နေပြည်တော် မတ် ၂၈
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းစာရှင်း လင်းပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ စစ်သမိုင်း ပြတိုက်၌ ပြုလုပ်သည်။
သတင်းစာရှင်းလင်းပွဲ မစတင်မီ တက်ရောက်လာကြသူများအား COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများက စမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးသည်။
ရှင်းလင်းပြောကြား
ထို့နောက် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ကောင်းခါး ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ စတင်ပေါ်ပေါက်လာပုံ၊ ၂၀၁၈ ခုနှစ် ဩဂုတ်လမှ ၂၀၂၀ ပြည့်နှစ် မတ် ၂၆ ရက်အထိ ကောင်းခါးကျေးရွာတစ်ဝိုက်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ လက်နက်၊ ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် မူးယစ် ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရရှိမှုအခြေအနေများ၊ တပ်မတော်မှ တာဝန်ရှိသူများနှင့် ကောင်းခါးပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီး ကောင်းခါးပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များမှ သိမ်းဆည်းရမိ လက်နက်၊ ခဲယမ်းများ အပါအဝင် လက်နက်မျိုးစုံ ၁၈၄၆ လက်၊ ကျည်မျိုးစုံ ၅၀၈၉၃၇ တောင့်၊ ဗုံးသီး၊ ဒုံးသီးမျိုးစုံ ၂၁၉၇ လုံး၊ လက်ပစ်ဗုံး ၁၀၉၅ လုံး၊ မိုင်း ၂၉ လုံးနှင့် ဆက်စပ်ပစ္စည်းများ အပ်နှံ၊ သိမ်းဆည်းရမိမှုအခြေအနေ၊ ကောင်းခါးပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တပ်မတော်မှ စားဝတ်နေရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များ ကူညီထောက်ပံ့ ပေးသွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ထို့ပြင် COVID-19 ရောဂါ ကာကွယ်၊ ကုသရေးနှင့် ပတ်သက်ပြီး မတ် ၂၃ ရက်တွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက မြောက်ဥက္ကလာပမြို့နယ်ရှိ အထွေထွေ ရောဂါကုဆေးရုံကြီး(ဝေဘာဂီ)နှင့် ပြည်သူ့ဆေးရုံများသို့ COVID-19 ရောဂါကုသရေးအထောက်အကူပြု ဆေးနှင့် ဆေးပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့မှု၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံများ၌ COVID-19 ရောဂါကုသရေး အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှု စစ်ဆေးခဲ့မှု၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နေပြည်တော်ရှိ တပ်မတော်ဆေးရုံများ၌ COVID-19 ရောဂါကုသရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့မှု၊ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများနှင့် ဆေးဝါးများအား နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ပေးအပ် လှူဒါန်းမှု၊ COVID-19 ရောဂါ ကာကွယ်၊ ကုသရေးနှင့် ပတ်သက်၍ အထူးဆေးရုံများအဖြစ် နေပြည်တော်၊ ရန်ကုန်၊ မိတ္ထီလာနှင့် အောင်ပန်းမြို့တို့တွင် တပ်မတော်ဆေးရုံ လေးရုံ (အရေးပေါ်လူနာအတွက် ရှစ်ခုတင်၊ ရောဂါပိုးတွေ့ရှိ လူနာအတွက် ၁၉၂ ခုတင်) ယခင်က ကြိုတင်ပြင်ဆင်ထားရှိ ရာမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မတ် ၂၃ ရက် ခရီးစဉ်အတွင်း ရန်ကုန်မြို့ မင်္ဂလာဒုံရှိ တပ်မတော် အသည်းရောဂါအထူးကုဆေးရုံကြီးအား ထပ်မံတိုးချဲ့ သတ်မှတ်၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့သည့် အခြေအနေ။
ကြိုတင်ပြင်ဆင်ထားရှိ
တိုင်းစစ်ဌာနချုပ်များအလိုက် သက်ဆိုင်ရာမြို့နယ် များရှိ ဆေးရုံ၊ ဆေးခန်းများသို့ ဆေးဝါးများနှင့် ဆေးရုံသုံး ပစ္စည်းများလှူဒါန်းခဲ့မှု၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီး ကျောင်းများနှင့် အခြားလူစည်ကားရာနေရာများတွင် ပိုးသတ်ဆေးဖျန်းခြင်းများအပါအဝင် သန့်ရှင်းရေးနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနေမှုအခြေအနေ များ၊ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ အခြားဘာသာဝင် ဘာသာရေးခေါင်းဆောင်များ၊ စစ်မှုထမ်းဟောင်းများ၊ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတို့၌ ကျန်းမာရေးစစ်ဆေး ဆောင်ရွက်ပေးမှုအခြေအနေ၊ မတ် ၂၇ ရက်တွင် တပ်မတော် သားများ၊ မိသားစုဝင်များနှင့် ဝေးလံခေါင်းပါးဒေသများရှိ ပြည်သူလူထုများအတွက် Surgical Disposable Mask (2-PLY) စုစုပေါင်း ၁၆၉၇၅၀ အား တပ်မတော်လေယာဉ် များဖြင့် နေပြည်တော်မှ ဒေသအသီးသီးသို့ ပို့ဆောင်ပေးခဲ့မှု၊ တပ်မတော်သားများ၊ မိသားစုဝင်များ၊ ဒေသခံပြည်သူများ အတွက် အထူးဆေးရုံများ၊ တိုင်းစစ်ဌာနချုပ်အလိုက် ဆေးရုံ များ၊ စစ်မြေပြင် ဆေးတပ်ရင်းများ အသင့်ပြင်ဆင်ထားရှိမှု အခြေအနေ၊ ဒေသအလိုက်ဆေးရုံ၊ ဆေးတပ်ရင်းများ၌ စုစုပေါင်း အရေးပေါ်လူနာခုတင် ၁၃၀ ၊ ရောဂါပိုးတွေ့ရှိလူနာ အတွက် ၁၁၃၁ ခုတင် ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ အရေးပေါ်သယ်ယူပို့ဆောင်ရေးအတွက် ရဟတ်ယာဉ်၊ လေယာဉ်များမှအစ ကြိုတင်ပြင်ဆင်ထားရှိမှုနှင့် အချို့ကိစ္စများတွင် သဘောတူညီချက်နှင့် ခွင့်ပြုချက်မရပါက လုပ်ငန်းများလုပ်ဆောင်ရန် ကန့်သတ်မှုရှိသည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် သတင်းဌာန အသီးသီးတို့က သိရှိလိုသည်များ မေးမြန်းမှုများအပေါ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်