် မျှတလာစေရေး၊ နိုင်ငံပိုင်သစ်တောများ ရေရှည် တည်တံ့စေရေး၊ မြို့ပြသစ်တောများနှင့် ကျေးရွာပိုင် ထင်းစိုက်ခင်းများ တည်ထောင်ရေး၊ ပင်လယ်ကမ်းခြေဒေသရှိ ဒီရေတောများ ထာဝစဉ်ဖွံ့ဖြိုးတိုးတက်စေရေး၊ မြစ်ချောင်းနှင့် ဆည်တာတမံများ ရေရှည် ထိန်းသိမ်း အသုံးပြုနိုင်ရေးအတွက် ရေဝေရေလဲ သစ်တောများ တည်ထောင်ရေး လုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ် အနေဖြင့် နိုင်ငံတော်နှင့်အတူ မျိုးဆက်သစ် လူငယ်များအပါဝင် တိုင်းရင်းသား ပြည်သူများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ကြခြင်းဖြင့် “စိမ်းလန်းသာယာသည့် နိုင်ငံတော်အဖြစ် ကမ္ဘာ့အလယ်တွင် ထာဝရဂုဏ်ယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြဖို့” ထပ်မံ တိုက်တွန်း ပါကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီးတို့က ကံ့ကော်ပင်များကို သတ်မှတ်နေရာများတွင် ဦးဆောင် စိုက်ပျိုးပေးကြသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့်ဇနီးများ၊ ကောင်စီအတွင်းရေးမှူးနှင့် ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်နှင့် အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ တာဝန်ရှိသူများသည် စံပယ်လမ်းဝဲယာ၌ ပျိုးပင်များကို အသီးသီး စိုက်ပျိုးပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများ တပျော်တပါး ပျိုးပင်များ စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

ယနေ့ကျင်းပပြုလုပ်သည့် နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် ကံ့ကော်၊ ခရေနှင့် စိန်ပန်းသစ်မျိုး ပျိုးပင်စုစုပေါင်း ၆၅၂ ပင်ကို လူထုလှုပ်ရှားမှု အသွင်ဖြင့် စိုက်ပျိုးခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။