Skip to main content

မြန်မာ့သစ်လုပ်ငန်းမှဖွင့်လှစ်ထားရှိသည့် ဆင်စခန်းအားလုံး ခေတ္တရပ်နားပိတ်ထားမည်

ညောင်ဦး မတ်  ၂၅

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာသစ်လုပ်ငန်းမှ ဖွင့်လှစ်ထားရှိသော တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင်ဖွင့်လှစ်ထားရှိသည့် ဆင်အခြေပြုခရီးသွား လုပ်ငန်းများ၊ ဆင်စခန်း များအားလုံး မတ် ၂၅ ရက် နံနက်ပိုင်းမှစတင်ကာ ခေတ္တရပ်နား ပိတ်ထားမည် ဖြစ်ကြောင်း ဆင်စခန်းတာဝန်ခံများထံက သိရသည်။

ယနေ့ကမ္ဘာပေါ်တွင်ဖြစ်ပွားနေသော Coronavirus Disease 2019 (COVID-19) အဆုတ်ရောင် ကူးစက်ရောဂါ ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် မြန်မာနိုင်ငံတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ထားသည့် ဆင်စခန်း(၂၁)ခုစလုံးကို ခေတ္တရပ်နား ထားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မြန်မာ့သစ်လုပ်ငန်းမှ ဖွင့်လှစ်ထားသည့် ပလင်းကမ်းသာယာ ဆင်စခန်း တာဝန်ခံဦးမျိုးမင်းကို(လက်ထောက်မန် နေဂျာ)က ပြောသည်။

မြန်မာ့သစ်လုပ်ငန်းအနေဖြင့်ဆင်များအား စနစ်တကျထိန်းသိမ်းစောင့်ရှောက်လျက်ရှိ သည်ကို အများပြည် သူနှင့် ကမ္ဘာတစ်လွှားမှ လက်တွေ့သိမြင်လာပြီးပူးပေါင်းပါဝင်ထိန်းသိမ်း လာစေရန်၊ ဆင်အခြေပြု ခရီးသွား လုပ်ငန်းကို အမှီပြု၍ အနီးပတ်ဝန်းကျင်မှပြည်သူများ အလုပ်အကိုင်နှင့် စီးပွားရေး အခွင့်အလမ်းများ တိုးတက်လာစေရန်၊ ဆင်များနှင့် အနီးကပ်ထိတွေ့ခွင့်ရရှိပြီး ဆင်နှင့် ပတ်သက်သော အသိပညာဗဟုသုတ များရရှိစေပြီး ၊ ဆင်များကိုချစ် ခင်မြတ်နိုးတတ်စေရန် ၊ပြည်တွင်းပြည်ပ ခရီးသွားများ စိတ်အပန်းဖြေ အနားယူ လည်ပတ်စရာနေရာများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်တွင် ဖွင့်လှစ်ထားရှိသည့် မှော်ယောကြီး ဆင်စခန်းတာဝန်ခံ ဦးကျော်ကျော်ထွန်း (လက်ထောက်မန်နေဂျာ)က ရှင်းပြသည်။

ဆင်စခန်းများအားလုံး ခရီးသွားဧည့် သည်ဝင်ရောက်မှု ခေတ္တပိတ်ထားမည်ဖြစ်သော်လည်း ဆင်စခန်း ဝန်ထမ်းများ၊ လုပ်ငန်းတာဝန်များ ဝတ္တရားများပုံမှန်မပြတ် ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မောင်မောင်ထိန်၊ ကျောက်ပန်းတောင်း