နေပြည်တော်သည် နိုင်ငံတော်၏မြို့တော်ဖြစ်ပြီး အစိုးရရုံးများရုံးစိုက်ရာ အထင်ကရမြို့တော်ဖြစ်သည်။ နေပြည်တော်ကို သစ်တောသစ်ပင်များဖြင့် စိမ်းလန်းစိုပြည်ပြီး သန့်ရှင်းသာယာလှပသည့် သဘာဝပတ်ဝန်းကျင် Green and Clean Cities အဖြစ် ရေရှည်တည်ထောင်နိုင်ရေး အကောင်အထည်ဖော်လျက်ရှိသည်။ ယင်းအပြင် နေပြည်တော်တွင် စိုက်ပျိုးမွေးမြူရေးဇုန်များ ထူထောင်ပြီး စီးပွားရေးကောင်းအောင် ပြုလုပ်လျက်ရှိသည်။
နေပြည်တော်တွင် အုပ်ချုပ်ရေး၊ လူမှုဘဝနေထိုင်မှု သာယာလှပရေး၊ စီးပွား ရေးအဆင်ပြေစေရေး အစစအရာရာပြည့်စုံရေး ဖန်တီးပေးနိုင်သော်လည်း အဆင့်မြင့် ပညာပေးဝေနိုင်ရေး လိုအပ်ချက်တစ်ခု ရှိနေသေးသည်။ နေပြည်တော်သည် အစိုးရရုံးစိုက်ရာ ပြည်ထောင်စုနယ်မြေဖြစ်၍ နိုင်ငံ့ဝန်ထမ်းသားသမီးများအတွက် ပညာရေးလိုအပ်ချက်ကို ပြည့်စုံအောင်ဖန်တီးပေးရမည်ဖြစ်သည်။ လက်ရှိတွင် နေပြည်တော်၌ အခြေခံပညာကို ပြီးဆုံးအောင်သင်ယူနိုင်ကြပြီး အဆင့်မြင့်ပညာ သင်ကြားရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောတက္ကသိုလ်တို့သာရှိပြီး အခြားဘာသာရပ် တက္ကသိုလ်များမရှိပေ။
ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝန်ထမ်းမိသားစုများ၏ မျိုးဆက်သစ်သားသမီးများအား ပညာရေးအဆင့်မြှင့်တင်ရာတွင် အဆင့်မြင့်ပညာရေးအဆောက်အအုံနှင့် သင်ကြားရေးဌာနများ မဖြစ်မနေ လိုအပ်မည်ဖြစ်သည့်အတွက် တာဝန်ရှိသူအသီးသီးနှင့် တိုင်ပင်ဆွေးနွေး၍ Naypyitaw State Academy စီမံကိန်းကို စတင် ဆောင်ရွက်ပေးလိုက်ပြီဖြစ်သည်။ အဆိုပါ Naypyitaw State Academy စီမံကိန်းကို နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွင် လိုအပ်လာမည့် အသိပညာရှင်၊ အတတ်ပညာရှင် ပညာတတ်လူငယ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။
ယခုတက္ကသိုလ်ကို အကောင်အထည်ဖော်ပေးသည့်နေရာသည် ယခင်က အားကစားတက္ကသိုလ်အဖြစ် စတင်တည်ထောင်ထားသည့်နေရာဖြစ်ပြီး အကြောင်း အမျိုးမျိုးကြောင့် တက္ကသိုလ်မဖွင့်လှစ်နိုင်သဖြင့် ယင်းကိုအခြေခံ၍ တက္ကသိုလ် အင်္ဂါရပ်များနှင့်ပြည့်စုံအောင် အဆောက်အအုံများဖြည့်တင်း၍ တည်ဆောက်နေသည်။ အဆိုပါတက္ကသိုလ်သည် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်တွင် တည်ရှိပြီး ယခုနှစ် ဧပြီလမှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ၂၀၂၄ ခုနှစ် ဧပြီလခန့်တွင် ပြီးစီးမည်ဖြစ်သည်။ လူငယ်လူရွယ်များ ပညာသင်ကြားရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် စာသင်ဆောင်များ၊ စုဝေးခန်းမကြီး၊ စာသင်ခန်းများ၊ ဓာတ်ခွဲခန်းများနှင့် စာကြည့်တိုက်တို့ကိုပါ ပြည့်စုံစွာထည့်သွင်း တည်ဆောက်လျက်ရှိသည်။
ပညာသင်ကြားရေးအတွက် ကျောင်းသားကျောင်းသူများကို ရွေးချယ်ရာတွင် နေပြည်တော်ရှိ ဝန်ထမ်းမိသားစုများ၏ သားသမီးများနှင့် နေပြည်တော် ရှစ်မြို့နယ်မှ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများကို အဓိကထားရွေးချယ်ရန်၊ ဘာသာရပ်ဆိုင်ရာအလိုက် ထူးချွန်သူများကို ဦးစားပေး ရွေးချယ်ရန်နှင့် ယခုနှစ် ပညာသင်နှစ်မှစတင်၍ တတိယနှစ်နှင့်စတုတ္ထနှစ်နေ့ ကျောင်းသားများကို လက်ခံသင်ကြားပေးနိုင်ရေး၊ ထိုမှတစ်ဆင့် ပညာသင်နှစ်အလိုက် ဆင့်ကဲဆင့်ကဲစနစ်ဖြင့် ပထမနှစ်၊ ဒုတိယနှစ်သင်တန်းသားများခေါ်ယူသွားနိုင်ရေး လမ်းညွှန်မှာကြားထားသည်။ ယခုပညာသင်နှစ်တွင် တတိယနှစ်၊ စတုတ္ထနှစ်တို့ကို လက်ခံသင်ကြားပေးမည်ဖြစ်၍ နေအိမ်များမှ ဖယ်ရီကြိုပို့ပေးနိုင်ရေးကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး နောင်တွင် တက္ကသိုလ်ရှိအဆောင်များတွင် နေထိုင်ပညာသင်ကြားနိုင်ရေးကို ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
Naypyitaw State Academy (NSA) တွင် ဝိဇ္ဇာ/သိပ္ပံ ဘာသာရပ်များ၊ စီးပွားရေး၊ ဥပဒေ၊ လူမှုရေး၊ အားကစားနှင့်ဆေးပညာဘာသာရပ်များကို သင်ကြားပေးသွားမည်ဖြစ်သည်။ အဓိကကျသော ဘာသာရပ်များကို စနစ်တကျအဆင့်မြင့်မြင့် သင်ကြားပေးခြင်းအားဖြင့် နိုင်ငံအတွက်လိုအပ်လျက်ရှိသည့် လူသား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်မည်ဖြစ်သည်။ တက္ကသိုလ်တွင်အဆင့်မြင့် ပါရဂူဘွဲ့များ ပေးအပ်နိုင်သည်အထိ သင်ကြားပေးမည်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ နေပြည်တော်တက္ကသိုလ်တို့ကို နိုင်ငံ၏ထိပ်တန်း တက္ကသိုလ်များဖြစ်လာအောင်၊ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များစာရင်းတွင် ပါဝင်လာသည်အထိ မျှော်မှန်းထားသည်။
သို့ဖြစ်ရာ နိုင်ငံတော်မြို့တော်ဖြစ်သော နေပြည်တော်တွင် လိုအပ်နေသည့် ကွက်လပ်တစ်ခုကို ဖြည့်ဆည်းပေးလိုက်ပြီဖြစ်သည်။ နိုင်ငံတော်၏ အကောင်းဆုံး တက္ကသိုလ်ဖြစ်လာအောင်၊ ကမ္ဘာ့အဆင့်အတန်းမီသော တက္ကသိုလ်ဖြစ်လာအောင် မျှော်မှန်း၍ နိုင်ငံတော်တည်ဆောက်ရေးတွင် လိုအပ်လာမည့် အသိပညာရှင်၊ အတတ်ပညာရှင် လူသားအရင်းအမြစ်များ ပေါ်ထွန်းလာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။။