နေပြည်တော် ဇူလိုင် ၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်ရှိ Naypyitaw State Academy(NSA) တည်ဆောက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ အစည်းအဝေးခန်းမတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးရွှေလေးက တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက Naypyitaw State Academy တည်ဆောက်ပြီးစီးပါက သင်ကြားရေးအတွက် မဟာဌာနများနှင့် အုပ်ချုပ်ရေးဌာနများတွင် ဝန်ထမ်းများ ခန့်အပ်တာဝန်ပေးရန် လျာထားမှု အခြေအနေများ၊ သင်ကြားမှုများ ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ပညာရေးဝန်ထမ်းများခန့်အပ်ရာတွင် စနစ်တကျ စိစစ်ရွေးချယ်ခန့်အပ် ဆောင်ရွက်သွားမည့် အခြေအနေများ၊ ပေးအပ်သွားမည့်ဘွဲ့အမျိုးအစားများ လျာထားမှု၊ အဆောက်အဦများအလိုက် သင်ကြားရေးဌာနများ ဖွင့်လှစ်ဆောင်ရွက်ရန် လျာထားမှု အခြေအနေများကို လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သင်ကြားရေးနှင့်ပတ်သက်၍ နေပြည်တော်သည် အစိုးရရုံးစိုက်ရာ ပြည်ထောင်စုနယ်မြေ ဖြစ်သဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ မိသားစုဝင်သားသမီးများ များစွာရှိသော်လည်း အဆင့်မြင့်ပညာ သင်ကြားရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောတက္ကသိုလ်များသာ ရှိပြီး အခြား တက္ကသိုလ် မရှိကြောင်း၊ ဝန်ထမ်းမိသားစုများရှိ မျိုးဆက်သစ် သားသမီးများ၏ ပညာရေး အဆင့်မြှင့်တင်ရာတွင် အဆင့်မြင့် ပညာရေးအဆောက်အဦနှင့် သင်ကြားရေးဌာနများ မဖြစ်မနေ လိုအပ်မည်ဖြစ်သည့်အတွက် တာဝန်ရှိသူ အသီးသီးနှင့် တိုင်ပင်ဆွေးနွေး၍ Naypyitaw State Academy စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း၊ ယခုတက္ကသိုလ်နေရာသည် ယခင် အားကစားတက္ကသိုလ်အဖြစ် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အကြောင်းအမျိုးမျိုးဖြင့် အားကစားတက္ကသိုလ် မဖွင့်နိုင်ခဲ့ကြောင်း၊ ယင်းကိုအခြေခံ၍ တက္ကသိုလ်အင်္ဂါရပ်နှင့် ပြည့်စုံအောင် အဆောက်အဦများ ဖြည့်တင်း တည်ဆောက်ခြင်း ဖြစ်ကြောင်း၊ စီမံကိန်းအတွင်းလိုအပ်သည့် သင်ကြားရေး အဆောက်အဦများ၊ အုပ်ချုပ်မှုအဆောက်အဦများ ဆောက်လုပ်ရာတွင် စနစ်တကျတွက်ချက်ပြီး ရေရှည်ကို မျှော်တွေး၍ ဆောင်ရွက်သွားကြရန် လိုကြောင်း၊ ယခုစီမံကိန်းနှင့်ပတ်သက်၍ အခေါ်အဝေါ် သတ်မှတ်ခြင်းနှင့် ဌာနဖွဲ့စည်းမှုများကို သတ်မှတ်ရာ၌ အခြားနိုင်ငံကြီးများတွင် အသုံးပြုသည့် ဘာသာရပ်ဆိုင်ရာ အသုံးအနှုန်းများနှင့် လုပ်နည်း စနစ်များကို လေ့လာဆောင်ရွက်၍ စနစ်တကျ သတ်မှတ် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ သင်ကြားရေးအတွက် ကျောင်းသား၊ ကျောင်းသူများကို ရွေးချယ်ရာတွင် နေပြည်တော်ရှိ ဝန်ထမ်း မိသားစုများ၏ သားသမီးများနှင့် နေပြည်တော် ၈ မြို့နယ်မှ သတ်မှတ်အရည်အချင်း ကိုက်ညီသူများကို အဓိကထား ရွေးချယ်ရန်လိုပြီး ဘာသာရပ်အလိုက် ထူးချွန်သူများကို ဦးစားပေး ရွေးချယ်ကြရမည် ဖြစ်ကြောင်း၊ ယခုနှစ် ပညာသင်နှစ်မှစ၍ တတိယနှစ်နှင့် စတုတ္ထနှစ် Day ကျောင်းသားများကို လက်ခံသင်ကြားပေးနိုင်ရေး ဆောင်ရွက်ကြရန် လိုကြောင်း၊ ထို့မှတစ်ဆင့် ပညာသင်နှစ် အလိုက် ဆင့်ကဲ့ဆင့်ကဲ စနစ်ဖြင့် ပထမနှစ်၊ ဒုတိယနှစ် သင်တန်းသားများကို ဆက်လက်ခေါ်ယူသင်ကြား ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ယခုနှစ် ကျောင်းတက်ရောက်သူများအနေဖြင့် မိမိတို့၏ နေအိမ်များမှ ကျောင်းတက်ရောက်နိုင်ရေးအတွက် ဖယ်ရီ ကြို၊ ပို့ ပေးနိုင်ရေး ဆောင်ရွက်ပေးမည် ဖြစ်ပြီး နောင်တွင် တက္ကသိုလ်ရှိ အဆောင်များတွင်နေထိုင်၍ တက်ရောက် သင်ကြားနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ NSA တွင် ရွေးချယ်ထားသော ဝိဇ္ဇာ/သိပ္ပံ ဘာသာရပ်များ၊ စီးပွားရေး၊ ဥပဒေ၊ လူမှုရေး၊ အားကစားနှင့် ဆေးပညာရပ်များ သင်ကြားသွားမည် ဖြစ်ကြောင်း၊ အဓိကကျသည့် ဘာသာရပ်များကို စနစ်တကျဖြင့် သင်ကြားပေးပြီး နိုင်ငံအတွက် လိုအပ်လျက်ရှိသည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည်အထိ ဆောင်ရွက်နိုင်ရမည် ဖြစ်ကြောင်း၊ ယခုတက္ကသိုလ်တွင် အဆင့်မြင့်ပညာပါရဂူဘွဲ့များ ပေးအပ်နိုင်သည်အထိ သင်ကြားပေးမည်ဖြစ်ကြောင်း၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နှင့် နေပြည်တော် တက္ကသိုလ်တို့သည် နိုင်ငံ၏ ထိပ်တန်း တက္ကသိုလ်များဖြစ်အောင် ဆောင်ရွက်ရန်လိုပြီး ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များစာရင်းတွင် ပါဝင်နိုင်သည်အထိ လုပ်ဆောင်ပေးနိုင်ရေး မျှော်မှန်းဆောင်ရွက်ကြရန်လိုကြောင်း၊။
ဆောက်လုပ်ရေးနှင့် ပတ်သက်၍ အဆောက်အဦများ ဆောက်လုပ်ရာတွင် ရေရှည်တည်တံ့ ကောင်းမွန်စေရန်အတွက် စနစ်တကျတွက်ချက်၍ မျှော်တွေး ဆောင်ရွက်ရန်လိုကြောင်း၊ တက္ကသိုလ် ဆရာ၊ ဆရာမများအတွက် နေထိုင်ရေး အဆောက်အဦများကို ဦးစားပေးအနေဖြင့် တည်ဆောက်သွားရန် လိုပြီး ကျောင်းဆောင်များ ဆောက်လုပ်ရာတွင် ဂုဏ်ထူးတန်းများ အတွက်လည်း ကြိုတင်စဉ်းစား ဆောင်ရွက်ကြရန်လိုကြောင်း၊ အဆင့်မြင့် ပညာသင်ကြားရေးတွင် ဓာတ်ခွဲခန်းနှင့် စာကြည့်တိုက်များသည် မဖြစ်မနေလိုအပ်ပြီး E-library ကိုလည်း တစ်ပါတည်း ထည့်သွင်းဆောင်ရွက်ရန် လိုကြောင်း၊ ဧည့်ပါမောက္ခ၊ ဧည့်ဆရာ၊ ဆရာမများ တည်းခို နေထိုင်ရေးအတွက်လည်း ကြိုတင်စဉ်းစားထားရန် လိုကြောင်း၊ အဆောက်အဦများ စနစ်တကျ ပြည့်စုံစွာ တည်ဆောက်နိုင်ရေးအတွက် တစ်ဆင့်ချင်း စဉ်းစားပြီး လုပ်ဆောင်သွားရန်လိုကြောင်းဖြင့် မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Naypyitaw State Academy Main အဆောက်အဦကြီးအတွင်း လှည့်လည်၍ စာသင်ခန်းမဆောင်များ၊ သင်ထောက်ကူပြု ပစ္စည်းများ ခင်းကျင်းထားရှိမှု၊ Hall ခန်းမကြီး တည်ဆောက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကုန်ကျစရိတ် သက်သာပြီး အဆင့်မီစေရန်၊ ဂုဏ်သိက္ခာနှင့် လျော်ညီမှုရှိစေရန် စနစ်တကျ တွက်ချက် ဆောင်ရွက်သွားရန် လိုအပ်သည့် အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။
အဆိုပါ Naypyitaw State Academy စီမံကိန်းကို နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းများအတွက် လိုအပ်သည့် ပညာတတ်လူငယ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်တွင် ယခုနှစ် ဧပြီလမှ စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဧပြီလခန့်တွင် ပြီးစီးမည် ဖြစ်ကြောင်း၊ ပညာသင်ကြားမှုများ အဆင်ပြေ ချောမွေ့စေရန်အတွက် စာသင်ဆောင်များ၊ စုဝေးခန်းမကြီး၊ သင်ကြားရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ရုံးခန်းများ၊ စာသင်ခန်းများ၊ ဓာတ်ခွဲခန်းများနှင့် စာကြည့်တိုက်တို့ကို ပြည့်စုံစွာဖြင့် ထည့်သွင်း တည်ဆောက်လျက်ရှိကြောင်း၊ နေပြည်တော်ရှိ အစိုးရဝန်ထမ်းများ၏ သားသမီးများအပါအဝင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဒေသခံပြည်သူများ၏ သားသမီးများ အနေဖြင့်လည်း အဆင့်မြင့် ပညာများကို သင်ကြားနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။