ရန်ကုန် မတ် ၂၅
(၇၅)နှစ်မြောက် စိန်ရတု တပ်မတော် နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းသို့ စာအုပ်စာစောင်များ လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက အဆိုပါ ဖောင်ဒေးရှင်း၌ ကျင်းပသည်။
ရှင်းလင်းပြောကြား
ရှေးဦးစွာ ဒုတိယဝန်ကြီး (ငြိမ်း) ဗိုလ်မှူးကြီး သိုက်ထွန်း(ငြိမ်း)က ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၃၃)၏ (၅၅)နှစ်ပြည့် မြရတုမှတ်တမ်း လွှာစာအုပ် ၁၅၀ ကို ပေးလှူပြီး စာအုပ် လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ဦးဝင်းချို ဓူဝံစာအုပ်တိုက်က လှူဒါန်းသည့် စာအုပ် ၅၈၅ အုပ်ကို ဦးကြည်ဝင်း (လောကအမွန်) ကလည်းကောင်း၊ စာရေးဆရာမကြီး သထုံမလေးနွယ်၏ အမှတ်တရစာစု များ စာအုပ် ၁၀၀ ကို မြင်းမူ မောင်နိုင်မိုး ကလည်းကောင်း၊ စာရေး ဆရာမကြီး နတ်မောက်အနီချို၏ စာအုပ် ၅၀ ကို ဦးကြည်ဝင်း (လောကအမွန်) ကလည်းကောင်း၊ ဦးတင်ထွန်း (မန္တလေး)က လှူဒါန်း သည့် Blessings in Disguise စာအုပ် ၃၀၀ ကို ဦးတင်ထွန်း၏ ကိုယ်စား ဒေါ်နီနီမြင့်က လည်းကောင်း ပေးအပ်ကြရာ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဗိုလ်မှူးကြီး ညွန့်ဆွေ(ငြိမ်း) (စာရေးဆရာ မောင်ဆွေသက်)က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်