လောကတွင် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူ၍ မရပ်မနား လည်ပတ်နေသည်။ လူတို့အနေဖြင့် ကုန်လွန်ခဲ့သော အတိတ်ကာလက အဖြစ်အပျက်များကို များသောအားဖြင့် မေ့ပျောက်သွားလေ့ရှိကြသည်။ သို့သော် မမေ့ပျောက်နိုင်သော ထူးထူးခြားခြား ရှားရှားပါးပါး အကြောင်းကိစ္စများလည်း ရှိကြပါသည်။ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းတွင် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလတိုင်အောင် ပြည်သူအားလုံး မမေ့ပျောက်နိုင်အောင် စွဲထင်ကျန်ရစ်နေသော အကြောင်းကိစ္စသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသားခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရခြင်းဖြစ်သည်။
တိုင်းရင်းသားပြည်သူအားလုံး လေးစားမြတ်နိုး ဂုဏ်ယူကိုးစားတန်ဖိုးထားသော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့ရခြင်းကို ယူကျုံးမရ ဖြစ်ကြရသည်။ နှမြောတသ ဖြစ်ကြရသည်။ ဝမ်းနည်းပူဆွေးကြရသည်။ စိတ်မကောင်း ဖြစ်ကြရသည်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလတိုင်အောင် အောက်မေ့သတိရလျက် ရှိနေကြသည်။ တိုင်းပြည်နှင့်လူမျိုးအတွက် ဘဝကိုပေးဆပ်၍ မနေမနား ကြိုးပမ်းအားထုတ်ခဲ့ပြီး လွတ်လပ်ရေးအောင်ပန်းကို ဆွတ်ချူရန် လက်တစ်ကမ်းအလိုတွင် အကြံပက်စက်သည့် မသမာသူနှင့် ရက်စက်ယုတ်မာသည့် အကြမ်းဖက်သမားတို့၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရသည်။
တိုင်းပြည်နှင့်လူမျိုးအတွက် တန်ဖိုးမဖြတ်နိုင်သော၊ တန်ဖိုးကြီးမားသည့် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသဖြင့် ယူကျုံးမရ ဖြစ်ကြရသည်။ လောကတွင် ကာမအမှောင်သည် အမိုက်မှောင်ဆုံးဟု ဆိုကြသည်။ ကျွန်ုပ်တို့အလိုအရ နိုင်ငံရေး အမိုက်မှောင်ကို ပို၍အမိုက်အမှောင်ဆုံးဟု ဆိုချင်သည်။ ယင်းကို ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရမှုက သက်သေပြထားသည်။ ကာမအမိုက်မှောင်သည် လူတစ်ဦး၊ အသိုင်းအဝိုင်းတစ်ခုကိုသာ ထိခိုက်မှုရှိသော်လည်း နိုင်ငံရေးအမိုက်မှောင်သည် တစ်တိုင်းပြည်လုံးနှင့် လူအများအား ထိခိုက်နစ်နာစေခြင်း သို့မဟုတ် အမိုက်မှောင်ဖုံးစေခြင်းကို ဖြစ်စေသည်။ ထို့ကြောင့် နိုင်ငံရေးအမိုက်မှောင်သည် အမိုက်မှောင်ဆုံးတွင် အမှောင်ဆုံးဟုဆိုချင်သည်။
အာဏာရလိုမှု၊ အာဏာလက်လွှတ်ရမှုကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော အာဃာတနှင့် အမုန်းတရားများ ကြီးထွားလာသောအခါ ယုတ်မာပက်စက်သည့် မကောင်းသည့် အကြံအစည်များ ဖြစ်ပေါ်လာသည်။ အာဏာယစ်မူးနေသော နိုင်ငံရေးသမားတစ်ဦး၏ စေခိုင်းမှုကြောင့် ပြည်သူတစ်ရပ်လုံး ချစ်မြတ်နိုးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များကို အကြမ်းဖက်သမားတစ်စုက ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။ ဤအဖြစ်ဆိုးသည် တိုင်းပြည်အတွက် ဝမ်းနည်းကြေကွဲစရာသာမက သင်ခန်းစာယူစရာအဖြစ် သတိပြုဆင်ခြင် ရှုမြင်ရမည်ဖြစ်သည်။
မျက်မှောက်ကာလတွင် မြန်မာနိုင်ငံ၌သာမက နိုင်ငံအချို့တွင်ပါ အစွန်းရောက် နိုင်ငံရေးသမားတို့၏ သွေးထိုးလှုံ့ဆော်ပေးမှုများကြောင့် ပဋိပက္ခများ၊ ဆူပူသောင်းကျန်းမှုများ၊ အကြမ်းဖက်တိုက်ခိုက်၊ သတ်ဖြတ်မှုများ ပေါ်ပေါက်လာသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အစွန်းရောက်နိုင်ငံရေးသမားများက အာဏာရလိုမှု၊ အာဏာလက်လွှတ်လိုက်ရမှုကို အကြောင်းပြု၍ အကြမ်းဖက်လမ်းစဉ်ကို ရွေးချယ်လာကြသည်။ “ကြွက်မနိုင် ကျီမီးနှင့်ရှို့” ဆိုသကဲ့သို့ တိုင်းပြည်အလုံးစုံ ပျက်သုဉ်းအောင်ပင် ပြုလုပ်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံရေးအမိုက်မှောင် ဖုံးနေသူများ၊ အသိမဲ့သူ၊ အသိဉာဏ်ဆင်ခြင်တုံတရား နည်းပါးသူနှင့် လူမိုက်များအား သွေးထိုးမြှောက်ပင့် ထောက်ပံ့ပေးပြီး အများပြည်သူပိုင် အဆောက်အအုံ၊ ငွေကြေးပစ္စည်းများကို လုယက်ခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်ကြသည့်အပြင် အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့ သတ်ဖြတ်ကာ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားလာအောင် ပြုလုပ်နေကြသည်။
မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းတွင် ပြည်ပမှ သွေးထိုးလှုံ့ဆော် မြှောက်ပင့်ပေးမှုများ၊ ပြည်တွင်းမှ အစွန်းရောက် နိုင်ငံရေးသမားများ၏ နိုင်ငံနှင့်လူမျိုး ပျက်စီးအောင် ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်ခဲ့ကြသည့် မှတ်တမ်းများရှိသည်။ မျက်မှောက်ကာလတွင် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်၊ အစိုးရ၏ အုပ်ချုပ်ရေးယန္တရား မလည်ပတ်စေရန် CRPH၊ NUG အကြမ်းဖက်အဖွဲ့အစည်းများက PDF အမည်ခံ အကြမ်းဖက်သမားများကို သွေးထိုးမြှောက်ပင့် ထောက်ပံ့ပေးပြီး နိုင်ငံအတွင်း၌ အကြမ်းဖက်တိုက်ခိုက်မှုများ၊ အပြစ်မဲ့ပြည်သူ ရဟန်းရှင်လူများအား သူလျှို၊ ဒလန်ဟုစွပ်စွဲပြီး ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်မှုများ၊ အများပြည်သူ ငွေကြေးဥစ္စာပစ္စည်းများကို လုယက်ယူငင် ဖျက်ဆီးမှုများ ပြုလုပ်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံရေးအစွန်းရောက်နှင့် အကြမ်းဖက်သမားတို့၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည့် (၇၅)နှစ်မြောက် ယနေ့ကာလတွင် ခေတ်သစ်နိုင်ငံရေး အစွန်းရောက်နှင့် အကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူများ သေကျေဒဏ်ရာရအောင် ယုတ်မာပက်စက်မှုများအား ဝိုင်းဝန်းဆန့်ကျင် ရှုတ်ချတိုက်ဖျက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။