Skip to main content

တိရစ္ဆာန်အစားအစာထုတ်လုပ် မွေးမြူရေးကဏ္ဍအောင်မြင်

ကျန်းမာသန်စွမ်း ဖွံ့ဖြိုးရေးအတွက် အဓိက လိုအပ်ချက်မှာ အာဟာရဓာတ် ပြည့်ဝသော အစားအစာ စားသုံးခြင်းဖြစ်သည်။ အာဟာရ ပြည့်ဝရေးအတွက် သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက် အသီးအနှံတို့အပြင် အသား၊ ငါးမျိုးစုံတို့ကို မျှတစွာ စားသုံးရသည်။ နိုင်ငံများသည် နှစ်စဉ် တိုးပွားနေသော လူဦးရေအတွက် အသားငါး စားနပ်ရိက္ခာ လုံ‌လောက်ဖူလုံရေးကို ကြိုးပမ်း ဆောင်ရွက်နေကြသည်။

စိုက်ပျိုးရေးကို အခြေခံသော မြန်မာနိုင်ငံ၌ စိုက်ပျိုးရေးထွက်ကုန်စားနပ်ရိက္ခာများမှာ ပြည့်စုံ လုံလောက်ပြီး အပိုအလျှံများကို ပြည်ပသို့ပင် တင်ပို့ ရောင်းချနိုင်သည်။ နိုင်ငံအတွင်း စိုက်ပျိုးရေး လုပ်ငန်းများမှာ အစဉ်အဆက် ဖွံ့ဖြိုးတိုးတက်နေပြီး မွေးမြူရေး လုပ်ငန်းများလည်း ယှဉ်တွဲ လုပ်ကိုင်နေကြသည်။ မွေးမြူရေးတွင် ရေထွက်ကုန်များမှာ ပြည်တွင်းအတွက် လုံလောက်မှုရှိပြီး ပြည်ပသို့လည်း တင်ပို့နေရသည်။ ကျွဲ၊ နွား၊ ဆိတ်၊ ကြက်မွေးမြူရေးကို အနေအထား အမျိုးမျိုးဖြင့် လုပ်ကိုင် မွေးမြူနေကြသဖြင့် နည်းစနစ်တကျ မွေးမြူမှုနှင့် စီးပွားဖြစ် ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်နိုင်မှုတွင် အားနည်းနေသည်ကို တွေ့ရသည်။

ဥပမာအားဖြင့် မြန်မာနိုင်ငံတွင် မွေးမြူထားသော နို့စားနွား၊ ခိုင်းနွားများကို ကြည့်လျှင် အမျိုးအစားအားဖြင့်လည်းကောင်း၊ ကျွေးမွေးမွေးမြူသည့် အနေအထားအားဖြင့်လည်းကောင်း ဖွံ့ဖြိုးမှု အားနည်းနေသည်ကို တွေ့ရမည် ဖြစ်သည်။ ခိုင်းနွားများကို အာဟာရမပြည့်စုံသော ကောက်ရိုးစင်း ကျွေးမွေးခြင်းဖြင့်လည်းကောင်း၊ စားကျက်မြေမရှိဘဲ ကြုံရာ လွှတ်ကျောင်းခြင်းဖြင့် လည်းကောင်း မွေးမြူကြသည်ကို တွေ့ရမည်ဖြစ်သည်။ မွေးမြူရေး အစားအစာများမှာ ဈေးနှုန်း ကြီးမြင့်နေသဖြင့် ဈေးနှုန်းသက်သာရာ၊ ကြုံရာအစားအစာများ ကျွေးမွေးခြင်းသည် တိရစ္ဆာန်များ မဖွံ့ဖြိုးခြင်း၏ အကြောင်းရင်းခံဖြစ်သည်။

မြန်မာနိုင်ငံတွင်ကျွဲ၊ နွား၊ သိုး၊ ဆိတ်များမှာ အာဟာရမပြည့်စုံသော သဘာဝ စားကျက်များတွင်သာ မှီတင်းရှင်သန် နေကြရသည်။ သဘာဝစားကျက်မှ ရရှိသော အစားအစာမှာ အာဟာရဓာတ် နည်းပါးမှုကြောင့် ကျွဲ၊ နွားများမှာ ကြီးထွား နှုန်းနှေးကွေးပြီး အရွယ်ရောက်မှု နောက်ကျရသည်။ ထို့ကြောင့် ကျွဲ၊ နွားမွေးမြူရေး လုပ်ငန်းများ ထွန်းကားရန်အတွက် သဘာဝ စားကျက်များကို ပြုပြင်၍ အာဟာရဓာတ် မြင့်မားပြီး အထွက်နှုန်း ကောင်းမွန်သော အဆင့်မြင့် စားကျက်မြေများ၊ အစားအစာများကို ပျိုးထောင်ကြရမည်။ စားကျက်မြေသည် ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက်များ စားသောက်နိုင်သည့် စားကျက်မြက်များ၊ စားကျက် ပဲနွယ်ပင်များ စိုက်ပျိုးခြင်း ဖြစ်သည်။

စားကျက်ပင်များကို တိရစ္ဆာန်များ မွေးမြူရာတွင် ကုန်ကျစရိတ် သက်သာသော၊ မွေးမြူရေး လုပ်ငန်းများကို အထောက်အကူပြုသော စိုက်ပျိုး သီးနှံများအဖြစ် မှတ်ယူ စိုက်ပျိုးရမည်ဖြစ်သည်။ တိုးတက်ပြန့်ပွားလာသော မျိုးကောင်း၊ မျိုးသန့် တိရစ္ဆာန်များအတွက် အာဟာရ ပြည့်ဝသည့် အရည်အသွေးမြင့် တိရစ္ဆာန်အစာ စားကျက် ဖွံ့ဖြိုးလာလျှင် နို့နှင့်အသားကဏ္ဍ တိုးတက်ဖွံ့ဖြိုးလာမည် ဖြစ်သည်။ ထို့ကြောင့် အာဟာရပြည့်ဝသော အဆင့်မြင့် စားကျက်များ ပျိုးထောင်ပေးရန်၊ အစာရှားပါးချိန်တွင် သိုလှောင် ကျွေးမွေးနိုင်ရန်၊ တိရစ္ဆာန်ကြီးထွားနှုန်း၊ အသားအောင်နှုန်း၊ သားပေါက်နှုန်း၊ ထုတ်လုပ်မှုနှုန်း ကောင်းမွန်စေရန်၊ တန်ဖိုးကြီး အစာနု ကျွေးမွေးခြင်းမှ အာဟာရပြည့် စားကျက်ပင်များ အစားထိုး ကျွေးမွေးခြင်းဖြင့် ထုတ်လုပ်စရိတ်သက်သာရန် ကြိုးပမ်းရမည် ဖြစ်သည်။

ကျွဲ၊ နွားမွေးမြူသူ အများစုသည် ကောက်ရိုးကို အစာကြမ်းအဖြစ် အသုံးပြုသဖြင့် အာဟာရ မပြည့်ဝခြင်း၊ မွေးမြူရေးလုပ်ငန်း မအောင်မြင်ခြင်း အကြောင်းရင်း ဖြစ်သည်။ ကောက်ရိုးသည် အစာကြမ်းဖြစ်သည့်အလျောက် အသားဓာတ်နှင့် အစာချေဖျက်မှုစွမ်းအား နည်းပါးသဖြင့် ထုတ်လုပ်မှု ကျဆင်းခြင်း၊ အသေအပျောက် များခြင်း၊ မျိုးအောင်မှု ညံ့ခြင်း၊ ကြီးထွားနှုန်း နှေးခြင်း၊ အကျိုးအမြတ် နည်းခြင်းတို့နှင့် ကြုံကြရသည်။ အစာနုသည် အာဟာရ ပြည့်ဝသော်လည်း ဈေးနှုန်းကြီးသဖြင့် ထုတ်လုပ်မှုစရိတ် မြင့်မားပြီး တွက်ခြေမကိုက် ဖြစ်ကြရသည်။ ထို့ကြောင့် တိရစ္ဆာန်များအတွက် အရည်အသွေး ကောင်းပြီး ထွက်နှုန်းမြင့်မားသော စားကျက်ပင်များ စိုက်ပျိုးပြီး မှန်ကန်သော ထိန်းသိမ်းမှုစနစ်ဖြင့် တစ်နှစ်ပတ်လုံး အစားအစာ ဖူလုံစေရန် ကြိုးပမ်းကြရမည် ဖြစ်သည်။

ယခုအခါ အာဟာရပြည့်ဝသည့် တိရစ္ဆာန်အစားအစာများ ပြောင်းလဲ ပြုလုပ်လာကြသည်ကို တွေ့ရသည်။ မြို့နယ်အလိုက် တိရစ္ဆာန် အစားအစာပင်များ ပျိုးထောင် စိုက်ပျိုးလာကြသည်မှာ တိရစ္ဆာန်များ ဖွံ့ဖြိုးရေးအတွက် အလားအလာကောင်းများ ဖြစ်သည်။ အာဟာရတန်ဖိုးနည်းသော ကောက်ရိုးအစား အာဟာရပြည့်ဝသော စားကျက်ပင်များ ပျိုးထောင်ခြင်းသည် စိုက်ပျိုး‌ရေးနှင့် အသားထုတ်လုပ်ရေးကို ကျွဲကူးရေပါ လိုက်ပါဖွံ့ဖြိုး တိုးတက်နိုင်သဖြင့် အာဟာရပြည့်ဝသည့် တိရစ္ဆာန် အစားအစာ ထုတ်လုပ်ရေး အောင်မြင်လာအောင် အားလုံးပါဝင်ပြီး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။     ။