Skip to main content

အာဆီယံစုစည်းညီညွတ်မှုကိုထိန်းသိမ်း

၁၉၆၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ အာဆီယံ ကြေညာစာတမ်းအား ထုတ်ပြန်၍ “တစုတစည်းတည်းသော အရှေ့တောင်အာရှဒေသကို ထူထောင်ရန်” ဟူသည့် အန္တိမရည်မှန်းချက်ဖြင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ စတင်ဖွဲ့စည်းစဉ်က ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ ငါးနိုင်ငံ ပါဝင်ခဲ့သည်။

အသင်းကြီး၏ ရည်မှန်းချက်မှာ ဒေသတွင်းနိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု စိတ်ဓာတ်နှင့်ငြိမ်းချမ်းသော၊ သာယာဝပြောသော၊ ညီညွတ်ပေါင်းစည်းသော အာဆီယံဒေသအဖြစ် တည်ဆောက်ရန် ရည်မှန်းချက်ဖြင့် မွေးဖွားလာခဲ့သည်။ အသင်းကြီး၏ရည်ရွယ်ချက်မှာ ဒေသတွင်းငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန်၊ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုရေး၊ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ရန်၊ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်ချင်းတူညီသည့် နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်တို့ဖြင့် ဖွဲ့စည်းခဲ့သည်။

အာဆီယံ၏ မွန်မြတ်သောရည်ရွယ်ချက်များနှင့် စွမ်းဆောင်မှုများကြောင့် ၁၉၈၄ ခုနှစ်တွင် ဘရူနိုင်း၊ ၁၉၉၅ ခုနှစ်တွင် ဗီယက်နမ်၊ ၁၉၉၇ ခုနှစ်တွင် လာအိုနှင့် မြန်မာ၊ ၁၉၉၉ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံတို့ဖြင့် အာဆီယံမိသားစုဝင် ၁၀နိုင်ငံ ဖြစ်လာခဲ့သည်။ အာဆီယံ၏ကောင်းမွန်မှန်ကန်သော စိတ်ဓာတ်များကြောင့် မူလရည်မှန်းချက်အတိုင်း မိသားစုဝင် ၁၀ နိုင်ငံ ပြည့်စုံခဲ့သည်။ အရှေ့တောင်အာရှဒေသတွင် ပါဝင်သောနိုင်ငံများ ပြည့်စုံမှသာ အာဆီယံသည် ပြီးပြည့်စုံခြင်း ဖြစ်စေသကဲ့သို့ အရှေ့တောင်အာရှဒေသ တစ်ခုလုံးကို ကိုယ်စားပြုပြီး ရည်ရွယ်ချက်၊ ရည်မှန်းချက်များ ပြည့်စုံစေသည်။

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်ဖြစ်လာသည့်အချိန်မှစ၍ အာဆီယံအဖွဲ့ကြီးက ချမှတ်ထားသော ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ အာဆီယံစိတ်ဓာတ်၊ အာဆီယံမူ၊ အာဆီယံပဋိညာဉ်တို့ကို လေးစားလိုက်နာပြီး လက်တွဲဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်က နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ပြီးနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများက မြန်မာနိုင်ငံနှင့်ပတ်သက်၍ (၁) အပစ်အခတ်ရပ်စဲရေး၊ (၂) သက်ဆိုင်သူအားလုံးပါဝင်ပြီး ငြိမ်းချမ်းစွာဖြေရှင်းရေး၊ (၃) အာဆီယံဥက္ကဋ္ဌ၏ ဖျန်ဖြေမှုကို လက်ခံရေး၊ (၄) အားလုံးနှင့်တွေ့ဆုံမည့် အာဆီယံကိုယ်စားလှယ်ကို လက်ခံရေး၊ (၅) အာဆီယံ၏ လူမှုရေးအကူအညီ လက်ခံရေးဟူသည့် တူညီဆန္ဒ(၅) ရပ်တို့ကို ဖော်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။

မြန်မာနိုင်ငံသည် တူညီဆန္ဒ(၅)ရပ်ကို တာဝန်သိအာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေဖြင့် လက်ခံခဲ့သည်။ မြန်မာနိုင်ငံ ပြည်တွင်းတည်ငြိမ်မှုအပေါ် မူတည်ပြီး နိုင်ငံ့ကောင်းကျိုးအတွက် အာဆီယံပဋိညာဉ်စာတမ်း၊ အာဆီယံနည်းလမ်းနှင့် အာဆီယံစိတ်ဓာတ်တို့နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းစွာ အသိပေးထားပြီးဖြစ်သည်။ အာဆီယံအနေဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကိစ္စကို ပြင်ပမှ မစွက်ဖက်ရေး၊ မနှောင့်ယှက်ရေး၊ အဖွဲ့ဝင်နိုင်ငံများအကြား နိုင်ထက်စီးနင်းမှုများမရှိရေး စသည့်မူလအခြေခံမူများကို လေးစားသင့်သည်။ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စကို ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နေမှုများအား လေးစားရန် လိုအပ်ပါသည်။

(၅၅)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပူးတွဲထုတ်ပြန်ချက်တွင် “မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများ” ခေါင်းစဉ်အောက်၌ မြန်မာနိုင်ငံက တူညီဆန္ဒ (၅)ရပ် အကောင်အထည်ဖော်ရာတွင် တိုးတက်မှုမရှိကြောင်း ဖော်ပြချက်သည် မြန်မာနိုင်ငံ၏ အမှန်တကယ်ကြိုးပမ်းဆောင်ရွက်မှုများကို မျက်ကွယ်ပြု၍ လျစ်လျူရှုရာရောက်နေပါသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပြင်ပနိုင်ငံများသည် မြန်မာနိုင်ငံအား ပုံမှန်အနေအထားရောက်ရှိရေးကို ကူညီရန် အမှန်တကယ်ဆန္ဒရှိသည်ဆိုပါက အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG နှင့် PDF တို့နှင့် ထိတွေ့ဆက်ဆံပြောဆိုမှုများအား အားပေးသည့် လုပ်ရပ်များကို ရှောင်ရှားရမည်ဖြစ်သည်။ ပကတိအခြေအနေများကို မှန်မှန်ကန်ကန် ထည့်သွင်းစဉ်းစားကာ မျှတစွာသုံးသပ်ပြီး တစ်ဖက်သတ် ဆောင်ရွက်ခြင်းမျိုး မပြုလုပ်သင့်ပါ။

သို့ဖြစ်ရာ ရေရှည်ခိုင်မာသော အာဆီယံအဖွဲ့ကြီးဖြစ်စေရန်အတွက် အာဆီယံ ပဋိညာဉ်စာတမ်းပါ သာတူညီမျှရှိမှု၊ အားလုံးပါဝင်နိုင်မှု၊ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်မစွက်ဖက်ရေး စသည့် အခြေခံမူများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက လိုက်နာမှသာလျှင် အာဆီယံ၏ စုစည်းညီညွတ်မှုကို ထိန်းသိမ်းနိုင်မည်ဟု ယုံကြည်ပါကြောင်း။။