Skip to main content

လယ်ဝေးမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေး တွေ့ဆုံဆွေးနွေးပွဲကျင်းပ

လယ်ဝေး     မတ်         ၂၉

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သီရိမင်္ဂလာခန်းမတွင် ယနေ့ နံနက်(၁၀)နာရီက ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေးတွေ့ဆုံဆွေးနွေးပွဲ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမျိုးအောင်က အမှာစကားပြောကြားရာတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများသည်လည်း ရှေ့တန်းမှ ပါဝင်ဆောင်ရွက်နေ့ရသည့်အတွက် အသိပညာပေး ဆွေးနွေးခြင်း ဖြစ်ပါကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်အဖြစ် ပြည်သူများနှင့် ပူးပေါင်း၍ စည်းရုံးဆောင်ရွက်သွားစေလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက် နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်ဝဏ္ဏစိုးက ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်နိုင် သည့်နည်းလမ်းများနှင့်ကာကွယ် ထိန်းချုပ်ရေးနည်းလမ်းများ၊ နိုင်ငံခြားမှ ပြန်လာကြသူများအား ၁၄ ရက်ကြာသီးခြားခွဲ၍ နေထိုင်ကြရန် အရေးကြီးသဖြင့် သတ်မှတ်နေရာ အဆောက်အဦများသို့ ရောက်ရှိစေရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းပြောကြားသည်။  ဆက်လက်၍ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးနေလင်းက နေပြည်တော်ကောင်စီနယ်မြေ အတွင်း ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက မေးခွန်းများမေးမြန်း ရာနေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးတို့က ပြန်လည်ရှင်းလင်းဆွေးနွေးသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင်ဦးတင်ထွန်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးကျော်မြင့်ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦး၊ နေပြည်တော်ကောင်စီအတွင်းရေးမှူးဦးနေလင်း၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ဒက္ခိဏခရိုင် အုပ်ချုပ်ရေးမှူး၊ လယ်ဝေးမြို့နယ်အုပ်ချုပ်ရေးမှူး၊ လယ်ဝေးမြို့ခုတင် ၁၀၀ ဆေးရုံအုပ်ကြီးနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ တက်ရောက်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများသို့ ယနေ့အထိနိုင်ငံခြားမှ ပြန်လည်ဝင်ရောက်လာ သူ (၆၁)ဦးအား (Community  Based Facility Quarantine) သတ်မှတ်ထားသည့် နေပြည်တော် စည်ပင် ဧည့်ရိပ်သာ (၁)တွင် ပို့ဆောင်ထားရှိ ကြောင်းသတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)