Skip to main content

ပြည်မြို့နယ်ရှိ ကိုရိုနာဗိုင်းရပ်စ်ရောဂါ စောင့်ကြည့်ရေးစခန်းများသို့ ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ကြည့်ရှုစစ်ဆေး

ပြည်  မတ် ၂၉

ပြည်မြို့နယ် သူနာပြုသင်တန်းကျောင်းတွင် ဖွင့်လှစ်ထားရှိသော ပြည်ပပြန်နိုင်ငံသားများ ကိုရိုနာဗိုင်းရပ်စ်ရောဂါ စောင့်ကြည့်ရေးစခန်းသို့ ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းထွန်းဦး လာရောက်ကြည့်ရှု ခဲ့ပြီး စောင့်ကြည့်ရေးစခန်းမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စိုးစိုးကြည်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်နှင့် ဦးကျော်ဇေယျတို့နှင့် တွေ့ဆုံခဲ့ကာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ စောင့်ကြည့်ရေးစခန်းအတွက် အလှူ‌‌‌ငွေကျပ်တစ်သိန်း ပေးအပ်လှူဒါန်းခဲ့ပြီး စခန်း၏ လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဝန်ကြီးနှင့်အဖွဲ့သည် စောင့်ကြည့်သူများအတွက် ပြုလုပ်ထားသည့် တိုးချဲ့ အဆောင်အား သွားရောက်ကြည့်ရှုခဲ့ပြီး ပြည်မြို့ခုတင် ၅၀၀ ဆေးရုံကြီးသို့ သွားရောက်ကာဆေးရုံအုပ်ကြီး ဒေါက်တာခင်မေသွင်နှင့် တွေ့ဆုံ၍ ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်၍ ပြင်ဆင်ထားရှိမှုအခြေအနေနှင့် လိုအပ်ချက်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် ဝက်ထီးကန် (အ.ထ.က) ကျောင်းတွင် ဖွင့်လှစ်ထားရှိ သော ကိုရိုနာဗိုင်းရပ်စ်ရောဂါ စောင့်ကြည့်ရေးစခန်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကာ စခန်း၏ အခြေအနေနှင့် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်မြို့နယ်တွင် မတ် ၂၆ ရက်က စတင်၍ Facility Quarantine (၄) နေရာ ဖွင့်လှစ်ထားရှိပြီး မတ် ၂၈ ရက် ည ၁၀ နာရီအထိ စာရင်းအရ Facility Quarantine ဖြစ်သည့် သူနာပြု သင်တန်းကျောင်း(ပြည်မြို့)တွင် ၆၄ ဦး၊ အခြေခံပညာအထက်တန်းကျောင်း(ဝက်ထီးကန်) တွင် ၅၈ ဦး၊ အခြေခံပညာအထက်တန်းကျောင်း(ပေါင်းတည်)တွင် ၄၅ ဦးနှင့် အခြေခံပညာ အထက်တန်းကျောင်း(လယ်ဘဲ့)တွင် ၃၈ ဦး စုစုပေါင်း ၂၀၅ ဦးရှိကြောင်း သိရပြီး  လက်ရှိ အခြေအနေတွင် စောင့်ကြည့်စခန်းများ၌ အဆိုပါရောဂါပိုးတွေ့ရှိသူ မရှိသေးကြောင်းသိရပြီး အဆိုပါ Facility Quarantine ဖွင့်လှစ်ထားသော နေရာများအတွက် ပြည်မြို့ရှိ အလှူရှင် ပြည်သူများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများက  အစားအသောက်များ လှူဒါန်းပေး လျက်ရှိကြောင်း သိရသည်။

မျိုးကျော်ကြီး(ပြန်/ဆက်)