Skip to main content

ကျွန်တော်တို့အားလုံး ကာကွယ်ကြမယ်

၂၀၀၃ ခု မတ် ၈ ရက် (စနေနေ့) ။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ ပြင်သစ်ဆေးရုံ ။

"တကယ်တော့ ဒီကိတ်မုန့်ကို ကျွန်တော်မစားသင့်ဘူး။ ရောဂါပိုးတွေ ပါချင်ပါနေမှာ" ဒေါက်တာ အူရ်ဘာနီ သည် ကိတ်မုန့်ကိုစားရင်း ရယ်ပွဲဖွဲ့လိုက်သည်။ နားထောင် နေသောသူများမှာ ရယ်ဖို့ခက်ခဲ စွာ ကြိုးစားနေရလေသည်။

ထိုဆေးရုံတွင် ထူးဆန်းသော ကူးစက်ရောဂါဖြစ်ပွားနေသည်။ ကူးစက်ခံရသူများမှာ ဖျားနာ၊ အသက်ရှူ ကျပ်၍ သေနေကြ၏။ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းများမှာ ဖျားလျှင် ဓာတ်မှန်ရိုက်ကြည့် သောအခါ အဆုတ်ထဲတွင် ပိုးဝင်၍ အမည်းရောင်နေရာများမှာ ဖြူ၍နေသည် ကိုတွေ့ရ၏။

Lock down

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရောဂါဗေဒပါရဂူဖြစ်သူ ဒေါက်တာအူရ်ဘာနီသည် WHO နှင့် ဆက်သွယ်ခြင်း၊ ဗီယက်နမ်အစိုးရနှင့် တိုင်ပင်ခြင်းပြုကာ ထိုဆေးရုံကို ပိတ်ချလိုက်၏။ Lock down ဟု ခေါ်လေသည်။

ဆေးရုံသို့ နောက်ထပ်လူနာ အလာမခံ။ ရှိပြီးသား အခြားရောဂါသည်များကို ဆေးရုံပြောင်းပစ်၏။ ရှိပြီး သား ကူးစက်ရောဂါသည်နှင့် ဆရာဝန်၊ ဆရာမများ၊ ဝန်ထမ်းများအားလုံး ဆေးရုံထဲမှာပိတ်၍ နေလိုက်ကြ၏။ အသေခံသွားကြ၏။ ဒေါက်တာအူရ်ဘာနီ (Dr.Urbani) ကိုယ်တိုင်လည်း ထိုကူးစက် ရောဂါဖြင့် ကွယ်လွန်၍ သွားခဲ့လေသည်။ မသေဘဲ ကျန်သူအနည်းငယ်မှာ တုပ်ကွေးရောဂါ သက်သာ စေနိုင်သည့် တာမီဖလူးဆေးဖြင့် အသက်ရှင်သွား၏။ ထိုအထဲတွင် ကျွန်တော့်မိတ်ဆွေ ဒေါက်တာ အော်လီဗီယာ (Dr. Olivier) လည်း ပါလေသည်။ နောက်တွင် သူ့အား ပြင်သစ်အစိုးရက သူရဲကောင်း ဘွဲ့ချီးမြှင့်ခဲ့၏။

၂၀၀၃ ခုနှစ်မှာ ဖြစ်ခဲ့သောရောဂါကို နောင်တွင် SARS ခေါ် ကူးစက်မြန်ပြင်းထန် အဆုတ်ရောဂါဟု အမည်တပ်၏။ ကိုရိုနာဗိုင်းရပ်စ်ပိုးဖြစ်ပြီး တရုတ်နိုင်ငံမှ တစ်ဆင့် ဟောင်ကောင်၊ ဟောင်ကောင်မှ ဗီယက်နမ်သို့ ကူးစက်လာပြီး ဟနွိုင်းမြို့ဆေးရုံတွင် လုံးဝရပ်တန့်သွားခဲ့လေသည်။ ထိုစဉ်က စင်ကာပူနှင့် အခြားနိုင်ငံအချို့သို့လည်း ရောဂါပြန့်ခဲ့၏။ တစ်ကမ္ဘာလုံးတွင် ရှစ်ထောင်ကျော်ကူးစက် ခဲ့ပြီး ရှစ်ရာကျော် သေဆုံးခဲ့ လေသည်။

၂၀၁၉ ဒီဇင်ဘာလကုန်ခါနီး။

တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့။

ကူးစက်မြန် ပြင်းထန်အဆုတ်ရောင်ရောဂါစတင် ဖြစ်ပွားပြီး ကူးစက်မှုမြန်ဆန်ခဲ့၏။ ယနေ့အထိ လူပေါင်း သုံးသိန်းခုနစ်သောင်းကျော် ကမ္ဘာတစ်ဝန်းမှာ ကူးစက်ပျံ့နှံ့သွား၏။ မြန်မာနိုင်ငံတွင်လည်း သုံးဦးတွေ့ရ ပါသည်။ ထိုပိုးသစ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးဖြစ်ပြီး COVID-19 ဟု အမည်တပ်ရလေသည်။

ယခုအခါ ဝူဟန်မြို့တွင် ရောဂါထိန်းချုပ်မှုမှာ ထိရောက်မှုရလာပေပြီ။ ဖြစ်သူတစ်ရာလျှင် နှစ်ဦး သေဆုံးနှုန်းရှိသဖြင့် ဝူဟန်တွင် လူလေးထောင်ကျော် သေခဲ့၏။ သို့သော် အီတလီနိုင်ငံမြောက်ပိုင်းတွင် ကူးစက်ပျံ့နှံ့သွားရာ၌ အသေအပျောက်နှုန်းသည် ဝူဟန် ထက်ကျော်လွန်၍ သွားပေပြီ။

အကြီးစားပိတ်ဆို့မှုကြီး ပြုလုပ်

ဝူဟန်မြို့မှာ မည်သို့သော (Lock down) ပိတ်ဆို့မှုများ လုပ်ခဲ့ပါသနည်း။ ဟနွိုင်းဆေးရုံ၏ နမူနာ အတိုင်း အကြီးစားပိတ်ဆို့မှုကြီး ပြုလုပ်ခဲ့သည်ကို တွေ့ရလေသည်။

ဟနွိုင်းမြို့ဆေးရုံတွင် ၂၀၀၃ ခု ဖေဖော်ဝါရီလ ၂၆ ရက် နေ့၌ ပထမဆုံးလူနာရောက်ခဲ့၏။ Lock down လုပ်ပြီး နှစ်လခန့်အကြာ ၂၀၀၃ ခု ဧပြီလ ၂၈ ရက်နေ့တွင် အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့သလို ဝူဟန် တွင်လည်း နှစ်လ ကျော်ကာလအတွင်း ထိန်းချုပ်နိုင်ကြောင်း တွေ့ရလေသည်။

ကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်

ပထမဆင့်- ရောဂါစတင်ရာ ဝူဟန်မြို့ကို ပိတ်ဆို့၍ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်၏။ ရောဂါဖြစ်ပွားခဲ့သော အရင်းမြစ်ဖြစ်သည့် ဝူဟန်ငါးဈေးကိုပိတ်၏။ WHO သို့ ၂၀၂၀ ဇန်နဝါရီလ ၃ ရက်နေ့တွင် သတင်းပို့၏။

ဒုတိယဆင့် - ၂၀၂၀ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ရောဂါမပြန့်ပွားရေးအတွက် မြို့ကိုအဝင်အထွက် လုံးဝပိတ်၏။ ကူးစက်ရောဂါကာကွယ်ရေးဥပဒေနှင့်အညီ ဆောင်ရွက်၏။ ရောဂါသည်အားလုံးကို ရှာဖွေကုသ၏။ ၎င်းတို့နှင့် ဆက်စပ်နေသူများကို ရှာဖွေကုသည်။ နေအိမ်တွင် နေစေ၏။ လူအများ စုဝေးမှုကို ပိတ်ပင်၏။ တရုတ်နှစ်သစ်ကူးကိုပင် ရွှေ့ဆိုင်းလိုက်၏။ တစ်ကိုယ်ရေ ကာကွယ်မှု၊ အခြားကို မကူးစက်ရန်ကာကွယ်မှု ပညာပေး၏။ ဆေးရုံသစ်ကြီးများဆောက်ကာ ထိန်းချုပ်၏။

စံကိုက်လမ်းညွှန်မှုများကို လိုက်နာစေ

တတိယဆင့်- အုပ်စုလိုက်ရောဂါဖြစ်ပွားမှုကိုရှာဖွေ၍ ထိရောက်စွာကုသ၏။ ရောဂါစစ်ခြင်း၊ ဆေးရုံ တက်ခြင်း၊ ကုသခြင်းများအတွက် “တစ်သွေးတစ်သံတစ်မိန့်” စနစ်ကို ကျင့်သုံး၏။ စံကိုက်လမ်းညွှန် မှုများကို လိုက်နာစေ၏။

ဤလုပ်ငန်းအဆင့်များတွင် ပံ့ပိုးသော မူဝါဒ၊ လူမှု စီးပွားတည်ငြိမ်မှုရှိရန် ထောက်ကူချက်၊ ခေါင်းဆောင် နှင့် လူထု၏ သဟဇာတရှိစွာ ပူးပေါင်းဆောင်ရွက်မှုများကို အခြေခံ၏။ ခေတ်မီနည်းပညာများဖြစ်သော အေအိုင် (Artificial Intelligence)နှင့် Big Data များကို အသုံးပြု၍ ရောဂါပြန့်ပွားမှုကို တော်လှန် ကာကွယ်ခြင်းများလည်း ပြုခဲ့ကြောင်း တွေ့ရလေသည်။ နောက်ပိုင်းတွင် ဆက်လက်၍ သုံးသော နည်းဗျူဟာမှာ ရောဂါအန္တရာယ်ကို ကာကွယ်ထိန်းချုပ်ခြင်း (Risk-based Prevention and Control) ကို ပြုလုပ်ခဲ့ကြောင်း ၂၀၂၀ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ထုတ် WHO- China Joint Report တွင် ဖော်ပြထားလေသည်။

တရုတ်နိုင်ငံမှတစ်ဆင့် ပျံ့နှံ့ကူးစက်ခံရသော အီတလီနိုင်ငံ သည် ၎င်း၏မြောက်ပိုင်းဒေသများကို Lock down ခေါ် ပိတ်ဆို့မှုများပြုလုပ်နေရပေပြီ။ တောင်ကိုရီးယားနိုင်ငံ၏ ဒေသအချို့တွင်လည်း ဤသို့ပြုလုပ်ရ၏။ ပြင်သစ် ၊ ဂျာမနီ၊ အင်္ဂလန်၊ စပိန်၊ အမေရိကတို့တွင်လည်း COVID-19 ပျံ့နှံ့မှု ကို ပြင်းထန်စွာ ကာကွယ်ခုခံနေရလေသည်။

အဆင့်ဆင့်ခွဲခြားထိန်းချုပ်ခြင်း (Quarantine) နှင့် မြို့ရွာအတွင်းမှာသာ လှုပ်ရှားစေခြင်း (Community Quarantine)

ဤသို့ကာကွယ်ရန်နည်းလမ်းမှာ လူနာရှာဖွေ၍ အဆင့်ဆင့်ခွဲခြားထိန်းချုပ်ခြင်း (Quarantine) သက်သက်ဖြင့် မရတော့ချေ။ မိမိတို့အိမ်တွင်းမှာသာ နေထိုင်ကြရုံနှင့် မလုံလောက်တော့ချေ။ ရောဂါပျံ့နှံ့မှု ရှိနေသော မြို့ရွာနေသူများ မှာ မိမိတို့ မြို့ရွာအတွင်းမှာသာ လှုပ်ရှားစေခြင်း (Community Quarantine) နည်းဗျူဟာကို အတိအကျ လိုက်နာဖို့ လိုတော့၏။

၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက်တွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးသည် COVID-19 ဗိုင်းရပ်စ်ပိုးကူးစက် ‌‌ရောဂါကို “ကမ္ဘာ့ကပ်ရောဂါ” ဟု သတ်မှတ်ကြေညာခဲ့ပြီးဖြစ်၍ မိမိတို့ ပြည်တွင်း ကူးစက်ရောဂါ ကာကွယ်ရန် ထုတ်ပြန်ထားသည့် ဥပဒေများသာမက ကမ္ဘာ့ကပ်ရောဂါ ထိန်းချုပ်မှုဆိုင်ရာ စည်းမျဉ်း ဥပဒေများကိုပါ တိကျစွာ လိုက်နာကြရပေတော့မည်။

မြန်မာနိုင်ငံသည်လည်း မိမိတို့ နိုင်ငံထဲသို့ ရောဂါပိုးဝင်ရောက်ကြောင်း မသိရှိခင်ကတည်းက မတ်လ ၁၃ ရက်နေ့မှစ၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်သော COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီကို ဖွဲ့စည်းခြင်း၊ ရောဂါဝင်ရောက်မှုမရှိရန် ဟန့်တားရုံသာ မက မသိနိုင်သေးသော ရောဂါမပြန့်ပွားအောင် တားမြစ်ခြင်းများစွာကို ဆောင်ရွက် ခဲ့ပါသည်။

သို့ဖြစ်၍လည်း ယခုအခါ ရှာဖွေတွေ့ရှိလာသော လူနာသုံးဦးအပေါ်မှီ၍ မထိန်းနိုင်မသိမ်းနိုင် ထိတ်လန့် ကြောက်ရွံ့စရာ နည်းသွားပါသည်။

သို့သော် ရောဂါရှိသူတစ်ဦး၏ ဝင်ရောက်လာရာ လမ်းကြောင်းမှာ မထင်မှတ်ဘဲရှည်လျားပြီး ထိခိုက် လွယ်သော တိုင်းရင်းသားတို့၏ ကျေးရွာအထိ ရောက်ရှိ၍ သွားပေပြီ။ ဤအခြေအနေတွင် ဒေသခံ တို့အား ရောဂါမပြန့်ပွားရေး၊ ထိုဒေသမှ အခြားဒေသများသို့ မပျံ့နှံ့ရေးအတွက် အစွမ်းကုန် ကာကွယ် ရပေတော့မည်။

ဤတွင် Community Quarantine ဟူသောအကန့် အသတ်များသာမက လိုအပ်ပါက ရောဂါရှိရာ ဒေသတွင် လူတို့အိမ်မှာသာ နေရပေလိမ့်မည်။ စားနပ် ရိက္ခာအတွက် တစ်အိမ်လျှင် တစ်ယောက်သာလျှင် အိမ်ပြင်သို့ထွက်၍ ဝယ်ယူခွင့်ပြုခြင်းကို ဝူဟန်မှာကဲ့သို့ ကျင့်သုံးနိုင်ပါသည်။ သို့အတွက် ရပ်ရွာထဲတွင် စားနပ် ရိက္ခာလုံလောက်စွာ ဖြည့်ထားဖို့ တာဝန်ရှိသူတို့က ကြိုးစားရပေလိမ့်မည်။ အကယ်၍ ရောဂါ ပြင်းထန်စွာ ပျံ့နှံ့ခဲ့လျှင်မူ ဒေသအစိုးရက တာဝန်ယူကာ စီမံခန့်ခွဲရေးနည်း၊ အုပ်ချုပ်ရေး နည်းများ သုံးရပေလိမ့်မည်။

၂၀၀၃ ခုနှစ်က SARS ရောဂါ ဗီယက်နမ်တွင် ထိန်းချုပ်မှု၊ ၂၀၂၀ ပြည့်နှစ်တွင် ဝူဟန်၌ COVID-19 ထိန်းချုပ်မှုများသည် နှစ်လခန့်မျှအတွင်း နိုင်နင်းသည် ကို တွေ့ရပါသည်။

မြန်မာပြည်သို့ရောက်လာသော COVID-19 ပိုးများသည် ကမ္ဘာတစ်ပတ်ပတ်၍ လာခဲ့သည်ဖြစ်ရာ အားနည်းသွားပြီဟု ယူဆရ၏။ အားနည်းသော ဗိုင်းရပ်စ်သည် အားနည်းသူ လူသားများအား မနှိပ် စက်နိုင်အောင် ကျွန်တော်တို့ ကာကွယ်ကြစို့။ ။

ဒေါက်တာခင်မောင်လွင်