Skip to main content

နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်အင်အား မြန်မာအမျိုးသမီးများ၏ ဂုဏ်ရည်

မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်မှာ အမျိုးသမီးများ ဖြစ်သည်။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အခြေခံပြီး ခန့်မှန်းတွက်ချက်မှုအရ ၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ခန့်မှန်းလူဦးရေ စုစုပေါင်း ၅၅ ဒသမ ၁ သန်းခန့်ရှိပြီး အမျိုးသားဦးရေ ၂၆ ဒသမ ၄ သန်းခန့်နှင့် အမျိုးသမီးဦးရေ ၂၈ ဒသမ ၇ သန်းခန့်ရှိသည်ဟု ခန့်မှန်းထားရာ အမျိုးသမီးဦးရေက နိုင်ငံ့လူဦးရေ၏ ၅၂ ဒသမ ၁၃ ရာခိုင်နှုန်း ရှိနေသည်။ သို့ဖြစ်ရာ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာတွင် အမျိုးသမီး စွမ်းအားစုကြီး၏ စွမ်းဆောင်ပါဝင်မှုကို ရယူနိုင်ရန် လိုအပ်သလို အမျိုးသမီးထု တစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အလေးအနက် ဆောင်ရွက်ပေးရန် လိုအပ်လျက် ရှိသည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၏ လူတစ်ဦးချင်း စာတတ်မြောက်မှုနှင့် ပညာအရည်အချင်း ဆန်းစစ်ချက်အရ ပြည်ထောင်စုအဆင့်တွင် စာမတတ်သူမျာ းပါဝင်သည့် အိမ်ထောင်စု ၂၀ ရာခိုင် နှုန်း ရှိနေသည်။ အသက် ၁၅ နှစ်အထက် စာမတတ်သည့် အမျိုးသမီးရှိသည့် အိမ်ထောင်စုသည် မြို့ပြတွင် ၁၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် ကျေးလက်တွင် ၂၁ ဒသမ ၀ ရာခိုင်နှုန်း ရှိပြီး ပြည်ထောင်စု အဆင့်တွင် ၁၈ ရာခိုင်နှုန်း ရှိနေရာ အမျိုးသမီးများ၏ စာတတ်မြောက်မှု နှုန်းသည် အမျိုးသားများအောက် နိမ့်ကျနေသည်ကို လည်းကောင်း၊ မြို့ပြဒေသများထက် ကျေးလက်ဒေသများတွင် နေထိုင်သူ အမျိုးသမီးများက စာတတ်မြောက်မှု ပိုမိုနိမ့်ကျနေသည်ကို လည်းကောင်း တွေ့ရှိရသည်ဟု စစ်တမ်းတစ်ရပ်တွင် ဖော်ပြထားသည်။ စာတတ်မြောက်မှုနှင့် ပညာအရည်အချင်းတို့က အလုပ်အကိုင်အခွင့်အလမ်းများနှင့် ဆက်စပ်နေသည်ဖြစ်ရာ အမျိုးသမီးများ ယခုထက်ပို၍ စာတတ်မြောက်ရေးနှင့် ပညာရေး ပြီးဆုံးမှုတို့ မြင့်မားလာစေရန် ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်သည်။

မြန်မာအမျိုးသမီးများ၏ အခန်းကဏ္ဍ တိုးတက်မြင့်မားရေး၊ အခွင့်အရေးများ တန်းတူရည်မျှရရှိစေရေး တို့အတွက် ၁၉၉၅ ခုနှစ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံပေကျင်းမြို့တွင် ကျင်းပခဲ့သည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးများ ညီလာခံက အတည်ပြု ချမှတ်ခဲ့သည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍကြီး ၁၂ ရပ် ပါဝင်သည့် ပေကျင်းကြေညာစာတမ်းနှင့် ပေကျင်းလုပ်ငန်းစီမံချက်၊ ၁၉၇၉ ခုနှစ် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၊ ၂၀၁၅ ခုနှစ် ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ စသည့် နိုင်ငံတကာအဆင့် ကတိကဝတ်များကို “အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) ”ရေးဆွဲ၍ အကောင်အထည် ဖော်လျက် ရှိသည်။

အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော် ရှိသော အမျိုးသမီးထုကြီး၏ ပါဝင်ဆောင်ရွက်မှု၊ စွမ်းဆောင်ရည်မြင့်မားသည့် အမျိုးသမီးများ၏ ဦးဆောင်ဦးရွက်ပြုမှုတို့ဖြင့် အင်တိုက်အားတိုက် အကောင်အထည် ဖော်ကြရန် လိုအပ်သည်။ အမျိုးသမီးတို့၏ ကဏ္ဍကို အမျိုးသမီးတို့ကိုယ်တိုင် မြှင့်တင်ခြင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားရေးတို့တွင် အမျိုးသမီးများ၏ စွမ်းဆောင်ရည် စွမ်းပကားများ ပြသပါဝင်ခြင်းတို့ဖြင့် မြန်မာအမျိုးသမီးတို့၏ ဂုဏ်ရည် တင့်တယ်နိုင်ပါစေကြောင်း။     ။

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်