Skip to main content

COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပန်းဘဲတန်းမြို့နယ်တွင် ရေဖျန်းခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများဆောင်ရွက်

ရန်ကုန် မတ် ၂၉

COVID - 19 ရောဂါကာကွယ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်ရှိ ဗိုလ်ဆွန်ပက်လမ်းနှင့် လမ်း(၃၀)အထက် ဘလောက်တို့တွင် ယနေ့မွန်းလွဲ ၂ နာရီမှစတင်၍ ရေဖျန်းခြင်းနှင့် ပိုးသတ်ဆေး ဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ပန်းဘဲတန်းမြို့နယ် (၈)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်ရွှေက “COVID - 19 ရောဂါပိုးကို ကာကွယ်တဲ့အနေနဲ့ ရေဖျန်းတယ်၊ ဆေးဖျန်းတယ်။ COVID-19 နဲ့ ပတ်သက်ပြီး အထွေထွေအုပ်ချုပ်ရေးမှူးရုံး(မြို့နယ်)က ညွှန်ကြားတဲ့အတိုင်း ဆက်လက်လုပ်ဆောင်နေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး သံသယလူနာ တွေ့ခဲ့ရင် ကူညီဆောင်ရွက်ပေးဖို့အတွက် အဖွဲ့ဖွဲ့ထားတယ်၊ ကျန်းမာရေးဦးစီးဌာန ညွှန်ကြားချက်အတိုင်း လိုက်နာလုပ်ဆောင်နေပါတယ်” ဟုပြောသည်။

ယနေ့ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ဗိုလ်ဆွန်ပက်လမ်း၊ ၂၉လမ်း ၊ လမ်း ၃၀ နှင့် ရွှေဘုံသာလမ်းတို့တွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ပန်းဘဲတန်းမြို့နယ် ရပ်မိရပ်ဖ ဦးမောင်မောင်က “ ဒီကနေ့ ၈ရပ်ကွက်မှာရှိတဲ့ လူကြီးလူငယ်နှင့် စုပေါင်းအလှူရှင်တွေပေါင်းပြီး ရေဖျန်းတယ်၊ ပိုးသတ်ဆေးဖျန်းတယ်။ အရင်ရက်တွေက ၅ ရပ်ကွက်နဲ့ ၃ရပ်ကွက်မှာ ဖျန်းပြီးပြီ။ အချို့မြို့နယ်တွေမှာလည်း စည်ပင်သာယာရေးကော်မတီ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ မြို့နယ်အလိုက် တာဝန်ရှိသူတွေ ပိုးသတ်ဆေးဖျန်းတာတွေ့ရတယ်။ ဘာသာရေးအဆောက်အဦးတွေနဲ့ ဝတ်ပြုဆောင်တွေမှာတော့ နဂိုရှိတဲ့ဝန်ထမ်းတွေပဲရှိတယ်။ နိုင်ငံတော်ကထုတ်ပြန် ထားတဲ့အတိုင်း ဝတ်ပြုခွင့် တွေကို ယာယီဆိုင်းငံ့ထားတယ်။ သက်ဆိုင်ရာဘာသာရေး ဆရာတွေရဲ့ ညွှန်ကြားချက်တွေအတိုင်း ဆောင်ရွက်နေပါတယ်”ဟုပြောသည်။

ပိုးသတ်ဆေးဖျန်းခြင်းများဆောင်ရွက်ရာတွင် လမ်းပလပ်ဖောင်းများ၊ လှေခါးခွင်များ၊ အခြေခံပညာကျောင်းများ ဘာသာရေးဆိုင်ရာအဆောက်အဦးများနှင့် ဝတ်ပြုကျောင်းဆောင်များကိုပါ ပိုးသတ်ဆေးဖျန်းခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆေးဖျန်းရာတွင် ပါဝင်ဆောင်ရွက်သူ ပန်းဘဲတန်းမြို့နယ် ၁၁ ရပ်ကွက်ရာအိမ်မှူး ဦးဝင်းအောင်ထံမှ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် COVID-19 ရောဂါကြိုတင် ကာကွယ်ရေးအတွက် ဆေးဖျန်းခြင်းလုပ်ငန်းများကို မတ်လ တတိယအပတ်မှ စတင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

သတင်း- ညွန့်ကိုကို

ဓာတ်ပုံ- ဖိုးထောင်