နေပြည်တော် မတ် ၂၅
ကမ္ဘာတစ်ဝန်းတွင်ဖြစ်ပွားနေသော COVID-19 ရောဂါရိုက်ခတ်မှုကြောင့် ဖြစ်ပေါ် သက်ရောက်နေသည့် အခက်အခဲ အကြပ် အတည်းများအပေါ် ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်း များကို ဆွေးနွေး အဖြေရှာ နိုင်ရေးအတွက် သုံးပွင့်ဆိုင် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့်အတူ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အလုပ်သမားကိုယ်စားလှယ်များနှင့် အလုပ်ရှင် ကိုယ်စား လှယ်များ ဌာနဆိုင်ရာမှတာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးသည် ကမ္ဘာတစ်ဝန်း၌ ဖြစ်ပွားလျက်ရှိသည့် COVID-19 ရောဂါရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်သက်ရောက်နေသည့် အခက်အခဲ၊ အကြပ်အတည်း များအပေါ် ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးအဖြေ ရှာနိုင်ရေးအတွက် ကျင်းပပြုလုပ်ခြင်း ဖြစ်ပါကြောင်း။
COVID-19 ရောဂါကြောင့် ကုန်ကြမ်းပြတ်လပ်ခြင်း၊ အမှာစာမရရှိခြင်း၊ အရှုံးပေါ်ခြင်းနှင့် အခြားအကြောင်းအရင်း တို့ကြောင့် စက်ရုံ၊ အလုပ်ရုံများ အပြီးပိတ်သိမ်းခြင်း/ ယာယီပိတ်သိမ်း ခြင်း/ အင်အား လျှော့ချခြင်းများ၊ အလုပ်ရှင်/ အလုပ်သမား အငြင်းပွားမှုများ၊ အလုပ်သမားဆန္ဒပြမှု များ၊ အလုပ်လက်မဲ့ပြဿနာများ ဖြစ်ပေါ်လာနိုင်ခြင်း၊ ပြည်ပ နိုင်ငံများသို့ အလုပ်သမားစေလွှတ်မှု လုပ်ငန်းစဉ်များ ယာယီ ရပ်ဆိုင်းခြင်းတို့ကြောင့် ဖြစ်ပေါ်လာနိုင်မည့်အခြေအနေ များကို အချိန်နှင့် တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်အတွက် ဦးစီးဌာနများအလိုက် လုပ်ငန်းအစီ အမံများ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း။
လုပ်ငန်းရှင်များအနေဖြင့်လည်း ကြုံတွေ့နေရသည့် အခက်အခဲ အကြပ်အတည်းများနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြသည့် နိုင်ငံခြားသားပိုင် စက်ရုံ၊ အလုပ်ရုံများ၊ CMP စနစ်ဖြင့်လုပ်ကိုင်သည့် စက်ရုံ၊ အလုပ်ရုံများ၊ COVID–19 ရောဂါနှင့် ဆက်စပ်၍သော်လည်းကောင်း၊ အခြားကုန်ကြမ်းပြတ်တောက်မှုနှင့် အခြားသော အကြောင်း တစ်ခုခုကြောင့်သော်လည်းကောင်း၊ စက်ရုံ၊ အလုပ်ရုံများပိတ်သိမ်းခြင်း၊ လုပ်သားအင်အား လျှော့ချခြင်း များ ရှိသကဲ့သို့ ယခု COVID – 19 ရောဂါဖြစ်ပွားခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ နှစ်ဆန်းပိုင်းမှစပြီး စက်ရုံ၊ အလုပ်ရုံ အသစ်များ ထပ်မံဖွင့်လှစ် လျက်ရှိသည်ကိုလည်း စိစစ် တွေ့ရှိရပါကြောင်း။
ထိုပြင် စက်ရုံ၊ အလုပ်ရုံများရှိအလုပ်သမားများကလည်း အလုပ်ဆက်လက်လုပ်ကိုင် လိုကြပြီး အလုပ်ရှင်များကလည်း အလုပ်သမားလျော့ချခြင်း၊ ပိတ်သိမ်းခြင်းမပြုလုပ်လိုကြကြောင်း သိရှိရပြီး ၎င်းအခြေအနေကို ဆက်လက်ထိန်းသိမ်း နိုင်ရေး ဆက်လက်လုပ်ဆောင်သွားရန် လိုကြောင်း၊ လတ်တလောတွင် အလုပ်သမားများ၏ ပုံမှန်အလုပ်အကိုင် အခွင့်အလမ်းများ စီးဆင်းမှုများ ပြတ်တောက်သွားမှု မရှိနိုင်သေးသည်ကို တွေ့ရှိရပါကြောင်း၊ အလုပ်သမားများ၏ အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖော်ဆောင်ပေးနိုင်ရေးအတွက်ဝန်ကြီးဌာနအနေဖြင့် ဆက်လက်ကြိုးပမ်းဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း။
ယခုအချိန်တွင် အခွင့်အရေးများ၊ အခွင့်အလမ်းများနှင့် ပတ်သက်၍ အငြင်းပွားမနေဘဲ လုပ်ငန်းခွင်များ ပုံမှန်လည်ပတ်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ တည်တံ့နေစေရေးတို့ကို ပိုမို အလေးထားသုံးသပ် ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ အလုပ်ရှင်၊ အလုပ်သမား ကျောချင်း ကပ်ပြီး ကြုံတွေ့လာမည့် ပြဿနာများ၊ အခက်အခဲများ၊ စိန်ခေါ်မှုများကို မည်ကဲ့သို့ ဖြေရှင်း ကျော်လွှားကြမည်ဆိုသည်ကို ရင်းနှီးပွင့်လင်းသည့် ဆွေးနွေးအဖြေရှာမှုများအား အမြန်ဆုံး ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း။
နိုင်ငံတော်အနေနှင့် အထည်ချုပ်လုပ်ငန်းများအပါအဝင် ဟိုတယ်ခရီးလုပ်ငန်း၊ အသေးစား စက်မှုလက်မှုလုပ်ငန်း များအတွက် ငွေကျပ်ဘီလီယံ ၁၀၀ ကို သက်သာသောနှုန်းထားဖြင့် အလုပ်သမားများ၊ လုပ်ငန်းရှင်များအတွက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ စက်ရုံအလုပ်ရုံများတွင် COVID – 19 ရောဂါအသိပညာပေးမှုများကို ဝန်ကြီးဌာန၊ အလုပ်သမား၊ အလုပ်ရှင်များ ပူးပေါင်း လုပ်ဆောင်လျက်ရှိရာ ဆက်လက်၍ အရှိန်အဟုန်မြှင့်လုပ်ဆောင်သွားရန် လိုကြောင်းပြောကြား သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အလုပ်သမား၊ အလုပ်ရှင် ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက COVID-19 ရောဂါရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်သက် ရောက်နေသည့် ရင်ဆိုင်နေရသည့် အခက်အခဲ၊ အကြပ် အတည်းများအပေါ် ဖြေရှင်းဆောင်ရွက်နိုင် မည့် နည်းလမ်းများအား ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)