နေပြည်တော် မတ် ၂၅
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၃) ရက် မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ချီဖွေ မဲဆန္ဒနယ်မှ ဦးဇုံးတိန့်၏ ချီဖွေမြို့နယ်၊ နယ်စပ်ကန်း ဖန့်ကျေးရွာအုပ်စု၊ မှီရှီးဒီးငေါ့ချန်း ချောင်းကူး တံတား ပေ (၁၆၀) ခန့်ကို ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် သံပေါင်ဘေလီတံတား အဖြစ် တိုးမြှင့်တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ချီဖွေမြို့နယ် နယ်စပ်ကန်းဖန့်ကျေးရွာအုပ်စု မှီရှီးဒီးငေါ့ချန်း ချောင်းကူး သစ်သားတံတား ပေ ၁၆၀ ခန့်ကို သံပေါင်ဘေလီတံတားအဖြစ် တိုးမြှင့်တည်ဆောက်ပေးရန်အတွက် လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ မြို့နယ်၊ ခရိုင်ဖွံ့ဖြိုးမှု ကော်မတီများ၊ မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း စစ်ဆေးပေးရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် ဆောက်လုပ်ရေးသုံး ပစ္စည်းများ သယ်ယူရွှေ့ပြောင်းနိုင်မှု ရှိ၊ မရှိ၊ လုပ်သားရရှိနိုင်မှု၊ ရာသီဥတုကန့်သတ် ချက်များ စသည်တို့အပေါ်တွင် သုံးသပ်စိစစ်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ခံချက်ဖြင့် တင်ပြပြီး သတ်မှတ်စီမံကိန်းအဆိုပြုလွှာဖြင့် တင်ပြလာပါက၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ရန်ပုံငွေလျာထားချက်တွင် ထည့်သွင်းလျာထားပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား သည်။
လက်ပံတန်း မဲဆန္ဒနယ်မှ ဦးကျော်မင်း၏ လက်ပံတန်းမြို့နယ်၊ ဆည်မြောင်းဦးစီး ဌာနမှ ဆောင်ရွက်ခဲ့သော စီမံကိန်းများကြောင့် တောင်သူများ၏ လယ်မြေများ နစ်နာ ဆုံးရှုံးမှုအတွက် လျော်ကြေးငွေပေးအပ်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က မြေစီးကျေးရွာရှိ မြေသားချောင်းပိတ်တမံ ဆောင်ရွက်ခြင်းအတွက် ဖို့မြေယူခဲ့သည့် လယ်မြေ (၄)ဧက နှင့် ယွန်းသွယ်ကျေးရွာရှိ ဒေသနေတောင်သူလယ်သမားများ၏ ရေဘေးကာကွယ်ရေးလုပ်ငန်းအဖြစ် အကောင်အထည်ဖော်ရန်အတွက် တည်ဆောက် ခဲ့သည့် ပန်းတာသစ်အတွက် ရယူခဲ့သည့် လယ်မြေ (၁၂)ဧက တို့အတွက် သက်ဆိုင် ရာတောင်သူများမှ နစ်နာကြေးရယူလိုကြောင်း တင်ပြလာမှုအပေါ်တွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီမှ ချမှတ် ထားသည့် မူဝါဒနှင့်အညီ စစ်ဆေးဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း။
စီမံကိန်းလုပ်ငန်းဆောင်ရွက်ရာတွင် ပါဝင်ခဲ့သည့် လယ်မြေများအတွက် နစ်နာခဲ့သည့် ဒေသခံများအနေဖြင့် တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်း ဆည်းခံရမှု ပြည်လည်စိစစ်ရေးကော်မတီသို့ တင်ပြ စိစစ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ယင်းနောက် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးဗဟို ကော်မတီသို့ ဆက်လက် တင်ပြပြီး ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ဝန်ကြီးဌာနက စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆည်မြောင်းဦးစီးဌာန အနေဖြင့် နီးစပ်ရာ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံ၍ နစ်နာသူများကို လျော်ကြေးပေး နိုင်ရေး စီမံဆောင်ရွက်ပေးသွား မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆီဆိုင် မဲဆန္ဒနယ်မှ ဦးခွန်သန်းထူး၏ ဆီဆိုင်မြို့နယ်၊ အနောက်မြောက်ခြမ်း တောင်ကြီးမြို့နယ်နှင့် ဆက်စပ်ဒေသဖြစ်သော ဆိုက်ခေါင်-နောင်ဆန်ဗတ်-နောင်ကဖား - ပုံးလောင်း-နောင်လုံ(မြောက်) ကျေးလက် လမ်းအား မြေသားလမ်း သဲဗြုန်းခင်းခြင်း သို့မဟုတ် ကျောက်ချောလမ်းအဖြစ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အဆင့်မြှင့်ဆောင် ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင် မြို့နယ် ပါလောပါကယ် ကျေးရွာအုပ်စုရှိ ဆိုက်ခေါင်-နောင်ဆံဗတ်- နောင်ကဖား-ပုံး လောင်း-နောင်လုံ (မြောက်)ကျေးရွာချင်း ဆက်လမ်းအရှည် ၇ မိုင်သည် လမ်းအဆင့် သတ်မှတ်ချက် Class A ဦးစားပေးအဆင့်(၂) လမ်းတွင် ပါဝင်ပြီး ကျေးရွာ ၄ ရွာကို အကျိုးပြုသော လမ်းဖြစ်သဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ် မူတည်၍ အဆင့်မြှင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ခေါင်လန်ဖူး မဲဆန္ဒနယ်မှ ဦးအာမိုးဆီ၏ ခေါင်လန်ဖူးမြို့နယ်တွင် ပြည်သူများ အားကိုးအားထားပြု သွားလာနေသည့် လော်ဝူးချီလာ အဝင်တံတားနှင့် အထွက်တံ တားအား ၂၀၁၉-၂၀၂၀ တွင် ဘေလီသံပေါင် သို့မဟုတ် ကွန်ကရစ်တံတား အဖြစ် တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က လည်းကောင်း၊ ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်း၏ 2 KR-2012 စီမံကိန်းသည် တည်ဆဲ ဥပဒေများ၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း များနှင့် ညီညွတ်မှု ရှိ၊ မရှိ စုဆောင်း ရရှိငွေများအား စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် ပိုမိုကောင်းမွန်မျှတသော စီမံခန့်ခွဲ အုပ်ချုပ်မှုဖြစ်စေရေး ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း၊ ဘီးလင်း မဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦး(ခ) ဦးအတွတ်၏ ၁၉၇၀ ပြည်ထောင်စု မြန်မာနိုင်ငံ သမဝါယမ အသင်းဥပဒေအရ ဖွဲ့စည်းခဲ့သော သမဝါယမအသင်းများ ပိုင်ဆိုင်သည့်မြေနှင့် အခြားပိုင် ဆိုင်မှုများကို ၁၉၉၂ ခုနှစ် သမဝါယမအသင်း ဥပဒေအရ ဖွဲ့စည်းခဲ့သော သမဝါယမ အသင်းတချို့က စီမံခန့်ခွဲကာ အကျိုးအမြတ် ခံစားနေမှုများကို ပြည်ထောင်စု စာရင်း စစ်ချုပ်က ပြန်လည် စစ်ဆေးပြီး ၁၉၇၀ ခုနှစ် သမဝါယမအသင်းများ၏ ပိုင်ဆိုင်မှုများကို မူလပိုင်ဆိုင်သူများအတွက် ပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် သနပ်ပင် မဲဆန္ဒနယ်မှ ဦးမြင့်ဦး၏ ပဲခူးခရိုင်အတွင်းရှိ ပဲခူး၊ ဝေါ၊ သနပ်ပင် နှင့် က၀မြို့နယ်များ နွေစပါးစိုက်ပျိုးရေးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မိုင် (၃၀) စိမ်းလန်းစို ပြည်ရေးစီမံကိန်းအတွက် ရေကို အချိန်အခါမီ လုံလောက်စွာ သိုလှောင်ထိန်းသိမ်း ဖြန့်ဝေပေးနိုင်ရန်အတွက် စစ်ပင်ဆိပ်ချောင်းတွင် ရေတံခါးတစ်ခု တည်ဆောက် ပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းတို့နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က လည်းကောင်း ပြန်လည်ရှင်းလင်းဖြေကြား ကြသည်။
ထို့ပြင် ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ ၏ ပုဏ္ဏားကျွန်း-ရသေ့တောင် လမ်း ပိုင်းတွင် ကွန်ကရစ်လမ်းခင်းရန် ကျန်ရှိနေသေးသည့် (၁၅ မိုင် ၆ ဖာလုံ) ကို ၂၀၁၉-၂၀၂၀ ဖြည့်စွက်ရန်ပုံငွေတွင် ထည့်သွင်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း၊ ရပ်စောက် မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်၏ ရပ်စောက်မြို့နယ်၊ ပါမဲကျေးရွာအုပ်စု၊ ထင်းကွင်း-လယ်မီး-နန့်ဟူး ကျေးရွာချင်း ဆက်လမ်းပေါ်ရှိ ဇော်ဂျီချောင်းကူး သစ်သားတံတား (၁၇၅×၁၄×၂၂) ပေအား သံကူကွန်ကရစ် တံတားအဖြစ် အဆင့်မြှင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် ဆင်ပေါင်ဝဲ မဲဆန္ဒနယ်မှ ဦးနေထက်ဝင်း၏ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အင်ရုံ-နားပဲ့-မောင်းတုန်း လမ်းမှ ကျန်ရှိနေသော လမ်းမိုင်(၆)မိုင်ခန့်အား မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းတို့နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်းက လည်းကောင်း ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က တရားစီရင်ရေးနှင့် ဥပဒေ ရေးရာ ကော်မတီမှ တင်သွင်းသည့် နိုင်ငံသားများ ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေး ရေး ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာတင်ပြချက်အတိုင်း ပြင်ဆင်ချက်ဖြင့် အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် အတည်ပြု ကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက် မရှိ ပြန်လည်ပေးပို့လာသော အခွန်အယူခံခုံအဖွဲ့ နည်းဥပဒေများ နှင့် တရားလွှတ်တော် ရှေ့နေများကောင်စီ ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများနှင့်စပ်လျဉ်း၍ လက်ခံရရှိကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာ နှင့်စပ်လျဉ်း ကျောက်တန်း မဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုးနှင့် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး ဝင်းမင်းထွန်းတို့က ဆွေးနွေးကြသည်။
ယင်းနောက် ကော်မတီဝင် ဦးငြိမ်းသစ်က လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် ယင်းကော်မတီ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်က သဘောတူလက်ခံရန်အတွက် ကော်မတီအတွင်းရေးမှူး ဦးဇုံးတိန့်က အဆိုတင်သွင်းရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထား ရယူ အတည်ပြုသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ် မြောက် ပုံမှန်အစည်းအဝေးသည် ယနေ့ ပြီးဆုံးမည်ဖြစ်ပါကြောင်း၊ ယခုကာလအတွင်း အစည်းအဝေးကျင်းပရက် ၁၃ ရက်ရှိခဲ့ ပြီး ကြယ်ပွင့်ပြမေးခွန်း ၉၇ ခု မေးမြန်းဖြေကြားခြင်း၊ ကြယ်ပွင့်မပြမေးခွန်း ၇၅၇ ခု ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ဝမ်းနည်းကြောင်းအဆို တစ်ခု အပါအဝင် အဆို ၆ ခု တင်သွင်းခဲ့ပြီး မှတ်တမ်းတင်အဆို ၁ ခုနှင့် ဆက်လက်ဆွေးနွေးရန် ကျန်အဆို ၅ ခုတို့ဖြစ်ပါကြောင်း၊ ဆောင်ရွက်ခဲ့သည့် ဥပဒေကြမ်း ၂၂ ခုရှိပြီး ဥပဒေကြမ်း ၇ ခုကို အတည်ပြုနိုင်ခဲ့ပါကြောင်း၊ ဆက်လက် ဆောင်ရွက်ရန် ဥပဒေကြမ်း ၁၅ ခု ကျန်ရှိပါ ကြောင်း။
ယခုအစည်းအဝေးကာလအတွင်း တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၆ ဦး ကတိသစ္စာပြုခြင်း၊ နိုင်ငံတကာ ဆက်ဆံရေးကော်မတီ၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲရေးကော်မတီတို့တွင် ကော်မတီအဖွဲ့ဝင်များ အစားထိုးလဲလှယ် ဖွဲ့စည်းခြင်း၊ တပ်မတော်သားပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၇ ဦးကို ကော်မတီများ တွင် လေ့လာသူများအဖြစ် အစားထိုးလဲလှယ်တာဝန်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ထို့ပြင် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီ၏ အစီရင်ခံစာကိုလည်း ယနေ့အတည်ပြုနိုင်ခဲ့ပါကြောင်း၊ သုတေသနဆိုင်ရာ ဆောင်ရွက်ချက်များအနေဖြင့် လွှတ်တော်ကိုယ်စား လှယ်များ၏ တစ်ဦးချင်းစုံစမ်းမေး မြန်းမှု ၄၃ ခု ပြန်ကြားပေးခြင်းနှင့် သုတေသနစာတမ်းတို ၁၂ စောင်ကို ဖြန့်ဝေနိုင်ခဲ့ပါ ကြောင်း။
မိမိတို့ နိုင်ငံတော်အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရန် မိမိတို့ အားလုံး သည် ဘက်စုံကဏ္ဍစုံတွင် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြရန် အဓိကကျပါ ကြောင်း၊ နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲပြီး အချင်းချင်း အပြန်အလှန် ထိန်းညှိ၍ ညီညွှတ်မျှတစွာ ဆောင်ရွက်ကြရေးသည် အရေးကြီးလှပါကြောင်း၊ ဥပဒေပြုရေးကဏ္ဍတွင်လည်း ပြည်သူလူထုအကျိုးစီးပွားကို ကာကွယ်မြှင့်တင်ပေးနိုင်သည့် ဥပဒေများရေးဆွဲ ပြဋ္ဌာန်းခြင်းနှင့် ပြင်ဆင်သင့် ပြင်ဆင်ထိုက်သည့် ဥပဒေများကိုလည်း ခေတ်နှင့်လျော်ညီအောင် ပြုပြင်ပြောင်းလဲ သွားကြရမည်ဖြစ်ပါကြောင်း။
နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံ တော်တစ်ဝန်းလုံး၌ တည်သည် ဟူ၍ မိမိတို့၏ နိုင်ငံတော်အခြေခံမူများတွင် ပြဋ္ဌာန်း ထားပြီး ဖြစ်ပါကြောင်း၊ ပြည်သူ့အသံနှင့် ပြည်သူ့ဆန္ဒ ထင်ဟပ်စေရန် ဆောင်ရွက်ကြ ရာတွင် တိုင်းရင်းသား ပြည်သူအားလုံး အေးအတူ ပူအမျှ၊ ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်စွာ နေထိုင်နိုင်ရန် စိတ်ရင်းစေတနာမှန်ဖြင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။
ယခုအခါ မိမိတို့နိုင်ငံသည် ပြည်တွင်း၊ ပြည်ပစိန်ခေါ်မှု ပြဿနာများစွာနှင့် ရင်ဆိုင်နေရသည့် အချိန်အခါသမယတွင် ကမ္ဘာ့အနှံ့ ကူးစက်ပြန့်ပွားနေသည့် အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါ (COVID -19) ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က သတ်မှတ်ကြေညာထားသည့် ကာလနှင့်လည်း ကြုံတွေ့နေရပါကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့်လည်း Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီကို ဖွဲ့စည်း ခဲ့ပြီး ရောဂါကာကွယ်ရေးလုပ်ငန်းစဉ် အဆင့်ဆင့်ကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိပါကြောင်း၊ မိမိတို့ ပြည်သူများအပေါ် ထိုရောဂါ၏ အကျိုးသက်ရောက်မှု အနည်းဆုံးဖြစ်စေရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များကလည်း ကျရာကဏ္ဍမှ မလွဲမသွေ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ပြည်သူသာလျှင်အဓိက ဆိုသည့်အတိုင်း သက်ဆိုင်ရာဝန်ကြီး ဌာနကထုတ်ပြန်ထားသည့် (COVID-19)နှင့် ပတ်သက်သည့် ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေးအချက်အလက် များကို နိုင်ငံတစ်ဝန်းလုံး လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း။
နိဂုံးချုပ်အနေဖြင့် လွှတ်တော်ရပ်နားထားစဉ်ကာလတွင် မိမိတို့ကို ရွေးချယ်တာ ဝန်ပေးလိုက်သည့် မဲဆန္ဒနယ်အသီးသီးမှ မဲဆန္ဒရှင် ပြည်သူများထံ အရောက်သွားပြီး ပြည်သူ့အသံကို အလေးထားမှတ်သား နားထောင်ကြပါ။ ဒေသဖွံ့ဖြိုးရေးကိစ္စများတွင် စေတနာအပြည့်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါ။ ဥပဒေနှင့်အညီ မှန်ကန်စွာ ဆောင်ရွက်ကြပါ။ ပြည်ထောင်စုကိုသာ မျက်နှာမူပြီး ပါတီစွဲ၊ လူမျိုးစွဲ၊ ဝါဒစွဲများ မထား ဘဲ ပြည်သူ့အကျိုးအတွက် ဦးစားပေးပြီး ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြပါ။ အရည်အချင်းပြည့်ဝသည့် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် နိုင်ငံတော်နှင့် နိုင်ငံသား များ၏ အကျိုးစီးပွားကို စဉ်ဆက်မပြတ် ကာကွယ် မြှင့်တင် ဆောင်ရွက်ကြပါ။ တရားဥပဒေစိုးမိုး ရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ပြည်သူနှင့်အတူ ပူးပေါင်း ကာကွယ် ဆောင်ရွက်ပေးကြပါဟု မှာကြားလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက် မြောက်နေ့ ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပပြီးစီးကြောင်း ကြေညာသည်။
အေးအေးသန့်(သတင်းစဉ်)